သတင်း

ပြည်ခိုင်ဖြိုး အမတ်ဟောင်း ဦးလှဆွေကို သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် အမတ်ဟောင်း ဦးလှဆွေကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ဖြင့် တရားစွဲခွင့်ပြုရန် မရမ်းကုန်းမြို့နယ်တရားရုံးတွင်  ယနေ့ (ဩဂုတ်လ ၆ ရက်) မနက်ပိုင်းက ဦးတိုက်လျှောက်ထားခဲ့ကြောင်း တရားလို အစ္စလာမ်ဘာသာရေးဆရာ ဦးဆန်းအောင်က ပြောဆိုသည်။

သို့သော်လည်း မရမ်းကုန်းတရားရုံးမှ တွဲဖက် မြို့နယ်တရားသူကြီးက ဦးလှဆွေ ဟောပြောခဲ့သည့် မြို့နယ်ဖြစ်သည့် ကျောက်တံတားမြို့နယ် တရားရုံးသို့ ပြန်လည် လွှဲပြောင်းပေးထားကြောင်း ၎င်းကပြောသည်။

အဆိုပါပုဒ်မမှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

ဩဂုတ်လ ၃ရက်နေ့က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သော အမေရိကန်အစိုးရက တပ်မတော်ခေါင်းဆောင်များကို ပိတ်ဆို့သည့်အပေါ် ရှုတ်ချသည့် ဆန္ဒပြပွဲတွင် ဘူးလက်လှဆွေဟု လူသိများသော ဦးလှဆွေက အမေရိကန်သံရုံးသည် ဗုဒ္ဓပုံရိပ်ကို မျက်နှာဖုံးတပ်ရဲသော်လည်း အမေရိကန်သံရုံးကို အကြမ်းဖက် ဗုံးခွဲမည်ကို ကြောက်လန့်၍ တမန်တော် မိုဟာမက်ပုံကို ထိုသို့မလုပ်ရဲကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ရန်ကုန် မရမ်းကုန်းမြို့နယ်တွင် နေထိုင်သည့် အစ္စလာမ် တရားဟောဆရာ ဦးဆန်းအောင်က အစ္စလာမ်ဘာသာဝင်များ၏ ဂုဏ်ပြုထိုက်သည့်ပုဂ္ဂိုလ် မိုဟာမက်ကိုအကြမ်းဖက် ဗုံးခွဲသမားအဖြစ် ပုံဖော် ပြောဆိုသွားသည့်အတွက် ဦးလှဆွေကို မရမ်းကုန်းတရားရုံးတွင် သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ဖြင့် စွဲဆိုထားကြောင်း အတည်ပြုပြောဆိုသည်။

ကျွန်တော် စိုးရိမ်တာတစ်ခုက ဥပဒေအကြောင်းရ မသွားဘူးဆိုရင် ဒီထက်ပိုဆိုးလာရင် ဥပဒေက မဆုံးမရင် နှစ်ဖက် လူ့အဖွဲ့အစည်းကြားမှာ ပေါက်ကွဲမှုတွေဖြစ်လာရင်။ ဒီအခြေအနေကိုပဲ သူက ဖန်တီးနေတာလား။ အဲဒီလိုဖြစ်လာရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ် ဟု ၎င်းကပြောသည်။

အစ္စလာမ် တရားဟောဆရာ ဦးဆန်းအောင်မှာ တိုက်ပုံဗလီဟု လူသိများပြီး မြန်မာမွတ်စလင်အများစု ဝတ်ပြုကိုးကွယ်ကြသည့် ရန်ကုန် ၅၉ လမ်းရှိ အစ္စလာမ်ဝတ်ကျောင်း၏ ဥက္ကဋ္ဌဖြစ်ပြီး ဘာသာပေါင်းစုံ ညီညွတ်ရေးအတွက် ဆောင်ရွက်နေသူလည်းဖြစ်သည်။

ဒီနေရာမှာ မိုဟာမက်ပဲပြောပြော၊ ဗုဒ္ဓကိုပဲပြောပြော၊ ယေရှုကိုပဲပြောပြော၊ သျှီဝကိုပဲပြောပြော ဘယ်သူ့ကိုပြောတာမှ ကျွန်တော်က မကြိုက်ဘူး။ ကျွန်တော်က အစ္စလာမ်ဖြစ်တဲ့အတွက်ကြောင့် အစ္စလာမ်ဘက်က ဂုဏ်ပြုထိုက်တဲ့ပုဂ္ဂိုလ်ကို မိုဟာမက်ကို အဓိကထားပြော တာပါ ဟု ယနေ့ နေ့လယ်ပိုင်းက Myanmar Now သတင်းဌာနကို ၎င်းက ပြောသည်။

အမျိုးသားလွှတ်တော် အမတ်ဟောင်း ဦးလှဆွေမှာ ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု အမျိုးသားလွှတ်တော် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။

ပြီးခဲ့သည့် လဆန်းပိုင်းကလည်း ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၏ ယာဉ်မောင်းက ဦးလှဆွေကို ‘နိုင်လွတ်လုံ’ ဟု ခေါ်ကြသည့် နိုင်ငံသားများ၏ ပုဂ္ဂလိကဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ရေးဥပဒေပုဒ်မဖြင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရဲစခန်းတွင် တရားစွဲခဲ့သည်။

ဦးလှဆွေကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ၎င်းကို သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုလိုက်သည့် ကိစ္စနှင့်ပတ်သက်ပြီး မသိရှိသေးကြောင်း၊ ထိုနေ့က မြို့တော်ခန်းမရှေ့တွင် ဟောပြောခဲ့သည့်အကြောင်းအရာများနှင့် ပတ်သက်ပြီးလည်း ဖြေကြားစရာမရှိကြောင်း ပြောသည်။

Show More

Related Articles

Back to top button