
ရဲနှင့် စစ်သားများက ရန်ကုန်၊ စမ်းချောင်းမြို့နယ်၏ ဆန္ဒပြပွဲများကို အပြင်းအထန် ဖြိုခွဲနေကြသော်လည်း လူငယ်များက နေ့စဉ် ကြိုးစားစုစည်းပြီး ရင်ဆိုင် အန်တုနေကြသည်။
ဗဟိုလမ်းသပိတ်မှာ ယခင်ရက်များအတိုင်း ရှိနချိန်တွင် ပဒုမ္မာလမ်းကို သုံးကြိမ်၊ ကျွန်းတောလမ်းကို တစ်ကြိမ် ဖြိုခွဲခဲ့ပြီး လူငယ် ၁၈ ဦးထက်မနည်း အဖမ်းခံရသည်။
ထိုသို့ လူငယ်များ၏ဆန္ဒပြပွဲကို ချေမှုန်းသည့် တပ်မ ၇၇ မှ စစ်သားများထဲတွင် စနိုက်ပါသေနတ်သမားတစ်ဦးကလည်း အသင့်အနေအထားဖြင့် ရှိနေခဲ့သည်။
ပဒုမ္မာလမ်း
အခိုင်အမာပိတ်ဆို့ထားသော ပဒုမ္မာလမ်းသပိတ်ကို နံနက် ၉ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်က မျက်ရည်ယိုဗုံးများ အသုံးပြု လူစုခွဲကာ အတားအဆီးများကို မြေကော်ကားဖြင့် ဖြိုဖျက်ခဲ့ကြသည်။
မိနစ်ပိုင်းအကြာတွင် ဆန္ဒပြလူငယ်များ ပြန်ရောက်လာပြီး အတားအဆီးများ ပြန်လုပ်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒ ဆက်ပြခဲ့ကြသည်။
မွန်းတည့် ၁၂ နာရီခွဲခန့်တွင် ပဒုမ္မာလမ်းထိပ်ရှိ ဗားကရာလမ်းမပေါ်သို့ ရဲနှင့် စစ်သားများ တစ်ဖွဲ့က စောင့်ကြည့်နေပြီး နောက်တစ်ဖွဲ့က အခြားစမ်းချောင်းလမ်းမှတစ်ဆင့် ဝင်ရောက်ကာ ဆန္ဒပြနေသူများကို အတင်းဝင်ဖမ်းဆီးသည်။
ထို့နောက် နာရီဝက်ခန့်အကြာတွင် အထက်ပါနည်းအတိုင်းပင် ထပ်မံဖမ်းဆီးခဲ့ပြန်သည်။
နှစ်ကြိမ်အတွင်း လူငယ် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရသည်ဟု ပဒုမ္မာလမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။
“ဒီကောင်တွေ (ရဲနှင့်စစ်သား) က အရှေ့၊ အနောက်ပိတ်ပြီး ဖမ်းတဲ့သဘော၊ ကျွန်တော့်ရှေ့တင်ဖမ်းတာ၊ (လူငယ်) တော်တော်များများ ပြေးပေါက်ပိတ်သွားတယ်” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်ခဲ့သော်လည်း လူငယ်များက ဆက်လက်ဆန္ဒပြနေခဲ့ပြီး ညနေ ၃ နာရီခန့်တွင် လူစုခွဲခဲ့ကြသည်။

ကျွန်းတောလမ်းနှင့်ဗဟိုလမ်း
လမ်းမအရှည်ဖြစ်သော ကျွန်းတောလမ်း တစ်ဖက်ထိပ်တွင် အကာအရံများဖြင့် အခိုင်အမာ ပိတ်ဆို့ထားကြပြီးနောက် ဆန္ဒပြသူတို့က လမ်းသွယ်များ၏ ထိပ်တွင် နေရာယူလိုက်ကြသည်။
အဆိုပါ ကျွန်းတောလမ်းသပိတ်ကို ရဲနှင့် စစ်သားများက နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် စတင်ဖြိုခွင်းတော့သည်။
မျက်ရည်ယိုဗုံး ၇ လုံးခန့် ပစ်ခတ်ပြီး ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်က ဆန္ဒပြသူများကို ဝင်ရောက်ဖမ်းဆီးခဲ့ကာ တပ်မ ၇၇ မှ တပ်အင်အား ၅၀ ခန့်က ကျွန်းတောလမ်းတွင် အသင့်နေရာယူ စောင့်ဆိုင်းခဲ့ကြသည်။
လက်ဖြောင့်သေနတ်သမားဟု ယူဆရသူတစ်ဦးကလည်း သူ၏စနိုက်ပါသေနတ်ကို အသင့်အနေအထားဖြင့် ချိန်၍ ကျွန်းတောလမ်းထိပ်တွင် စောင့်ဆိုင်းနေသည်။
ယခင်နေ့များနှင့်မတူသည့်အချက်မှာ ရဲတပ်ဖွဲ့က လမ်းအတွင်း အလျင်အမြန်ဝင်ရောက်ဖြိုခွဲခဲ့၍ လူငယ် ယောက်ျားလေးနှစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ ဖမ်းဆီးခံခဲ့ရသည်ဟု မျက်မြင်တွေ့ရှိသူများက အတည်ပြုသည်။
“သူတို့ကြိုက်သလောက်ဖမ်း၊ ကျွန်မတို့က ကြောက်မှာမဟုတ်ဘူး။ ကြောက်ရင် အစောကတည်းက ဒီကိုမလာဘူး။ နောက်နေ့လည်း ဆက်ပြီးတိုက်ဦးမှာပဲ” ဟု ဆန္ဒပြနေသူ အသက် ၂၂ နှစ်အရွယ် မိန်းကလေးက ပြောသည်။
ထိုသို့ ကျွန်းတောလမ်းသပိတ်ကို တစ်ကြိမ် ဖြိုခွဲခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဗဟိုလမ်းတွင်လည်းကောင်း၊ စစ်သား ၅၀ ခန့်က ကျွန်းတောလမ်းထိပ်တွင်လည်းကောင်း စောင့်ကြည့်နေကြသည်။
ဖြိုခွဲခံရသည့်အချိန်မှစ၍ ညနေ ၃ နာရီခန့်အထိ လူငယ်များ ဆက်လက်ဆန္ဒပြနေသော်လည်း နောက်တစ်ကြိမ် ဖြိုခွဲခဲ့ခြင်း မရှိခဲ့ပေ။
စမ်းချောင်းမြို့၏ နောက်ထပ်စစ်ကြောင်းတစ်ခုဖြစ်သည့် ဗဟိုလမ်းတွင်လည်း လူ ၂၀၀ ခန့်ဖြင့် ဆန္ဒပြခဲ့ကြပြီး လူစုခွဲချိန် ညနေ ၃ နာရီခန့်အထိ အခြေအနေတည်ငြိမ်ခဲ့သည်။ ဗဟိုလမ်း၏ လမ်းသွယ်များဖြစ်သည့် ရွှေလောင်းလမ်း၊ ကျောင်းကုန်းလမ်းတို့တွင်လည်း ရပ်ကွက်အတွင်း နေထိုင်သူများက ပူးပေါင်းဆန္ဒပြခဲ့သည်။
ရဲနှင့် စစ်သားများ၏ အကြမ်းဖက်ဖြိုခွင်းမှုကို နေ့စဉ်ရက်ဆက် ရင်ဆိုင်ရသော်လည်း စမ်းချောင်းမြို့နယ်၏ တော်လှန်ရေးအရှိန်က လျော့ကျသွားခြင်း မရှိပေ။
စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဖေဖော်ဝါရီ ၂၆ ရက်မှစ၍ ဆန္ဒပြစစ်ကြောင်းများနှင့် ထိုင်သပိတ်များကို အကြိမ်ကြိမ်ဖြိုခွင်းမှုများရှိခဲ့သော်လည်း စမ်းချောင်းမြို့နယ်၊ အင်းစိန်၊ လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်များတွင် အန်တုလှုပ်ရှားမှု အားကောင်းလျက်ရှိပြီး မြန်မာတစ်နိုင်ငံလုံးတွင်လည်း ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေသည်။
အင်းစိန်လမ်းမ

အင်းစိန်လမ်းမတွင် ဆန္ဒပြလူထုကို ရဲနှင့်တပ်က နှစ်ကြိမ်ဖြိုခွဲခဲ့ပြီး ငါးဦးထက်မနည်း ဖမ်းဆီးခံထားရသည်။
ဆင်ရေတွင်းမှတ်တိုင်အနီးတွင် အရံအတားများပြုလုပ်ပြီး နံနက် ၈ နာရီဝန်းကျင်မှစ၍ လူငယ်များ စတင်ဆန္ဒပြခဲ့ကြသည်။ လှိုင်မြို့နယ် ပြည်သူများကလည်း အရံအတားများကို ပိုမိုခိုင်ခံ့အောင် ပြုလုပ်ပေးကြပြီး လူငယ်ဒိုင်းကာအဖွဲ့ အများအပြားကလည်း ရှေ့တန်းမှ အကာအကွယ်ပေးနေကြသည်။
ရဲများက မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် မျက်ရည်ယိုဗုံး၊ အသံဗုံးများ၊ ရာဘာကျည်များဖြင့်ပစ်ခတ်ပြီး စတင်ဖြိုခွင်းခဲ့သည် ပထမအကြိမ်တွင် အရံအတားများ၊ ဒိုင်းကာများဖြင့် ကာကွယ်ခြင်း၊ မျက်ရည်ယိုဗုံးများကို ရေအိတ်များ၊ ရေစိုအဝတ်များဖြင့် ဖုံးအုပ်၍ နောက်သို့ လုံးဝမဆုတ်ဘဲ ကာကွယ်ခဲ့သည်။
ဒုတိယအကြိမ်ဖြိုခွဲရာတွင် လူငယ်များက အရံအတားနောက်တစ်ခုနောက်သို့ အနည်းငယ်ဆုတ်ခွာပေးခဲ့ကြကာ နာရီဝက်ခန့်အကြာ ရဲများက ထပ်မံဖြိုခွင်းခဲ့ပြီး စစ်တပ်က ဆန္ဒပြလူငယ်များကို ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့သည်။
ယင်းနေရာတွင် စစ်တပ်နှင့် ရဲများ ၃ နာရီကြာ ပိတ်ဆို့တပ်ချထားသော်လည်း ဘူတာရုံလမ်းအနီးတွင် ထပ်မံ၍ စုဝေးဆန္ဒပြခဲ့ကြပြီး ညနေ ၃ နာရီခွဲတွင် လူစုခွဲခဲ့ကြသည်။
ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိခဲ့ပြီး ငါးဦးထက်မနည်း ဖမ်းဆီးခံရသည်ဟု ဆန္ဒပြသူများက ပြောသည်။ စစ်တပ်အနေဖြင့် ညပိုင်းအချိန်အထိ အင်းစိန်လမ်းမပေါ်တွင် တပ်စွဲထားဆဲဖြစ်သည်။

ဆန္ဒပြသူများကို ဖမ်းဆီးနေပြီး နိုင်ငံရေးသမားများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ CDM ခေါင်းဆောင်များ၊ မြေပြင်တွင် သတင်းယူနေသော သတင်းထောက်များကို ပစ်မှတ်ထားကာ ဖမ်းဆီးနေသည်။
အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖြိုခွင်းစဉ် မှတ်တမ်းရယူနေသည့် သတင်းထောက်ငါးဦးကို ရဲက ဖေဖော်ဝါရီ ၂၇ တွင် ဖမ်းဆီးသွားပြီးနောက် နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားရန်လှုံ့ဆော်ခြင်းဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မတ် ၁ အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ထောင်ချခြင်းခံထားရသူ ၁၂၁၃ ဦး ရှိနေပြီ ဖြစ်သည်။