သတင်း

ရမ်းဗြဲတွင် ကမန်အမည်ဖြင့် မှတ်ပုံတင်ရထားသူများ ကမန်ဟုတ်မဟုတ် အငြင်းပွား

ရန်ကုန် — ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် ထောင်နှင့်ချီသော မွတ်စလင်များအား ‘ကမန်’တိုင်းရင်းသား အဖြစ် နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးခဲ့ပြီးနောက် ၎င်းတို့သည် ကမန်ဟုတ်မဟုတ်နှင့်ပတ်သက်၍ အငြင်းပွားလျက်ရှိသည်။

မြန်မာအစိုးရက တရားဝင်လက်ခံထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် ကမန်သည် တစ်ခုတည်းသော အစ္စလာမ်ကိုးကွယ်သည့် မျိုးနွယ်စု ဖြစ်သည်။

အဆိုပါအချက်ကို အသုံးချပြီး မှတ်ပုံတင်ရရန် ခက်ခဲလှသည့် ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာမှ အခြားမျိုးနွယ်စုဝင် အစ္စလာမ်ဘာသာဝင် ၃၃၀၀ ကျော်သည် ၂၀၁၇ ဒီဇင်ဘာမှ ၂၀၁၈ ဩဂုတ်အတွင်း ကမန်အဖြစ် မှတ်ပုံတင်ရယူ ခဲ့ကြကြောင်း ဒေသခံအချို့နှင့် ကမန်အမျိုးသားတိုးတက်ရေးပါတီတို့က စွပ်စွဲခဲ့ကြသည်။

ဒေသခံတချို့က ၎င်းတို့သည် ကမန်မဟုတ်ဟုဆိုသော်လည်း အချို့က ၎င်းတို့သည် ကမန်အစစ်အမှန်များဟု ဆိုပြန်သည်။

ရခိုင်အမျိုးသားကွန်ရက်၊ ကမန်အမျိုးသားတိုးတက်ရေးပါတီနှင့် ကျောက်နီမော်ဒေသခံ ရပ်မိရပ်ဖများသည် အဆိုပါ မှတ်ပုံတင်ပြဿနာကို စက်တင်ဘာ ၁၈ ရက်က မြန်မာဂျာနယ်လစ်ကွန်ရက်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပကာ ဝေဖန်ခဲ့ပြီး မှတ်ပုံတင်ထုတ်ပေးသည့် ကိစ္စကို ပြန်လည်စိစစ်ရန်လည်း အစိုးရထံ တောင်းဆိုခဲ့သည်။

ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က “ကမန်ဟာ ဘင်္ဂါလီရဲ့ထွက်ပေါက်ဖြစ်လာမလား” ဟု မေးခွန်းထုတ်ခဲ့ပြီး ဒေသခံများနှင့် ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆွေးနွေးမှုမရှိဘဲ အစိုးရက မှတ်ပုံတင် ထုတ်ပေးခြင်းသည် ကမန်လူမျိုးစုအတွက် အလွန်နစ်နာကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲ တွင်ဝေဖန်ခဲ့သည်။

ရခိုင်လူမျိုး ၂ဝ ရာခိုင်နှုန်းနှင့် ဒေသအခေါ် “ကုလား သို့မဟုတ် စစ်တကောင်းသား ဘင်္ဂါလီ” ၈ဝ ရာခိုင်နှုန်း အထိရှိသည့် ကျောက်နီမော်ကျေးရွာတွင် ကမန် ၂၀၀ ခန့်သာ ရှိသည်ဟုလည်း ဦးတင်ထူးအောင်က ဆိုသည်။

သို့သော် အဆိုပါအချက်အလက်ကို Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ကျောက်နီမော်မှ ကမန်မဟုတ်သည့် အစ္စလာမ်ဘာသာဝင်နှစ်ဦးက ကမန်မဟုတ်သူ ၃၃၀၀ ကျော်ကို ထောက်ခံချက် ပေးခဲ့ပြီး နေပြည်တော် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက မှတ်ပုံတင်ထုတ်ပေးခဲ့သည်ဟု ကျောက်နီမော်ကျေးရွာ ရပ်မိရပ်ဖ ဦးကျော်သန်းက ပြောသည်။

“အခုက ဘင်္ဂါလီကို ဘင်္ဂါလီက ထောက်ခံပြီး လုပ်လိုက်တယ်လို့ မြင်တယ်” ဟုကျောက်နီမော်ဒေသခံ တစ်ဦးလည်းဖြစ်သည့် ရခိုင်လူမျိုး ဦးဖြူလုံးက ပြောသည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနှင့် နိုင်ငံသားကတ်ပြားများထုတ်ပေးမှုကို လက်ခံနိုင်သော်လည်း တိုင်းရင်းသားမျိုးနွယ်စုနှင့် ဥပဒေပြဋ္ဌာန်းချက်များအပေါ် ရိုးသားမှု မရှိခြင်းကို လက်မခံနိုင်ကြောင်း ကမန်အမျိုးသားတိုးတက်ရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောသည်။

“ကျွန်တော်တို့(ကမန်တွေ) က အသုံးချခံပဲ ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

နေပြည်တော် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကတော့ ဌာနအနေဖြင့် ၎င်းတို့လုပ်ရမည့် လုပ်ငန်းများကိုသာ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အသေးစိတ်အခြေအနေကို နေပြည်တော်သို့ လာရောက်မေးမြန်းနိုင်ကြောင်း Myanmar Now ကို ပြောသည်။

“သူတို့ဘက်က သူတို့ ပြောချင်ရာပြောပါစေ။ ကျွန်တော်တို့ဘက်က ကျွန်တော်တို့ လုပ်ရမယ့်လုပ်ငန်း လုပ်မယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအေးလွင်က ပြောသည်။

ကမန်မဟုတ်သူများအား ကမန်ဟု ထောက်ခံပေးခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ထောက်ခံပေးသူ ကျောက်နီမော်ဒေသခံ ဦးစိုးမိုးသူက ငြင်းဆိုလိုက်သည်။

ရှေးယခင်ကတည်းကပင် လဝက၏ အမျိုးသားမှတ်ပုံတင် ပုံစံ ၁ တွင် လူမျိုးရခိုင်၊ ကိုးကွယ်သည့်ဘာသာ မဟာမေဒင် ဟု ပါဝင်သူတိုင်းကို ကမန်ဟူ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့သည်ဟု သူက ဆိုသည်။

“နေပြည်တော် အထူးလဝကအဖွဲ့က စိစစ်ပြီးတော့ သူတို့ နိုင်ငံသားပေးနိုင်တဲ့သူကိုနိုင်ငံသားကတ် ထုတ်ပေးခြင်းဖြစ်ပါတယ်” ၎င်းက ပြောသည်။

ယခုတစ်ကြိမ် နိုင်ငံသားကတ်ပြားရရှိရာတွင် ပါဝင်ခဲ့သည့် ကျောက်နီမော်ဒေသခံ ကမန်အမျိုးသား ဦးခင်မောင်မြင့်က သူ၏ဘိုးဘွားများသည် ၁၉၅၉ ခုနှစ်မှစ၍ သုံးခေါက်ချိုးမှတ်ပုံတင်ကိုင်ဆောင်လာပြီး ၎င်းအနေဖြင့်လည်း တရားဝင်ထုတ်ပေးခဲ့သည့် သုံးခေါက်ချိုး ကို ၁၉၈၄ ခုနှစ်ကတည်းက စတင်ကိုင်လာခဲ့ကြောင်း ပြောသည်။

သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် ပုဂ္ဂိုလ်များ၏ ဘိုးဘွားများသည် မိမိတို့၏ ဘိုးဘွားများနည်းတူ လဝက ပုံစံ (၁) တွင် လူမျိုး၊ ဘာသာ မှတ်တမ်းများသည် တူနေပါလျက် ယခုကဲ့သို့ အချင်းချင်းမဟုတ်မမှန် ပြောဆိုနေမှုသည် ၎င်းတို့နှင့် တန်းတူအခွင့်အရေးရရှိမည်ကို မနာလို၍ ပြောခြင်းဖြစ်ကြောင်း ဦးခင်မောင်မြင့်က ပြောသည်။

“မနာလိုလို့ပြောနေကြခြင်း ဖြစ်တယ် သူတို့လည်း ကမန်နဲ့ ယူထားတာပဲလေ။ သူတို့ ပုံစံ (၁)မှာလည်း ရခိုင်၊ ကိုးကွယ်သည့်ဘာသာ မဟာမေဒင် ဆိုရင် သူတို့ကျတော့ ကမန်နဲ့ယူထားပြီးတော့ ကျွန်တော်တို့ကို ကမန်နဲ့ပေးတာ မကျေနပ် တာကတော့ သူတို့ မနာလိုတာပဲလေ” ဟု ၎င်းက ပြောသည်။

(အောင်ထက်ဦးသည် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်၌ Liberal Art ဘာသာရပ် သင်ယူနေသည့် ကျောင်းသားဖြစ်ပြီး Myanmar Now တွင် သတင်းစာပညာအလုပ်သင် လုပ်ကိုင်နေသူ ဖြစ်သည်။)

Show More

Related Articles

Back to top button