
ကိုယ်ရေးအချက်အလက် (Biographic)၊ မျက်နှာသွင်ပြင်၊ လက်ဗွေစသည့် ဇီဝဆိုင်ရာအချက်အလက် (Biometric) တို့ကို ထည့်သွင်းမှတ်သားထားမည့် အီလက်ထရွန်နစ် မှတ်ပုံတင်စနစ်ကို စစ်ကောင်စီက ၎င်းတို့ ရုံးစိုက်ရာ နေပြည်တော်တွင် စတင် အသက်သွင်းနေသည်။
e-ID ဟု အတိုကောက် ခေါ်ဆိုကြသော၊ တစ်ထိုင်တည်း စစ်ဆေးနိုင်သော ထိုစနစ်ကို နေပြည်တော်ရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ၊ လူမှုရေးအသင်းနှင့် အစိုးရအဖွဲ့အစည်းများတွင် အကောင်အထည်ဖော်မည်ဟု နေပြည်တော်ကောင်စီက ဧပြီ ၃ တွင် ထုတ်ပြန်သည်။
မှတ်ပုံတင်ထားသည့် အချက်အလက်များကို နည်းပညာသုံးသိုမှီးစနစ်တစ်ခုအတွင်း သိမ်းဆည်းကာ ဂဏန်း ၁၀ လုံး ပါဝင်သည့် အမျိုးသားမှတ်ပုံတင်ကတ် (National Identity-NID) ပြန်လည်ထုတ်ပေးမည့် ထိုအစီအစဉ်ကို တစ်နိုင်ငံလုံးတွင် ဆက်လက်ဆောင်ရွက်မည်ဟု စစ်ကောင်စီက ပြောထားသည်။
လူဦးရေ ၁၀၀ အထက်ရှိသည့် နေရာများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကွင်းဆင်းဆောင်ရွက်မည်ဟု ဆိုသည်။
NID ရရှိပြီးပါက လက်ရှိသုံးစွဲနေသည့် ကတ်ထူစက္ကူဖြင့် ပြုလုပ်ထားသော နိုင်ငံသားစိစစ်ရေးကတ် ဆက်သုံးခွင့် ရှိမရှိကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ နေပြည်တော် ဥတ္တရခရိုင် လဝကရုံး ဦးစီးမှူးထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။
ထိုအစီအစဉ်ကို စစ်ကောင်စီက ယခုမှ လူသိရှင်ကြား ကြေညာခြင်း ဖြစ်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ အချက်အလက်များကို ယမန်နှစ်မှစ၍ ကောက်ခံပြီးဖြစ်ကြောင်း၊ ဝန်ထမ်းအချို့ကို NID ကတ် ထုတ်ပေးပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အမည်မဖော်လိုသည့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက အတူနေ မိသားစုဝင်များကိုမူ NID အတွက် အချက်အလက်ကောက်ယူခြင်း မရှိသေးဟု ပြောသည်။
“ကျွန်တော်တို့ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်လက်က သူတို့မှာ ရှိပြီးသားဆိုတော့ ပေးရလည်း ဘာမှ မထူးဘူးလေ” ဟု နေပြည်တော်မှ ထိုအမျိုးသားက ပြောသည်။
NID အတွက် ကိုယ်ရေးအချက်အလက် ပေးခဲ့ရသည့် အချိန်ကာလကိုမူ သူ၏ လုံခြုံရေးအရ ထိုသူက ထုတ်မပြောလိုပေ။
အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန့်ကျင်မှုများကြောင့် နိုင်ငံရှိ မြို့နယ်ထက်ဝက်ခန့်ကို ကောင်းစွာ မအုပ်ချုပ်နိုင်ဟု ဝန်ခံထားရသည့် စစ်ကောင်စီက ၎င်းတို့ အာဏာစက် အပြည့်အဝ သက်ရောက်သည့် နေပြည်တော်တွင် NID ကတ်ကို သုံး၍ လုံခြုံရေးကို ပိုမိုတင်းကျပ်လိုခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။
“လုံခြုံရေးအခြေအနေအရ အချက်လက်တွေကို သုံးပြီး ခြိမ်းခြောက်မှုတစ်ခုခုပေါ့။ မင်းတို့အချက်အလက်တွေ သိမ်းထားတယ်။ မွေးရာပါ အမှတ်အသားတွေ သိမ်းထားတယ်။ ဒါကြောင့်မို့လို့ ငါတို့သိနေတယ်။ ငါတို့ စိစစ်လို့ လွယ်တယ်၊ ဒီလိုသဘောလောက်ပါပဲ“ ဟု နေပြည်တော်တွင် စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်နေသည့် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
NID ကတ်စနစ် တပ်ဆင်မည့် နေရာတွင် ကွန်ပျူတာ၊ လျှပ်စစ်ဓာတ်အား၊ အင်တာနက်ချိတ်ဆက်နိုင်မှု၊ ကျွမ်းကျင်ဝန်ထမ်းတို့ လိုအပ်မည် ဖြစ်သည်။
NID ကတ်စနစ်ကြောင့် နိုင်ငံရေးသမားများ၊ တော်လှန်ရေးသမားများ တိမ်းရှောင်ရာတွင် အခက်တွေ့နိုင်သော်လည်း နေရာစုံတွင် ပုန်ကန်မှုများ ကြုံနေရသည့် စစ်ကောင်စီက နိုင်ငံအနှံ့အပြားတွင် အထည်ဖော်နိုင်မည်မဟုတ်ကြောင်း ရန်ကုန်မြို့ခံ တော်လှန်ရေးသမားတစ်ဦးက သုံးသပ်သည်။
“ဟိုတစ်ခါ မဲစာရင်းကောက်သလိုပဲ၊ အဖျားရှူးသွားလိမ့်မယ်” ဟု သူက ဆိုသည်။
ရွေးကောက်ပွဲ ပြန်လုပ်ပေးမည်ဟု လေသံပစ်ထားသည့် စစ်ကောင်စီက မဲစာရင်းကောက်ယူသည့် လုပ်ငန်းစဉ်အချို့ လုပ်ဆောင်ပြပြီးနောက်တွင် ထိုလုပ်ငန်းများ လုံခြုံရေးအကြောင်းပြ၍ ရွှေ့ဆိုင်းထားသည်ကို အထက်ပါ ရန်ကုန်မြို့ခံ တော်လှန်ရေးသမားက ရည်ညွှန်းခြင်း ဖြစ်သည်။
NID စနစ်အတွက် ခြေလှမ်းပြင်လာသည့် စစ်ကောင်စီက ၂၀၂၄ တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်မည်ဟုလည်း ဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)