သတင်း

စစ်ကား ဗုံးပေါက်သည့် စမ်းချောင်းတွင် အစစ်အဆေးကြမ်းနေ

စစ်ကောင်စီလက်နက်ကိုင်များ သေဆုံးပြီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ရန်ကုန်၊ စမ်းချောင်းမြို့နယ်တွင် ယနေ့ (စက်တင် ဘာ ၁၀)  မနက်မှစ၍ လုံခြုံရေး ပိုမိုတင်းကျပ်ထားသည်ဟု ထိုမြို့နယ်အတွင်း နေထိုင်သူများထံမှ သိရသည်။

အဓိကလမ်းမတချို့ကို တစ်လမ်းမောင်းအဖြစ် သတ်မှတ်လိုက်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ညနေ ၄ နာရီခန့်တွင် လှည့်လည်သတိပေးကြောင်း၊ စျေးဆိုင်ကြီးငယ်များ ဟန့်တားခံနေရကြောင်း စမ်းချောင်း ဂွစျေးအနီးနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

“ ဗဟိုလမ်းနဲ့ ကျွန်းတောလမ်း၊ ဗားကရာကနေ ဟံသာဝတီအထိ တစ်လမ်းမောင်းလို့ ကြေညာသွားတယ်။ လမ်းဘေးစျေးသည်တွေတော့ ဗဟိုလမ်းပေါ် စျေးမရောင်းရဘူးတဲ့။ ကျွန်မတို့လမ်းထဲက စျေးသည်တွေလည်း အမိုးတွေ၊ ထီးတွေအားလုံး ဖြုတ်ခိုင်းထားတယ်။ သူတို့ လမ်းထိပ်ကကြည့်ရင် မြင်အောင်ထင်တယ် ” ဟု ၎င်းက ဆိုသည်။

ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည့် စမ်းချောင်းဂွစျေးရှေ့ ပုသိမ်လမ်းမှ ဇလွန်လမ်းထိ စစ်ကောင်စီတပ်သားများက ဆက်လက်နေရာယူထားပြီး ပိတ်ဆို့ရှာဖွေနေကြသောကြောင့် ရပ်ကွက်နေထိုင်သူများ ထိတ်လန့်ကာ ဧည့်စာရင်းတိုင်နေကြသည်ဟု ၎င်းက ဆက်ပြောသည်။

“ဘယ်လမ်းထဲက တိုက်ဆိုလည်း မသိဘူး၊ စစ်သားတွေက တံခါးတွေဖျက်ပြီး ဝင်ဖို့လုပ်တယ်လို့ ကြားတယ်တဲ့။ အဲဒါ ကြောက်ကြတော့ (ဧည့်စာရင်း) သွားတိုင်ကြတာ”  ဟု ဆိုသည်။ 

ဂွဈေးအနောက်ဘက်တွင် နေထိုင်သူတစ်ဦးကလည်း စစ်ကောင်စီတပ်သားများက ဗဟိုလမ်းဘက်တွင် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးနေသည်ဟု ကြားသိရကြောင်း ပြောသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခုခံစစ်ကြေညာပြီး ၂ ရက်အကြာ စက်တင်ဘာ ၉ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းခဲ့သည့် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်အတွင်း ပစ်ခတ်၊ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်နေသည်။ 

ထိုပစ်ခတ်ဖောက်ခွဲမှုကို “ကျားဘီလူးစစ်ဆင်ရေး” ဟု အမည်ပေးထားပြီး ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ ၂ ဖွဲ့ဖြစ်သည့် Revolution Force (RF) နှင့် Generation Freedom Army (GFA)တို့က စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း BBC သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ကားနောက်ခန်း ဗုံးထိပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရသောကြောင့် ဗိုလ်မှူးအဆင့်ရှိ စစ်အရာရှိနှင့် တပ်သား ၁ ဦး ပွဲချင်းပြီး သေသည်ဟု စစ်ကောင်စီဘက်တော်သားများက အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသားထားကြသည်။ တချို့ကလည်း ၃ ဦး သေဆုံးသည်ဟု ဆိုသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး အကြီးအကျယ်စစ်ဆေးခြင်း၊ နေအိမ်အများအပြားကို သွားရောက်စစ်ဆေးကာ သံသယဖြစ်ခံရသူများကို ဖမ်းဆီးခြင်း နည်းလမ်းများဖြင့် ချက်ချင်းတုံ့ပြန်ခဲ့သည့် စစ်ကောင်စီက တစ်ရက်ကြာသည်အထိ သတင်းထုတ်ပြန်ခြင်း မရှိပေ။  

ယမန်နေ့ (စက်တင်ဘာ ၉) က ဂွစျေးတွင် စျေးဝယ်နေစဉ် သေနတ်ပစ်ခတ်သံ အချက် ၂၀ ကျော် ကြားခဲ့ပြီးနောက် ဗုံးပေါက်ကွဲသည့် အသံကြားခဲ့ရကြောင်း၊ ပစ်ခတ်မှုများဖြစ်နေသဖြင့် ကားကို ပြန်မောင်းထွက်သည့် အချိန်တွင် စစ်ကားပေါ်တွင် သေနတ်ဒဏ်ရာဖြင့် လဲနေသည့် စစ်ကောင်စီလက်နက်ကိုင် ၃ ဦးကို တွေ့ခဲ့ရကြောင်း စမ်းချောင်းတွင် နေထိုင်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက အတည်ပြုသည်။

“ကွေ့ရင်းနဲ့ လမ်းပေါ်ကန့်လန့် ခဏရပ်သွားတဲ့အချိန် နောက်ကားကို မြင်လိုက်တော့ ရှေ့ခန်းမှာ တံခါးကြီးပွင့်ပြီး တစ်ယောက်သွေးတွေနဲ့။ နောက်ခန်းမှာလဲ သုံးယောက်လောက်က သွေးတွေနဲ့။ အဲဒီစစ်ကားကိုမောင်းတဲ့သူလည်း အတင်းကွေ့ပြီး မောင်းထွက်တယ်” ဟု ၎င်းက ပြောသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button