အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရဲကို ရေနွေးပူလောင်းမှုဖြင့် စွပ်စွဲခံရသည့် အမျိုးသမီးများ ပြန်မလွတ်သေး

ငြိမ်းချမ်းစွာဆန္ဒပြသူများကို ရိုက်နှက်ဖြိုခွင်းနေသည့် ရဲများကို အိမ်ပေါ်မှ ရေနွေးပူဖြင့် လောင်းချသည်ဟု စွပ်စွဲခံရသူ အမျိုးသမီးငါးဦးမှာ ယမန်နေ့( ဇွန် ၃၀) က အင်းစိန်ထောင်မှ လွှတ်ပေးသည့် အကျဉ်းသား ၇၀၀ ကျော်ထဲတွင် ပါဝင်လာခြင်းမရှိပေ။

“ကျွန်တော်တို့ ကြားရတဲ့သတင်းအရ ဦးစားပေး ၁၊ ၂၊ ၃ နဲ့ သွားတာပေါ့။ မနေ့ကတော့ ဦးစားပေး (၁) တွေ စလွှတ်တယ်ပေါ့။ (၂) တွေ (၃) တွေထဲမှာ ပါနိုင်တယ်လို့တော့ ထင်တယ်။ ကျွန်တော်တို့လည်း တိတိကျကျ မသိရဘူး” ဟု ၎င်းတို့ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေဦးသက်နောင်က ပြောသည်။

မတ် ၁ ရက်က ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ အောင်တော်မူလမ်းတွင် ဆန္ဒပြသူများကို ရဲက အကြမ်းဖက်ဖြိုခွင်းနေစဉ် ယင်းလမ်းအတွင်းရှိ တိုက်တစ်လုံးပေါ်မှ ရေနွေးပူဖြင့် လောင်းသည်ဟုဆိုကာ အသက် ၂၀ မှ ၃၀ ကျော်အရွယ်ရှိ အမျိုးသမီးငါးဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

ဖမ်းဆီးခံရသူများမှာ မအိအိအောင်၊ မယုယုဝင်း၊ မခင်နှင်းဦး၊ မစန္ဒာစိုး၊ မဒေလီယာမောင်တို့ဖြစ်ကာ စစ်ကောင်စီက မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခဲ့ပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ခံထားရသည်မှာ လေးလရှိပြီဖြစ်သည်။

ရေနွေးပူဖြင့် လောင်းခံရ၍ ထိခိုက်ဒဏ်ရာရသူမရှိဟု စစ်ကောင်စီက နေ့တွင်းချင်းပင် သတင်းထုတ်ပြန်ပြီးဖြစ်သည့် အဆိုပါအမှုမှာ ယနေ့(ဇူလိုင်၁) တွင် ငါးကြိမ်မြောက်ရုံးချိန်းအဖြစ် ထောင်တွင်းတရားရုံးတွင် စစ်ဆေးခံနေရဆဲဖြစ်ကြောင်း၊ ဇူလိုင် ၁၅ သို့ ပြန်လည်ချိန်းဆိုထားကြောင်း မဒေလီယာမောင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

အကျဉ်းကျနေသူ ငါးဦးစလုံးအတွက် ပုံမှန်ထောင်ဝင်စာပို့နိုင်ရန် အခက်အခဲဖြစ်နေကာ မစန္ဒာစိုးက မျက်စိနာနေပြီး မဒေလီယာမောင်မှာ အူယောင်ငန်းဖျားဖြစ်နေသဖြင့် ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေရသည်ဟု မိသားစုဝင်များက ဆိုသည်။ 

“ကျွန်တော်ကလည်း အခု ရန်ကုန်ကနေ တခြားနေရာသွားနေရတော့ စိုးရိမ်တာပေါ့နော်။ အခုဆိုရင် နယ်ကနေ အမေကိုယ်တိုင် လာလာပို့နေရတယ်။ ဒီနေ့ရုံးချိန်းမှာဆို ထမင်းဟင်း မပို့ပေးနိုင်ဘူး” ဟု မဒေလီယာမောင်၏ အထက်ပါမိသားစုဝင်က ပြောသည်။

စစ်ကောင်စီသည် တစ်နိုင်ငံလုံး၌ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသူ ၂၀၀၀ ကျော်ကို ယမန်နေ့တွင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြမှုအတွင်း သာမန်ပါဝင်သူကို ဦးစားပေး (၁)၊ ဖျက်ဆီးမှုများပြုလုပ်သူ၊ ရန်ပြုနိုင်သည့် ပစ္စည်းများရှာဖွေတွေ့ရှိသူကို ဦးစားပေး (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရတို့နှင့် ပတ်သက်သူကို ဦးစားပေး (၃) အဖြစ် စစ်ကောင်စီက ခွဲခြားသတ်မှတ်သည်ဟု စုံစမ်းသိရှိရသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button