
စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ အားကောင်းရာ မြို့နယ်တစ်ခုဖြစ်သော စမ်းချောင်းတွင် ဖြစ်သည်။ တနင်္လာနေ့ (မတ် ၈) နံနက်စောစောက ဒိုင်းကာများ၊ ဦးထုပ်များ ဆောင်းလျက် ဆန္ဒပြလူငယ်များ ထွက်လာကြသည်။ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒထုတ်ဖော်ရန် ထွက်လာကြခြင်းဖြစ်သည်။ ခါတိုင်းနေ့များ နည်းတူ သပိတ်စစ်ကြောင်းထွက်ရန် လူစုကြသည်။
သို့သော် လူငယ်များလမ်းပေါ်ရောက်သည်နှင့် တစ်ပြိုင်နက် စစ်တပ်နှင့် ရဲများက သူတို့ကို လိုက်လံဖမ်းဆီးတော့ သည်။ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့်လည်း ပစ်ခတ်ဖြိုခွင်းလေသည်။ ဆန္ဒပြလူငယ်များလည်း နီးစပ် ရာရပ်ကွက်အတွင်း ဝင်ရောက်ပြေးလွှားရင်း နေအိမ်တိုက်ခန်းပိုင်ရှင်များကို တိုးလျှိုးတောင်းပန်ကာ ပုန်းခိုကြရတော့သည်။
အည်းငယ်ငြိမ်သက်သွားချိန် နေ့လယ်ပိုင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လက်ဆန္ဒထုတ်ဖော်နိုင်ရန် အပြင်ပြန်ထွက်လာကြသည်။ စစ်တပ်နှင့် ရဲများကလည်း အလွတ်မပေးဘဲ နောက်တစ်ကြိမ် လိုက်လံဖမ်းဆီး ပြန်သည်။ ဆန္ဒပြလူငယ်များလည်း နောက်တစ်ကြိမ် ဝင်ရောက်ပုန်းခိုကြရပြန်သည်။
ထိုသို့ အကြိမ်းအနည်းငယ်မျှ ထွက်လာလိုက် လိုက်လံဖမ်းဆီးလိုက်ဖြစ်ပွားပြီးနောက် စစ်တပ်နှင့် ရဲများက ကျွန်းတောလမ်းနှင့် ဗဟိုလမ်းကြားရှိ ရပ်ကွက်တစ်ခုလုံးကို ပိတ်ဆို့ထားလိုက်တော့သည်။ လမ်းသွယ်များပါ မကျန် ပိတ်ဆို့ခံလိုက်ရသောအချိန်သည် နေ့ခင်း ၁၂ နာရီ ဝန်းကျင်ခန့်သာ ရှိသေးသည်။ ရာနှင့်ချီသော ပိတ်မိခဲ့သူများတွင် Myanmar Now သတင်းထောက်အချို့လည်း ပါဝင်ခဲ့သည်။ အချို့သောနေအိမ်များတွင် တိုက် ခန်းတစ်ခုတည်း၌ပင် လူ ၅၀ ခန့်ပင် ညပ်သိပ်ကာ ပိတ်မိနေခဲ့သည်။
ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် စစ်ကားများ၊ ရဲများ ထပ်မံရောက်ရှိလာကာ အင်အားဖြည့်တင်းလျက် ဝိုင်းဝန်း နေယူကာ ပို၍တင်းတင်းကျပ်ကျပ် ပိတ်ဆို့တော့သည်။ အချိန်ကြာသည်နှင့်အမျှ ပိတ်မိနေသူများအတွက် စိုးရိမ်မှုများလည်း မြင့်တက်လာသည်။
ည ၈ နာရီ ဝန်းကျင်တွင် စစ်တပ်နှင့်ရဲများက ဧည့်စာရင်းစစ်မည်ဖြစ်ကြောင်း လော်စပီကားများဖြင့် အော်ဟစ် သတိပေးသည်။ နေအိမ်တွင် လူပိုလူလျှံများရှိပါ လာအပ်ရန်နှင့် အိမ်ထောင်စုစာရင်းပြင်ပ နေထိုင်သူများရှိပါက အပြစ်ပေးအရေးယူခံရမည်ဖြစ်ကြောင်းလည်း အော်ဟစ်ခြိမ်းခြောက်သည်။
မည်သည့်အိမ်ကမျှ လက်ခံထားသူများကို သွားအပ်ခြင်း မပြုကြပေ။ ညသည်မှောင်မိုက်သည်ထက်မှောင်မိုက် လာသည်။ စစ်တပ်နှင့် ရဲများကလည်း အင်အားအလုံးအရင်းဖြင့် နေရာယူပိတ်ဆို့ထားဆဲဖြစ်သည်။ ရာနှင့်ချီ သော ပိတ်မိနေသူများ ကံကြမ္မာ ရုတ်တရက်ထိတ်လန့်ချောက်ချားစရာ ဖြစ်လာသည်။
လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်သံများ ပွက်လောညံလာသည်။ ရန်ကုန်ရှိ ကုလသမဂ္ဂရုံး အပါအဝင် အနောက်နိုင်ငံသံရုံးများကလည်း လက်နက်ကိုင်များအနေဖြင့် ပိတ်ဆို့ထားမှုကို အဆုံးသတ်ရန် ပိတ်မိနေသူများ အဖမ်းခံရခြင်းမရှိစေရန် လွတ်မြောက်စေရန် ညတွင်းချင်း ကြေညာချက်များ ထုတ်ပြန်ကြသည်။ စမ်းချောင်းတွင် ပိတ်မိနေသူများအတွက် စိုးရိမ်ပူပန်မှုများက လူမှုကွန်ရက်မှတဆင့် နိုင်ငံတကာအထိ ပင်ရောက်ရှိနေတော့သည်။
နာရီပေါင်းများစွာ ပိတ်မိနေသူများအတွက် ရန်ကုန်သည် ပူလာသည်။ ရန်ကုန်လူထုသည် ဆူလာသည်။ မြို့နယ် အသီးသီးရှိ ရန်ကုန်ပြည်သူများ လမ်းပေါ်ထွက်လာကာ စမ်းချောင်းကို ပိတ်ဆို့ထားသော လက်နက်ကိုင်များကို ဖိအားပေးတော့သည်။
ဝိုင်းဝန်းပိတ်ဆို့ထားသော လက်နက်ကိုင်များကလည်း နေအိမ်မီးများ ပိတ်ထားရန် အော်ဟစ်သတိပေးလျက်ရှိ သည့်နည်းတူ သေနတ်များအဆက်မပြတ် ပစ်ဖောက်လျက် ခြိမ်းခြောက်ကြသည်။ ထို့နောက်တွင် တချို့နေအိမ် များကို ဝင်ရောက်ရှာဖွေခဲ့သည်။ စမ်းချောင်းတွင် ယမန်နေ့ညပိုင်းက ပိတ်မိ နေခဲ့သော Myanmar Now သတင်း ထောက်များ၏ အဆိုအရ လက်နက်ကိုင်တပ်ဖွဲ့များသည် ဆန္ဒပြသပိတ်စစ်ကြောင်း နှင့်အနီးဆုံးဖြစ်သည့် ကျွန်းတောလမ်းတလျှောက်ရှိ နေအိမ်များကို သဲကြီးမဲကြီး ဝင်ရောက်ရှာဖွေခဲ့သည်ဟု သိရသည်။
“ပိတ်မိတဲ့လူအရေအတွက်က တိုက်ခန်းတစ်ခန်းထဲမှာကို လူ ၂၀-၃၀ ဝန်းကျင်ပိတ်မိတာတွေရှိတယ်။ ညနေပိုင်း ၆ နာရီဝန်းကျင်မှာ အဝတ်အစားလဲပြီး ပြန်ထွက်သွားနိုင်တဲ့သူတွေလည်းရှိတယ်။ အများကြီးတော့ မပြန်နိုင်ဘူး။ ညက ပိတ်မိတဲ့သူစာရင်းကတော့ ရာနဲ့ချီရှိနိုင်တယ်” ဟု စမ်းချောင်းတွင် နာရီပေါင်းများစွာ ပိတ်မိ နေခဲ့သူ Myanmar Now သတင်းထောက်က ပြောသည်။
အဆိုပါ Myanmar Now သတင်းထောက်သည် စမ်းချောင်းမြို့နယ်တွင် ယမန်နေ့ နေ့ခင်း ၁၂ နာရီမှ ယနေ့ (မတ် ၉) နံနက် ၃ နာရီကျော်အထိ ပိတ်မိနေခဲ့သူဖြစ်သည်။
ပုန်းအောင်းနေရာသို့ လာရောက်အစစ်အဆေး ခံခဲ့ရသော်လည်း ဖမ်းဆီးမခံရဘဲ လွတ်မြောက်လာသူများလည်း ရှိခဲ့သည်။ စတင်ပုန်းခိုစဉ်ကတည်းကပင် ရဲတပ်ဖွဲ့ဝင်များ လာရောက်ခဲ့ပါက မည်သို့တုံ့ပြန်ပြောကြားမည်ကို အိမ်ရှင်နှင့် တိုင်ပင်ထားခဲ့သည်ဟု ဝင်ရောက်စစ်ဆေးခံခဲ့ရသော်လည်း အဖမ်းမခံရဘဲ လွတ်မြောက်ခဲ့သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ဧည့်စာရင်းစစ်မယ်၊ လူပိုလူလျှံရှိရင်လာအပ်လို့ကြေညာတော့ အိမ်ရှင်က တစ်ချက်တွေသွားတယ်။ လာစစ်ရင် အိမ်ရှင်ကို အထိအခိုက်မခံဘူး။ ကျွန်မတို့ပဲ အဖမ်းခံမယ်လို့ပြောတော့ အိမ်ရှင်ကလည်း ဘယ်သူ့မှ အပါမခံနိုင် ဘူးပြောပါတယ်။ ည ၁၁ လောက်မှာ ရဲတွေရောက်လာတယ်။ တိုင်ပင်ထားတဲ့အတိုင်းပဲပြောတယ်။ မိန်းကလေး တွေပဲဖြစ်လို့လားတော့ မသိဘူး၊ သိပ်ကျေနပ်ပုံမရပေမယ့် သူတို့ (ရဲများ) လှည့်ပြန်သွားတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
၎င်းတို့ပုန်းခိုခဲ့သည့် အခန်းမှ မည်သူမျှ အဖမ်းမခံခဲ့ရသော်လည်း အနီးရှိ အခန်းတစ်ခန်းကို ဝင်ရောက်စစ်ဆေးပြီး နောက် အိမ်ရှင်အမျိုးသားနှင့် ၎င်း၏ သားနှစ်ဦးဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုလည်း ၎င်းက ဆိုသည်။
“အတူတူပုန်းတဲ့သူတွေထဲမှာ အသက် ၁၆၊ ၁၇ အရွယ် ကလေးတွေလည်း ပါတယ်။ တစ်ညလုံးကတော့ တကယ့် ငရဲပဲ။ ကြောက်တာတော့ ကြောက်တယ်။ သူတို့က ပြေးလို့မရအောင်လုပ်ပြီးမှ လိုက်ခြောက်နေတာလေ” ဟုလည်း အဆိုပါအမျိုးသမီးက ပြောသည်။
စမ်းချောင်းမြို့နယ် အိမ်ငှားနေထိုင်သူ အမျိုးသမီးတစ်ဦးကလည်း ၎င်း၏အိမ်ရှင်က ဆန္ဒပြလူငယ်များကို လက်ခံပေးရန် မေတ္တာရပ်ခံခဲ့သဖြင့် လူငယ်သုံးဦးကို လက်ခံထားရှိခဲ့သည်ဟု ဆိုသည်။
“ကျွန်မတို့က အပေါ်ဆုံးလွှာပေါ့။ တိုက်ခန်းငှားတဲ့သူက သူ့အိမ်မှာ ၅ ယောက်လောက်ထားမယ်။ ၃ ယောက် လောက်ကို ညီမအိမ်မှာထားပါရစေလို့ ပြောတယ်။ ညီမလည်း ထားလိုက်တယ်။ ကလေးတွေကို ကျွေးမွေးပြီး ထားတယ်။ ငိုရင်လည်း ချော့ပေးတယ်” ဟု ဆန္ဒပြလူငယ်များကို လက်ခံထားရှိခဲ့သူ အဆိုပါအမျိုးသမီးက ဆိုသည်။
စစ်တပ်နှင့် ရဲများရောက်လာပြီး စစ်ဆေးရာတွင် လာရောက်ပုန်းခိုနေသည့် လူငယ်သုံးဦးတွင် မှတ်ပုံတင်ပါသူ တစ်ဦးသာရှိပြီး နေရာများလည်း မတူသည့်အတွက် မိသားစုဝင်များဖြစ်သည်ဟု ပြောဆိုရန် အခက်တွေ့ခဲ့သည် သည်ဟု ၎င်းက ဆိုသည်။
“ညီမအိမ်မှာ မိန်းကလေးနှစ်ယောက်တည်းဆိုတော့ ပြေးလာတဲ့ သုံးယောက်တည်းက မိန်းကလေးနှစ်ယောက်က အတူတူနေလိုက်တယ်။ ကောင်လေးတစ်ယောက်ပါတယ်။ တံခါးလာခေါက်တော့ မိန်းကလေးတွေက နှစ်ယောက်တစ်ခန်းနေလိုက်တယ်။ ကောင်းလေးက မျက်နှာကြက်ပေါ် တက်ပုန်းတယ်။ သူတို့ (စစ်နှင့် ရဲ) ဝင်လာတဲ့အချိန် ဘယ်နှယောက်နေလဲ မေးတော့ ၄ ယောက်နေတယ် ပြောလိုက်တယ်။ ကောင်လေးကို သူတို့ မြင်သွားတယ်။ ဘယ်လိုတွေ့သွားလဲ မသိဘူး။ ပါသွားတယ်” ဟု အဆိုပါအမျိုးသမီးက ဆိုသည်။
ထို့နောက်တွင် ရဲများ နောက်တစ်ခေါက်ပြန်ရောက်လာပြီး စခန်းမှူးနှင့် လိုက်လံတွေ့ဆုံရန် အချုပ်ကားဆီ ခေါ်ဆောင်ခဲ့ပြီး ၎င်းတို့ရှေ့၌ပင် ဖမ်းဆီးသွားသည် လူငယ်အား မေးမြန်းစစ်ဆေးသည်ဟု ဆိုသည်။
“မင်းနဲ့သူနဲ့ ဘာတော်လဲ။ ဒီတိုင်းဝင်ပုန်းတာလားလို့ ရဲက မေးတယ်။ ကောင်းလေးက ဟုတ်တယ်လို့ ဝန်ခံလိုက်တယ်။ ဒီအမျိုးသမီးက မင်းနဲ့ ဘာမှမတော်ဘူးဆိုတာ သေချာလားလို့ ရဲကထပ်မေးတော့ ကောင်လေးက သေချာတယ်။ ကျွန်တော်ဝင်ပုန်းလိုက်တာပါလို့ပြောတယ်။ အဲဒါဆိုရင် မင်းနဲ့ပါသွားတဲ့ နှစ်ယောက်ပေးလို့ ပြောတယ်။ ကောင်းလေ မကြီး ထုတ်ပေးပါလို့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်လည်း ထုတ်ပေးလိုက်ရတယ်” ဟု ရဲများက ထပ်မံစစ်ဆေးခဲ့ပုံက အဆိုပါအမျိုးသမီးက ပြောပြသည်။
“ကလေးတွေက သတ္တရှိတယ်ဗျ။ ညီမအခန်းကိုပြန်ပြီး ညီမလေးတို့ သူတို့သိသွားပြီလို့ ပြောလိုက်တယ်။ ကလေးတွေက အမရတယ်။ သုံးယောက်အတူတူလာပြီး နှစ်ယောက်ကျန်နေခဲ့ရင် စိတ်မလုံဘူး။ သူတို့လိုက်သွား မယ်လို့ ပြောတယ်။ လာတာက ရဲနဲ့ စစ်သားတွေ ၁၂ ယောက်လောက်ရှိမယ်” ဟု ထိုလူငယ်များကို လက်ခံခဲ့သူ အမျိုးသမီးက ပြောသည်။
စစ်တပ်နှင့် ရဲများက နာရီပေါင်းများစွာ ပိတ်ဆို့ထားခဲ့သည့် စမ်းချောင်းမြို့နယ်တွင် ယမန်နေ့ညပိုင်းက ပိတ်မိ နေသူများအနက် ဖမ်းဆီးခံခဲ့ရသူများရှိသော်လည်း အတိအကျ မသိရသေးပေ။ နံနက် ၃ နာရီကျော်ခန့်တွင် စစ်တပ်နှင့် ရဲများ မရှိတော့သဖြင့် ပိတ်မိနေသူများ ထွက်လာနိုင်ခဲ့ကြသည်။ အခြား မြို့နယ်များသို့ အခမဲ့ပို့ ဆောင်ပေးသည့် ကားများလည်းရောက်လာကာ နေအိမ်များသို့ လိုက်လံပို့ဆောင်ပေးကြသည်။
အဆက်မပြတ် ပစ်ဖောက်နေသော သေနတ်သံများ၊ အသံဗုံးသံများ ဆူညံလျက် ယမန်နေ့ညပိုင်းက စမ်းချောင်မြို့နယ်သည် ကမ္ဘာပျက်သည့်အလား ရှိခဲ့သည်။ ရာနှင့်ချီသော ပိတ်မိနေသူများသည်လည်း ထိတ်လန့်ချောက်ချားစွာဖြင့် အရှည်ကြာဆုံးသော ညကိုဖြတ်သန်းခဲ့ကြရသည်။ ဒုတိယကမ္ဘာစစ်ကာ လအတွင်းက နာဇီလက်နက်ကိုင်များရန်မှ လွတ်မြောက်ရန် အသက်လု ပြေးလွှားပုန်းခိုခဲ့ကြရသော ဂျူးလူမျိုးများနှယ်ပင်ဖြစ်သည်။