အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါက်တာဇင်လင်း၏ ပုသိမ်မြို့မိဘနေအိမ် စီးနင်းရှာဖွေခံရ

ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းပစ်ခတ်မှုဖြစ်စဉ်တွင် သေဆုံးသွားသည့် ဒေါက်တာဇင်လင်း၏ ပုသိမ်မြို့ရှိ မိဘနေအိမ်ကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၇ တွင် ဝင်ရောက် စီးနင်းရှာဖွေခဲ့သည်။

ဒေါက်တာဇင်လင်း၏ ဇနီးကို ရန်ကုန်မြို့တွင် ဖမ်းဆီးပြီး နောက်တစ်နေ့တွင် ထိုသို့ ရှာဖွေခြင်းဖြစ်သည်ဟု ဆွေမျိုးနီးစပ်တော်သူတစ်ဦးက ပြောသည်။

“သူတို့က အိမ်တွေဘာတွေလည်း လာစစ်သွားပြီးတော့ လူစာရင်းတွေရော၊ အမျိုးစာရင်းတွေရော ယူသွားတော့ ဘာမှန်းလဲ မသိဘူးလေ။ ပုသိမ်အိမ်ကို လာရှာပြီး စစ်သွားတော့ ညီမတို့တွေလည်း လန့်နေတာပေါ့နော်။ ဖုန်းတွေလည်း စောင့်ကြည့်နေတယ်ဆိုတော့ သူတို့ (ပုသိမ်ရှိဆွေမျိုးများ) ကို ဖုန်းတွေလည်း ဆက်လို့မရဘူး။ အိမ်ကို လာရှာသွားတယ်။ လာရှာပြီးတော့ ညီအစ်ကိုမောင်နှမ ဘယ်နှယောက်ရှိလဲ၊ အမျိုးဘယ်နှယောက်ရှိလဲ အဲဒီလိုမျိုးတွေပါ စစ်သွားတာ” ဟု ထိုအမျိုးသမီးက ဆိုသည်။ 

စက်တင်ဘာ ၂၅ ၊ မနက် ၁ နာရီခွဲတွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမီးပွိုင့်အနီး အိမ်စီးကား အဖြူရောင်တစ်စီး ရပ်တန့်ထားပြီး အနီးတွင် ယူနီဖောင်းဝတ်လက်နက်ကိုင်များက ပစ်ခတ်နေသည့် ရုပ်သံဖိုင်တစ်ခု အွန်လိုင်းတွင် ပျံ့နှံ့နေသည်။ 

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်သော ဒေါက်တာဇင်လင်းနှင့် ရန်ကုန် ခုတင် ၅၀၀ ဆေးရုံကြီးမှ သူနာပြု မခင်ခင်ကြွယ်တို့အပါအဝင် ၃ ဦးကို တိုက်ခန်းပေါ်မှ ဆွဲချကာ စစ်ကောင်စီတပ်က ပစ်သတ်နေသည့် ရုပ်သံမှတ်တမ်းဖြစ်သည်ဟု ခေတ်သစ်သတင်းဌာန သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။  

ပစ်ခတ်ခံရသည့် နေရာအနီးရှိ ကားမှာ ဒေါက်တာဇင်လင်း၏ကား ဟုတ်မှန်သော်လည်း မိသားစုဝင်များက ဒေါက်တာဇင်လင်း အသတ်ခံရခြင်းဟုတ်မဟုတ် အတည်မပြုနိုင်သေးဟု ဆိုသည်။

“သူသေဆုံးတာနဲ့ ပတ်သက်ပြီး အတည်ပြုလို့ မရနိုင်သေးဘူး။ Dead Body (ရုပ်အလောင်း) လည်း ပြန်မရဘူးလေ။ ကားကတော့ ကိုဇင်လင်းကားတော့ ဟုတ်တယ်။ ယုံလည်း မယုံကြဘူး။ အသတ်ခံရတာကတော့ အနီးကပ်ကြီးလည်း မဟုတ်ဘူး၊ သေချာလည်း မမြင်ရတော့လေ လူကြီးတွေက အရမ်းကြီးမယုံသေးဘူး။ မဖြစ်နိုင်ဘူးလို့ပဲ ထင်နေတာပေါ့”ဟု ဒေါက်တာဇင်လင်း၏ အထက်ပါ ဆွေမျိုးတစ်ဦးက ဆက်ပြောသည်။ 

ပြီးခဲ့သည့်ရက်ပိုင်း Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည့် ထိုပစ်ခတ်မှုအကြောင်း အထက်သို့ အစီရင်ခံထားသည်ဟု ယူဆရသည့် ရဲမှတ်တမ်းတစ်ခုတွင် စစ်ကောင်စီတပ်များက စက်တင်ဘာ ၂၅ ည ၁ နာရီ ၅၅တွင်  စမ်းချောင်းမြို့နယ် မြေနီကုန်း(မြောက်) ရပ်ကွက်၊ ပြည်လမ်းရှိ အမှတ် (၂၇၃) ဒုတိယထပ်သို့ သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ပါရှိသည်။

ပစ်ခတ်မှုကြောင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးနေသည်ကို တွေ့ရှိရပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ကြပ် ၁ ဦး၊ တပ်သား၂  ဦး သေဆုံးခဲ့ကာ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါမှတ်တမ်းတွင် ဖော်ပြထားသည်။

နောက်ရက်များတွင် ဒေါက်တာဇင်လင်း၏ ဇနီး ဖမ်းဆီးခံရပြီး ပုသိမ်မြို့ရှိ မိဘအိမ် စီးနင်းခံခဲ့ရသည်။

ယင်းပစ်ခတ်မှုနှင့် ပတ်သက်ပြီး ယမန်နေ့ (စက်တင်ဘာ ၃၀) က ပြုလုပ်ခဲ့သည့် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် စမ်းချောင်းမြို့နယ် မြေနီကုန်း၌ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၄ ဦးကို နေအိမ်အခန်းတစ်ခုအတွင်း အသေဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့သည်။ 

အသေဖမ်းဆီးရမိသူ ၄ ဦးမှာ ဇင်လင်း(ခ) ကြွယ်ကြီး၊ ခင်ခင်ကြွယ်(ခ) ခင်လေး၊ ကျော်ကြီးနှင့် ဝက်ကြီးတို့ ဖြစ်သည်ဟု ရုပ်ပုံများနှင့်တကွ ထုတ်ပြန်သည်။ 

ဒေါက်တာဇင်လင်း၏ဇနီးကို ဖမ်းခြင်းမဟုတ်၊ ခေါ်ယူစစ်ဆေးနေခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ထားသည်။

ဒေါက်တာဇင်လင်းသည် Scout Team Leader (ကင်းထောက်အဖွဲ့ခေါင်းဆောင်) တစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း ဆန္ဒပြသူများ အနှောင့်အယှက်ကင်းကင်း လှည့်လည်ချီတက်နိုင်စေရန်အတွက် ကင်းထောက်တာဝန်ယူပေးနေသူတစ်ဦးဖြစ်သည်ဟု မမေရီဆိုသည့် အမျိုးသမီးတစ်ဦးက BBC နှင့် အင်တာဗျူးတွင် ဖြေဆိုထားသည်။

စစ်ကောင်စီတပ်များက လာရောက်ဖမ်းဆီးစဉ် ဒေါက်တာဇင်လင်းတို့အဖွဲ့က အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်မှာ ဖြစ်နိုင်ကြောင်း၊ ဒေါက်တာဇင်လင်းထံတွင် လက်နက်တချို့ရှိကြောင်း မမေရီက BBC ကို ဖြေဆိုထားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Related Articles

Back to top button