
လူနည်းစုတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ကမန်အမျိုးသားတိုးတက်ရေးပါတီ၏ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းငါးဦးအနက် ဒေါ်မြင့်သိန်းမှာ တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည်။
တင်းကျပ်သော ဓလေ့ထုံးတမ်းနှင့် လူမှုအသိုင်းအဝိုင်းတွင် ကြီးပြင်းခဲ့သည့် ၅၆ နှစ်အရွယ် ကမန်တိုင်းရင်းသူ အစ္စလာမ်ဘာသာဝင် ဒေါ်မြင့်သိန်းအတွက် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက်မှာ လွယ်ကူခဲ့သည်တော့ မဟုတ်ပါ။ မိသားစုတာဝန်များကို စီမံပြီးမှသာ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရသည့်အတွက် အခက်အခဲများခဲ့သည်ဟု ၎င်းက ဆိုသည်။
“အရင်တုန်းက ကျွန်မတို့ လူမှုရေးအသိုင်းအဝိုင်းမှာ အမျိုးသမီးတွေက နိုင်ငံရေးနဲ့ မဆိုင်ဘူးဆိုတဲ့ အယူအဆတွေ ရှိပါတယ်။ ကျွန်မတို့ အနေနဲ့ကလည်း ကြိုးစားမှုရှိခဲ့တဲ့အတွက် ကမန်တိုင်းရင်းသား လူမှုအသိုင်းအဝိုင်းက တောင်းဆိုလာတဲ့အချိန်မှာ ဝင်ရောက်အရွေးခံဖို့အထိ ဖြစ်လာတာပါ” ဟု ဒေါ်မြင့်သိန်းက ပြောသည်။
ကမန်အမျိုးသားတိုးတက်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်သည့် ဒေါ်မြင့်သိန်းသည် ရန်ကုန်တိုင်းလွှတ်တော် တာမွေမြို့နယ် မဲဆန္ဒနယ် (၂) နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ရွေးကောက်ပွဲဝင်မည့် အမျိုးသမီး ၉၀၀ နီးပါးအနက် အစ္စလာမ်ဘာသာဝင်အမျိုးသမီး သုံးဦးရှိပြီး ဒေါ်မြင့်သိန်းမှာ တစ်ဦးအပါအဝင်ဖြစ်သည်။
ဒေါ်မြင့်သိန်း ကြီးပြင်းခဲ့သည့် ဒေသ၏ လူမှုအသိုင်းအဝိုင်းတွင် အမျိုးသမီးများ ပညာသင်ကြားရန် အခွင့်အရေးနည်းပါးခဲ့သော်လည်း ၎င်း၏ ဖခင်ဖြစ်သူမှာ ကျောင်းဆရာဖြစ်သည့်အတွက် ပညာရေးကို အားပေးခဲ့သည်။
ရခိုင်ပြည်နယ် စစ်တွေဇာတိ ဒေါ်မြင့်သိန်းသည် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်ပြီး မိသားစုစီးပွားရေးလုပ်ငန်းမှာ အထည်အလိပ်ဖြန့်ချိရေးလုပ်ငန်း ဖြစ်သည်။ ၎င်းသည် ရှစ်လေးလုံးအရေးတော်ပုံတွင် စီးပွားရေးတက္ကသိုလ် ဘွဲ့လွန်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် တစ်ဦးအဖြစ် ဝင်ရောက်လှုပ်ရှားခဲ့ဖူးပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင်တော့ ဝန်းရံသူတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။
ကမန်အခွင့်အရေးအတွက် ကမန်ကိုယ်စားလှယ်လောင်း
အစ္စလာမ်ဘာသာကို ကိုးကွယ်ယုံကြည်ကြသော ကမန်လူမျိုးများသည် အစိုးရက သတ်မှတ်ထားသော တိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်သော်လည်း ခွဲခြားဆက်ဆံမှုခံရမှုများ ရှိနေဆဲဖြစ်သည်ဟု ဒေါ်မြင့်သိန်းက ဆိုသည်။
“တိုင်းရင်းသားပေါင်းစုံပြပွဲတွေ လုပ်လို့ရှိရင် ကမန်တိုင်းရင်းသားတွေကို ချန်လှပ်ထားတာကို တွေ့ကြုံခဲ့ရပါတယ်” ဟု ဒေါ်မြင့်သိန်းက ပြောသည်။
ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်ပင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲပေးခွင့် ငြင်းဆန်ခံရသည့် ရန်ကုန်ရှိ ကမန်တိုင်းရင်းသားအချို့ကို မဲပေးခွင့်ရရေး ကူညီဆောင်ရွက်ပေးခဲ့ရသည်ဟုလည်း ဒေါ်မြင့်သိန်းက ဆိုသည်။
ကမန်လူမျိုးများသည် ရှေးရခိုင်ဘုရင်များလက်ထက်ကတည်းက ရခိုင်ပြည်နယ်တွင် အခြေချ နေထိုင်လာပြီး အစ္စလာမ်ဘာသာကိုးကွယ်ကာ ရခိုင်ဘာသာစကား ပြောဆိုကြသည်။
ဘာသာရေးလူမျိုးရေးအခြေပြုသည့် ၂၀၁၂ ရခိုင်ပဋိပက္ခနောက်ပိုင်းတွင် အစ္စလာမ်ကိုးကွယ်သူ ကမန်တိုင်းရင်းသား အများအပြားသည် နေရပ်စွန့်ခွာပြီး ရန်ကုန်သို့ ပြောင်းရွှေအခြေချလာခဲ့ပြီး သာကေတ၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ မှော်ဘီ၊ ထောက်ကြန့်၊ မင်္ဂလာဒုံ အစရှိသော မြို့နယ်များတွင် နေထိုင်ကြသည်။
သို့သော်လည်း ၂၀၁၄ သန်းခေါင်စာရင်းအတွက် လူဦးရေစာရင်း ကောက်ယူရာတွင် ကမန်လူမျိုးအရေအတွက်ကို ဖော်ပြနိုင်ခြင်းမရှိခဲ့သောကြောင့် ရခိုင်နှင့် ရန်ကုန်ရှိ ကမန်လူမျိုးအရေအတွက်ကို အတိအကျ မသိနိုင်ပေ။
ရန်ကုန် တာမွေမြို့နယ်တွင် အခြေစိုက်သည့် ကမန်အမျိုးသားတိုးတက်ရေးပါတီကို ရန်ကုန်ရောက် ကမန်လူမျိုးများက ၂၀၁၀ မတ်တွင် ဖွဲ့စည်းခဲ့ပြီး ဇူလိုင်တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည်။ ပါတီ၏ လေးနှင့် မြားအမှတ်တံဆိပ်မှာ ကမန်လူမျိုးများသည် ရှေးရခိုင်ဘုရင်များထံတွင် လေးသည်တော်များအဖြစ် အမှုထမ်းခဲ့သည်ကို ရည်ညွှန်းသည်ဟု သိရသည်။
ပါတီ၏ ရည်ရွယ်ချက်တွင် တိုင်းရင်းသားများ မွေးရာပါအခြေခံ လူ့အခွင့်အရေး ရရှိစေရန်နှင့် နိုင်ငံသားအခွင့်အရေး တန်းတူရစေရန်တို့ ပါဝင်ပြီး ပါတီဆောင်ပုဒ်မှာ “လူနည်းစုအခွင့်အရေးမြှင့်တင်ဖို့ လေးနှင့် မြားကို မဲပေးစို့” ဖြစ်သည်။

ရွေးကောက်ပွဲဝင်ရန် ဒေါ်မြင့်သိန်းကို တွန်းအားပေးခဲ့သည့် အဓိကအချက်မှာလည်း ကမန်တိုင်းရင်းသားများ၏ ပညာရေးနှင့် တန်းတူအခွင့်အရေးများရရှိနိုင်ရေး ကြိုးစားရန် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်ရှိ သက္ကယ်ပြင်၊ သဂ်နက် ၊ သာယာကုန်း အစရှိသော ကမန်ရွာများတွင် စာသင်ကျောင်းရှိနေသော်လည်း လာရောက်သင်ကြားပေးသော ကျောင်းဆရာ၊ ဆရာမများ မရှိဘဲ လုပ်အားပေးခန့်ထားသော ဆရာ၊ ဆရာမများသာ ရှိသည့်အတွက် ကမန်လူငယ်များ ပညာရေးကို စိုးရိမ်မိကြောင်း ဒေါ်မြင့်သိန်းက ပြောသည်။
“အရင်ခေတ်တွေတုန်းက ကမန်တိုင်းရင်းသားတွေက ပညာရေးကောင်းခဲ့သလောက် ၂၀၁၂ ခုနှစ် နောက်ပိုင်း ပညာရေးက ရိုက်ချိုးခံရသလို ဖြစ်ရပါတယ်။ လူငယ်တွေအတွက် ရင်လေးမိပါတယ်။ မှတ်ပုံတင် လုပ်တဲ့နေရာမှာလည်း အခုထိ အခက်အခဲတွေ ရှိနေတုန်းပါပဲ” ဟု ဒေါ်မြင့်သိန်းက ပြောသည်။
ရွေးကောက်ခံရပါက အမျိုးသမီးများတွက် အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး၊ လူထုထိခိုက်နစ်နာမှုများကို ဖြေရှင်းပေးရေးတို့အပြင် တာမွေမြို့နယ်အတွင်းရှိ လမ်းနှင့် နောက်ဖေးလမ်းကြားများ တိုးတက်ကောင်းမွန်ရေး၊ ဘတ်ဂျက်အလေလွင့်မရှိရေးတို့ကို တိုင်းဥပဒေပြုမဏ္ဍိုင်မှတစ်ဆင့် လုပ်ဆောင်လိုသည်ဟု ၎င်းက ဆိုသည်။
ပထမဆုံးအတွေ့အကြုံ
ကမန်အမျိုးသားတိုးတက်ရေးပါတီ ကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်ရန် ဒေါ်မြင့်သိန်းအပါအဝင် အမျိုးသမီးနှစ်ဦး တင်သွင်းရန် ပါတီက စီစဉ်ခဲ့သော်လည်း ကျန်တစ်ဦးမှာ မိသားစုအရးကြောင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ကမန်အမျိုးသားတိုးတက်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ လွှတ်တော်ခြောက်နေရာ၊ ၂၀၁၅ တွင် ရန်ကုန်၊ စစ်တွေနှင့် သံတွဲမဲဆန္ဒနယ်များ၌ လေးနေရာ ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။
ယခု ၂၀၂၀ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်၊ ရန်ကုန်တိုင်း တာမွေ၊ မင်္ဂလာတောင်ညွန့်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် တိုင်းလွှတ်တော်တစ်နေရာစီဖြင့် စုစုပေါင်း လွှတ်တော် ငါးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
“ဒေါ်မြင့်သိန်းက ဟိုးအရင်ကတည်းက ကမန်တိုင်းရင်းသားတို့ရဲ့အရေးကို စိတ်ဝင်စားတယ်။ ကျွန်တော်တို့ပါတီအနေနဲ့ ဒေါ်မြင့်သိန်းကို နိုင်ငံရေးအလုပ်တွေ လုပ်နိုင်တယ်လို့ ယုံကြည်လို့ ရွေးကောက်ပွဲ ဝင်ရောက်ဖို့ အားပေးခဲ့တာပါ ” ဟု ကမန်အမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှတိုးက ပြောသည်။
ဒေါ်မြင့်သိန်းအတွက် ပထမဦးဆုံး ရွေးကောက်ပွဲအတွေ့အကြုံလည်း ဖြစ်သလို ကမန်အမျိုးသားတိုးတက်ရေးပါတီအတွက် ရွေးကောက်ပွဲဝင်သည့် ပထမဆုံးအမျိုးသမီးလည်း ဖြစ်သည်။
“ကျွန်မသာ အနိုင်ရခဲ့ရင် ကမန်တိုင်းရင်းသားအရေး တစ်ခုတည်း မဟုတ်ဘဲ တခြားသော လူနည်းစု တိုင်းရင်းသားများနဲ့ နိုင်ငံသားတွေအတွက်ပါ အလုပ်လုပ်ပေးချင်ပါတယ်” ဟု ၎င်း၏ ယုံကြည်ချက်ကို ပြောသည်။
တာမွေမြို့နယ် မဲဆန္ဒနယ် ၂ တွင် ဒေါ်မြင့်သိန်းကိုယ်စားပြုသည့် ကမန်အမျိုးသားတိုးတက်ရေးပါတီအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) စသည့် နိုင်ငံရေးပါတီ ၇ ခုမှ ကိုယ်စားလှယ်လောင်း ၇ ဦး ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အင်အားကြီးပါတီများနှင့် ရင်ဆိုင်ရသည့် အခြေအနေဖြစ်သည့်အပြင် ကိုဗစ်ကာလကန့်သတ်ချက်များကလည်း အခက်အခဲပိုစေခဲ့သည်ဟု ဒေါ်မြင့်သိန်းက ဆိုသည်။
“ဒီနှစ်ရွေးကောက်ပွဲမှာ မနိုင်ခဲ့ရင်လည်း ကြိုးစားအားထုတ်မှုကို ကျွန်မ မလျှော့ပါဘူး။ နောက်လာမယ့် ရွေးကောက်ပွဲကြရင် နိုင်အောင် ကြိုးစားပါဦးမယ်” ဟု ၎င်းက ပြောသည်။