သတင်း

လူသတ်ရန် လမ်းပေါ်ထွက် အော်ဟစ်ခြိမ်းခြောက်သူကို ရန်ကုန်ရဲ ပြန်လွှတ်

ရန်ကုန်- စက်တင်ဘာ ၁၂ ရက် ည ၁ဝ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်အတွင်း မွတ်စလင်ဘာသာဝင်များကို သတ်ပစ်မည်ဟု တစ်လမ်းဝင် တစ်လမ်းထွက် အော်ဟစ်နေသူကို ဒေသခံပြည်သူတို့ ဝိုင်းဝန်း ဖမ်းဆီးခဲ့သော်လည်း ရဲတပ်ဖွဲ့က ထိုသူကို ညတွင်းချင်း ပြန်လွှတ်ပေးခဲ့သည်။

“ကုလားတွေ ဒီလမ်းထဲမှာရှိရင် ထွက်ခဲ့။ ကုလားကို သတ်မယ်။ မွတ်စလင်တွေကို ပြောတာ၊ ဟိန္ဒူတွေ မပါဘူး” ဟု အသက် ၂၇ နှစ် အရွယ်ခန့်ရှိသူ အမျိုးသားတစ်ဦးက လင်းလွန်းတောင်ရပ်ကွက်ရှိ ရွှေလောင်းလမ်း၊ ဝါးခယ်မလမ်း နှင့် ကျိုက်လတ်လမ်းများတွင် ဝင်ရောက်၍ အော်ဟစ်ခဲ့သည်။

ကျိုက်လတ်လမ်းအရောက်တွင် ရပ်ကွက်သူရပ်ကွက်သားများက ထိုသူကို ဖမ်းဆီး၍ ရဲထံ အပ်နှံခဲ့ကြောင်း၊ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့က လာရောက်အပ်နှံသူများကိုယ်တိုင် အမှုဖွင့်ရန် ပြောဆိုရာ အာဏာပိုင်တို့ကိုယ်တိုင် အရေးယူမည်ဟု ယူဆပြီး အမှုမဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးရာတွင် ပါဝင်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုစိန်လှိုင်က ဆိုသည်။

ထိုကဲ့သို့ အော်ဟစ်ခဲ့သူအောင်သိန်းထွေးသည် ကြည့်မြင်တိုင်ဘူတာတွင် မီးရထားဝန်ထမ်းအဖြစ် လုပ်ကိုင်နေပြီး ဘူတာရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်ကြောင်း DVB သတင်းဌာန သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောအခြေအနေများကြောင့် လူမျိုးရေးဘာသာရေး အပေါ်အခြေခံ၍ သွေးထိုးလှုံ့ဆော်ခြင်း၊ နိုင်ငံရေးအရ အမြတ်ထုတ်ရန် အဓိကရုဏ်း ဖန်တီးခြင်းတို့ ပြုလုပ်မည်ကို ပြည်သူအများ စိုးရိမ်မကင်းဖြစ်နေချိန်ဖြစ်သည်။

သို့သော်လည်း မတူညီသည့် ကိုးကွယ်ယုံကြည်မှုများအပေါ်အခြေခံပြီး လူသတ်ရန် အော်ဟစ်ခဲ့သူ အောင်သိန်းထွေးမှာ သူ့ခံစားချက်များကို ပေါက်ကွဲသွားခြင်းသာဖြစ်ပြီး၊ မည်သည့် ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်မှုများ မလုပ်ခဲ့သဖြင့် အမှုမဖွင့်ဘဲ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်လပြည့်က Myanmar Now ကို ပြောကြားသည်။

“သူ့ဟာသူ ဖီးလ်ဖြစ်ပြီး (ခံစားချက် ပြင်းထန်ပြီး) ပေါက်ကွဲတာပါ။ တခြား သွေးထိုးလှုံ့ဆော်တာ မရှိပါဘူး” ဟု ၎င်းက စက်တင်ဘာ ၁၃ ရက်နေ့တွင် ပြောကြားသည်။

သမ္မတ ဦးထင်ကျော်က စက်တာဘာ ၆ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ အပါအဝင် စစ်ဘက်အရပ်ဘက် ခေါင်းဆောင်များကို တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အခြေအနေများကြောင့် ပြည်သူတို့၏ စိုးရိမ်ပူပန်မှုများကို အသုံးချပြီး ယုံကြည်မှု အစွန်းရောက်သူများက ဆူပူမှု ဖြစ်အောင် လုပ်မည် ဆိုသည့် အန္တရာယ်ကလည်း ရှိနေပြန်ကြောင်း၊ ဤသို့သော အခြေအနေမျိုးတွင် လုံခြုံရေးအဖွဲ့အစည်းများ အနေဖြင့် ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဟန့်တားပေးရမည် ဖြစ်ကြောင်း ပြောကြားထားသည်။

(မှတ်ချက်။ ကျူးလွန်သူအောင်သိန်းထွေးအား ပြန်လွှတ်ပေးလိုက်သည်ဟု ပြောဆိုခြင်းမှာ မှားယွင်းပြီး ပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း စမ်းချောင်းမြို.နယ်ရဲစခန်းမှ ရဲအရာရှီ၏ ပြောဆိုချက်နှင့် အောင်သိန်းထွေးအား လွန်ခဲ့သည့် နာရီပိုင်းအတွင်း မူးယစ်ရမ်းကားမှုဖြင့် ထောင် ၈ ရက် ချလိုက်သည့် သတင်းအပြည့်အစုံကို အောက်ပါလင့်တွင် သွားရောက် ဖတ်ရႈနိုင်ပါတယ်။)

ဘာသာခြားများကိုသတ်ရန် ခြိမ်းခြောက်လှုံ့ဆော်သူကို ထောင် ၈ ရက် ပြစ်ဒဏ်ချ

Show More

Related Articles

Back to top button