ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် မတ်လအတွင်းက ဆန္ဒပြသူများကို လိုက်လံဖမ်းဆီးနေသည့် ရဲများကို ရေနွေးပူလောင်းသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူ အမျိုးသမီးငါးဦးမှာ အင်းစိန်ထောင်၌ ၇ လကျော် ချုပ်နှောင်ခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသည်။
စမ်းချောင်းမြို့နယ်၊ အောင်တော်မူလမ်းတွင် ၇ လွှာရှိ တိုက်ခန်းတွင် နေထိုင်သူများဖြစ်ကြသည့် မအိအိအောင်၊ မယုယုဝင်း၊ မခင်နှင်းဦး၊ မစန္ဒာစိုး၊ မဒေလီယာမောင်တို့ကို မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခဲ့ရပြီး အင်းစိန်ထောင်တွင် ၇ လ နှင့် ၁၈ ရက်ကြာ ချုပ်နှောင်ခံခဲ့ရသည်။
“တော်တော်လေးပိန်နေတာကို တွေ့ရတယ်။ အသားတွေလဲ မဲသွားတယ်။ တော်တော်လေး ဒဏ်ခံခဲ့ရမယ်နဲ့ တူပါတယ်” ဟု မဒေလီယာမောင်နှင့် မောင်ဖြစ်သူ ကိုနေရှိုင်းက ပြောသည်။
အူရောင်ငန်းဖျားရောဂါအခံရှိသည့် အသက် ၃၁ နှစ်အရွယ် အမဖြစ်သူ မဒေလီယာမောင်မှာ ကျန်းမာရေးကောင်းမွန်ပုံမရဟုလည်း ၎င်းက သုံးသပ်သည်။
“ဒီကာလကြီး ပြန်လွတ်လာတဲ့အတွက် တော်တော်တော့ ပျော်တယ်ခင်ဗျ။ အခု သူ( မဒေလီယာမောင်) အိမ်တော့ ပြန်လို့မရသေးဘူးခင်ဗျ။ အိမ်မှာ တစ်မိသားစုလုံးမရှိဘူးဆိုတော့လေ။ သူ့ကို တခြား လုံခြုံတဲ့ နေရာကို ပို့ဖို့ လုပ်ထားတယ်” ဟု ၎င်းက ဆိုသည်။
မဒေလီယာမောင် ဖမ်းဆီးခံရပြီး ခြောက်လကျော်အကြာတွင် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ မိခင်ဖြစ်သူ ဒေါ်သန်းသန်းအေး တစ်ဦးတည်းနေထိုင်ရာအိမ်ကို စစ်ကောင်စီက လာရောက်ရှာဖွေသဖြင့် လုံခြုံရေးအရ နောက်ပိုင်းတွင် ထိုနေရာ၌ မည်သူမျှ နေထိုင်ခြင်းမရှိတော့ဟု ကိုနေရှိုင်းက ပြောသည်။
စစ်ကောင်စီဘက်မှ သက်သေထင်ရှားမပြနိုင်သည့် ထိုအမှုဖြင့် ဖမ်းဆီးစွပ်စွဲခံရသူ ငါးဦးစလုံး ပြန်လည်လွတ်မြောက်လာသည့်အပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း ၎င်းတို့၏ ရှေ့နေဖြစ်သူ ဦးသက်နောင်က ပြောသည်။
“တိုက်ခန်းရဲ့ ဓာတ်ပုံကို ခံပြ(စွပ်စွဲခံရသူဘက်မှ) သက်သေခံအဖြစ် ကျွန်တော်တို့ ရှေ့နေတွေက တင်ထားတယ်။ ဥပမာ (ရေနွေးပူ)လောင်းတယ်ဆိုရင် တိုက်က ၇ လွှာရှိတယ်။ ၇ လွှာကိုမှ ဘယ်၊ ညာ ရှိတယ်။ အဲဒီအခန်းတွေ အလွှာတွေကို (စစ်ကောင်စီဘက်က) မှန်အောင်မပြောနိုင်ဘူး” ဟု ၎င်းက ပြောသည်။
တိုက် ၇ လွှာမှနေ၍ လူငါးဦးက ရေနွေးအိုးတစ်လုံးဖြင့် မြေပြင်၌ ရှိနေသူများကို လောင်းချသည်ဆိုခြင်းမှာ ယုတ္တိမရှိသလို၊ လောင်းချခံရသူများမှာ ရဲဖြစ်သည်၊ စစ်သားဖြစ်သည်ကိုပင် အမှုကို စစ်ဆေးသည့် အင်းစိန်ထောင်အထူးတရားခွင်အတွင်း တရားလိုဘက်မှ တိကျစွာ သက်သေပြနိုင်ခြင်းမရှိကြောင်း ရှေ့နေ ဦးသက်နောင်ထံမှ သိရသည်။
ထိုဖြစ်စဉ် ဖြစ်ပွားသည့်နေ့ (မတ် ၁) စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင်လည်း ရေနွေးပူဖြင့် လောင်းခံရ၍ ထိခိုက်ဒဏ်ရာရသူမရှိဟု ဆိုထားပြီးဖြစ်သည်။
အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်မပြုရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဆုံးဖြတ်ခဲ့ပြီးနောက် အကျဉ်းကျနေသူ ၁၃၁၆ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်းနှင့် တရားစွဲဆိုခံထားရသူ ၄၃၂၀ ဦးကို အမှုပိတ်သိမ်းကြောင်း အာဏာသိမ်းခေါင်းဆောင်က ယမန်နေ့တွင် ကြေညာခဲ့သည်။
စစ်ကောင်စီ၏ အကျဉ်းသားများလွှတ်ပေးမည်ဆိုသော ကြေညာချက်သည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ရှုတ်ချမှုများ ရပ်တန့်စေရန် အသုံးပြုသည့် နည်းပရိယာယ်တစ်ခုသာဖြစ်ပြီး ထိုသို့လွှတ်ပေးခြင်းဖြင့် အာဏာသိမ်းမှု အဆုံးသတ်စေမည်မဟုတ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့၌ပင် ထုတ်ပြန်သည်။
AAPP ၏ စာရင်းပြုစုမှုအရ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၈ အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၇၃၅၅ ဦးရှိကာ ယင်းအနက် ထောင်ဒဏ်ချမှတ်ခံရသူ ၃၅၄ ဦးရှိသည်။ ထို့ပြင် သေဒဏ်ချမှတ်ခံရသူ ၆အ၅ ဦးရှိကာ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများအတွင်း စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့ရသူ ၁၁၈၁ ဦးရှိပြီဖြစ်ကြောင်းလည်း AAPP က ဆိုသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်



