
ကိုဗစ်နိုင်တင်း (Covid-19) ကူးစက်ရောဂါကာလအတွင်း အချုပ်သားများကို ရုံးထုတ်စစ်ဆေးခြင်း မရှိသဖြင့် ဦးဝီရသူနှင့် ဦးလှဆွေအမှုကို အွန်လိုင်းမှတစ်ဆင့် ရမန်ပေးနေကြောင်း အနောက်ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသည့် ဦးဝီရသူ၏ ယနေ့ (ဇန်နဝါရီ ၁၂) ရုံးချိန်းကိုလည်း အွန်လိုင်းမှတစ်ဆင့် ရမန်ပေးမည်ဖြစ်ပြီး ၎င်း၏ရှေ့နေများနှင့် အွန်လိုင်းမှ ဆွေးနွေးခဲ့ကြောင်း အနောက်ပိုင်းခရိုင်တရားရုံး၏ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
ဦးလှဆွေ၏ ရုံးချိန်းကိုလည်း ယမန်နေ့ (ဇန်နဝါရီ ၁၁)တွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံ၍ ရမန်ပေးခဲ့ကြောင်း ၎င်းထံမှ သိရသည်။
ဦးဝီရသူအမှုနှင့် ပတ်သက်သည်များကို ယနေ့ စစ်ဆေးခဲ့ပြီးနောက် ချုပ်ရက် ရမန် (နှစ်ပတ်) ပေးကာ နောက်တစ်ကြိမ် ရုံးချိန်းသို့ ပြန်လည်ချိန်းဆိုလိုက်သည်။
“အမျိုးသားရေးသမားများ”အဖြစ် လူသိများသည့် ဦးဝီရသူနှင့် ဦးလှဆွေတို့သည် ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံး ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်ခံရနိုင်သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် တရားစွဲ ခံထားရသူများဖြစ်ပြီး တစ်နှစ်ကျော်ကြာ ရှောင်ပြေးနေပြီးနောက် လာရောက်အဖမ်းခံခဲ့ကြသည်။
အနောက်ပိုင်းခရိုင်တရားရုံး၌ ဦးဝီရသူသည် ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပမီ ၆ ရက်အလိုတွင် အဖမ်းခံပြီး ဦးလှဆွေသည် မဲမသမာမှု ဖြစ်ပွားသည်ဟု ကြွေးကြော်၍ ရွေးကောက်ပွဲအပြီး ဒီဇင်ဘာ ၂၈ တွင် လာရောက် အဖမ်းခံခြင်း ဖြစ်သည်။
အင်းစိန်ထောင်အတွင်းရှိ အချုပ်သားများကို ကိုဗစ်နိုင်တင်းရောဂါကူးစက်မှု ကာကွယ်ရန်ဟု ဆိုကာ ၂၀၁၉ နှစ်ကုန်ပိုင်းမှစ၍ အနောက်ပိုင်းခရိုင်တရားရုံးအပါအဝင် ရန်ကုန်တိုင်းရှိ ခရိုင်တရားရုံးအသီးသီးတွင် ရုံးထုတ်စစ်ဆေးခြင်း မရှိတော့ပေ။
၎င်းတို့နှစ်ဦးကို လက်ရှိတွင် အင်းစိန်ထောင်၌ ဖမ်းဆီးထားပြီး ဦးဝီရသူ၏ ပထမအကြိမ် ရုံးချိန်းဖြစ်သည့် နိုဝင်ဘာ ၃ ကတည်းက အွန်လိုင်းမှတစ်ဆင့် ရမန်ပေးခဲ့သည်။
ဦးဝီရသူ၏ ယနေ့ ရုံးထုတ်ကို အွန်လိုင်းမှ ရမန် ပေးခဲ့သော်လည်း ဦးဝီရသူကို ရုံးထုတ်စစ်ဆေးပေးရန် ၎င်းကို ထောက်ခံဝန်းရံသူ သံဃာများနှင့် အရပ်ဝတ်များအပါအဝင် စုစုပေါင်း လူဦးရေ ၄၀ ခန့်က ယနေ့ နံနက် ၉ နာရီ ခန့်က အနောက်ပိုင်းခရိုင်တရားရုံးရှေ့၌ ဆန္ဒပြခဲ့ကြသည်။
ဦးဝီရသူသည်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံကြောင်း မဟာဗန္ဓုလပန်းခြံရှေ့ ဟောပြောချက်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်အပါအဝင် မဏ္ဍိုင်ကြီးသုံးရပ်ကို စော်ကားဆဲဆိုသည်ဆိုကာ တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် အနောက်ပိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ၂၀၁၉၊ မေလတွင် တရားစွဲခဲ့ခြင်း ဖြစ်သည်။
တရားလို၏ ဦးတိုက်လျှောက်ထားချက်တွင် ဦးဝီရသူ၏ တနင်္သာရီတိုင်း၊ မြိတ်မြို့ ဟောပြောချက်များလည်း သက်သေအဖြစ် ပါဝင်သည်။
ဦးဝီရသူ၏ မြိတ်မြို့ဟောပြောချက်တွင် “နိုင်ငံခြားသားနဲ့ တွေ့ရင် ဖင်က ရမ်းချင်သေးတယ်။ ဒေါက်မြင့်ဖိနပ် တစ်ခွပ်ခွပ်နဲ့ လျှောက်ချင်သေးတယ်။ ဒီလောက် သရမ်းချင်တဲ့ဟာကို သမ္မတ တင်ချင်သေးတယ်” ဟု လည်းကောင်း၊ ” ကော်မရှင်ဖွဲ့လည်း ပြင်ပကကောင်တွေပဲ၊ အကြံပေးလည်း ပြည်ပက ကောင်တွေပဲ။ အတူအိပ်လည်း …။ ဒါကြီးကိုပဲ သမ္မတဖြစ်စေချင်သေးတယ်။ ဒါကြီး သမ္မတဖြစ်မယ်ဆို ကျုပ်တို့ နိုင်ငံနဲ့ ပြည်သူတစ်ရပ်လုံး ကုန်းသာပေးလိုက်ကြတော့” စသည့် ပြောဆိုမှုများ ပါဝင်သည်။
ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သည့် ဦးလှဆွေသည် ၂၀၁၉ ၊ ဩဂုတ် ၃ က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ဆန္ဒဖော်ထုတ်ပွဲအတွင်း ပြောကြားချက်နှင့် ပတ်သက်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ဖြင့် အမှုဖွင့် အရေးယူခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ဦးလှဆွေက “အမေရိကန်က လာဗုံးခွဲရင် ဝန်ကြီးများရုံးတို့၊ သမ္မတရုံးတို့၊ အစိုးရ အဖွဲ့ရုံးတို့၊ အတိုင်ပင်ခံရုံးတို့ ဗုံးကြဲရင် သဘောမတူဘူးလား။ အသာလေး ကြည့်နေလိုက်ပေါ့ ” ဟု လည်း ကောင်း၊ “ဗုံးကြဲစမ်းပါ။ အစိုးရအဖွဲ့ရုံးတွေ၊ ဝန်ကြီးရုံးတွေ၊ အကုန်လုံးသေပါစေ၊ အေးရော မဟုတ်ဘူးလား” ဟု ပြောဆိုခဲ့သည်။
၂၀၂၀ နှစ်ကုန်ပိုင်းတွင် ဝရမ်းပြေးဘဝဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများဖြစ်သည့် မဘသဦးဆောင်ဆရာတော် ဦးဝီရသူ၊ ဦးလှဆွေအပါအဝင် ဦးကိုနီအမှုမှ တရားခံများကို ထောက်ခံအားပေးသူ အမျိုးသားရေးသမားများဖြစ်ကြသည့် ဟိဏ်းဝေယံ၊ မြတ်ဘုန်းမို၊ အောင်လင်း၊ တင်လင်းထိုက်တို့လည်း လာရောက်အဖမ်းခံခဲ့သည်။