
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက တပ်စခန်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်ရေယာဉ်များ လက်လွှတ်ဆုံးရှုံးနေချိန် ရခိုင်အမျိုးသားမုန်းတီးရေး လှုံ့ဆော်သွေးထိုးစာများကို မန္တလေးမြို့ လူစည်ကားရာ လမ်းမကြီးများ၊ ဈေးများ၊ ရပ်ကွက်များတွင် ယနေ့ (ဖေဖော်ဝါရီ ၁၂) တွင် ဖြန့်ဝေသွားသည်။
လှုံ့ဆော်သူများကို စစ်ကောင်စီလက်နက်ကိုင်ဟု ယူဆရသူများက အကာအကွယ်ပေးထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“မြင်လိုက်တဲ့သူတွေက ပြောတာတော့ အရပ်ဝတ်တွေနဲ့ သူတို့လူတွေပဲ လာကပ်တယ်။ သူတို့နဲ့ မနီးမဝေးမှာလည်း လက်နက်ပါတဲ့ အရပ်ဝတ်တွေ လုံခြုံရေးပေးထားတယ်။ ပြီးတော့ သူတို့ဘာသာ ဓာတ်ပုံပြန်ရိုက်ယူသွားကြတယ်” ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ အမျိုးသားက Myanmar Now ကို ပြောသည်။
မန္တလေး မြို့သူမြို့သားများသို့ လိပ်မူထားသည့် ထိုစာရွက်များကို လမ်းများပေါ်တွင် ကြဲချကြသလို လူစည်ကားရာနေရာများနှင့် မန္တလေးတက္ကသိုလ်အနီးတို့တွင် ကပ်သွားသည်ဟု သိရသည်။
“AA အကြမ်းဖက်သမားများကို ဆန့်ကျင်သည့်အနေဖြင့် မန္တလေးမြို့ပေါ်က ရခိုင်ဆိုင်မှန်သမျှကို ဝယ်ယူစားသောက်အားပေးခြင်း ရှောင်ကြဉ်ကြ” ဟူသည့် စာသားများပါဝင်သည်ဟု ၎င်းက ပြောသည်။
တော်လှန်ရေးအင်အားစုက ပြုလုပ်သည့် အလားတူလှုပ်ရှားမှုမျိုးကို အရေးယူရန် လှုံ့ဆော်လေ့ရှိသည့် စစ်တပ် ဝါဒဖြန့် စာမျက်နှာများတွင်လည်း ဓာတ်ပုံများဖြင့် ဝေဝေဆာဆာဖော်ပြရေးသားကာ အလားတူ သွေးထိုးလှုံ့ဆော်နေကြသည်ကို ယနေ့မနက်ပိုင်းက တွေ့ရသည်။
မန္တလေးဒေသခံတစ်ဦးကမူ ရခိုင်ပြည်နယ်မှ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ ချင်းပြည်နယ်မှ ပလက်ဝမြို့တို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်လိုက်သဖြင့် စစ်ကောင်စီက သွေးရူးသွေးတန်း လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု ယူဆသည်။
“ပြည်သူတွေက မ ”အ” တော့ပါဘူး။ သူတို့လှုံ့ဆော်တိုင်းလည်း လူမျိုးရေးပဋိပက္ခတွေ ဖြစ်လာစရာ မရှိဘူး။ စိတ်မပူဘူး။ သွေးရူးသွေးတန်းနဲ့ ကလေးကွက်တွေ လုပ်နေကြတာပါ” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
အခြားမြို့ခံတစ်ဦးကလည်း အလားတူ သုံးသပ်သည်။
“တိုင်းရင်းသားအချင်းချင်းလည်း ရန်တိုက်ပေးလိုက် လုပ်လာတာ ဘယ်သူတွေလဲ၊ မထူးဆန်းတော့ဘူး။ ဒီလိုအလုပ်တွေကို သူတို့စစ်တပ်ကပဲ အမြဲလုပ်လာတာ” ဟု အသက် ၅၀ အရွယ် အမျိုးသားက ပြောသည်။
လူမျိုးရေးမုန်းတီးရန်၊ AA လက်နက်ကိုင်အဖွဲ့ကို ဆန့်ကျင်ရန် လှုံ့ဆော်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
AA လက်နက်ကိုင်အဖွဲ့သည် ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရာတွင် ပါဝင်နေသောကြောင့် လူထုထောက်ခံမှု များပြားနေသည်။
ဤသို့သော လှုံ့ဆော်မှုမှာ ပထမဆုံးအကြိမ် ပေါ်ပေါက်လာသော လှုံ့ဆော်မှုလည်း ဖြစ်သည်။ AA အဖွဲ့က ရခိုင်စစ်မျက်နှာပြင်တွင် အရပ်သားများကို တိုက်ခိုက်သည်ဟူသော စွပ်စွဲချက်များနှင့်အတူ အချိန်ကိုက် ထွက်ပေါ်လာသော လှုံ့ဆော်မှုလည်း ဖြစ်သည်။
လှုံ့ဆော်မှုနှင့် ပတ်သက်ပြီး AA က ယခုသတင်းထုတ်ပြန်ချိန်အထိ တုံ့ပြန်မှု မရှိသေးပေ။
ရခိုင်တိုင်းရင်းသားများသည် မန္တလေး အပါအဝင် အခြားမြို့များတွင် အခြေချ နေထိုင်နေကြပြီး အတူတကွနေထိုင်သူများနှင့် သင့်မြတ်ကြသည်ကို တွေ့ရသည်။
သို့သော်လည်း လတ်တလော လှုံ့ဆော်မှုများကြောင့် မန္တလေးမြို့အတွင်း ရခိုင်အစားအစာ ရောင်းချသည့် ဆိုင်များအပေါ် မည်သို့ သက်ရောက်မှု ရှိနေသည်ကို မသိရသေးပေ။
မန္တလေးတွင် ရခိုင်တိုင်းရင်းသားမဟုတ်သူများလည်း ရခိုင်အစားအစာ လုပ်ကိုင် ရောင်းချသည်ကို တွေ့နိုင်သည်။
မတည်ငြိမ်မှုများ
အမျိုးအစား စုံလင်သော မတည်ငြိမ်မှုများသည် အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်စပ်နေသည်။
နိုင်ငံအလယ်ပိုင်း အချက်အချာကျသည့် မြို့တော် မန္တလေးသည် အာဏာသိမ်းမှုဆန့်ကျင်သူများ၊ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေသူများ ထွက်ရှိရာ ဒေသဖြစ်ပြီး စစ်ကောင်စီ၏ ဖမ်းဆီးမှု၊ သတ်ဖြတ်မှု အများအပြား ပေါ်ပေါက်ရာဒေသ ဖြစ်သည်။
စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို ဖေဖော်ဝါရီ ၁၁ တွင် အသက်သွင်းလိုက်ရာ အခြားမြို့များနည်းတူ စစ်ကောင်စီတပ်ကို မလိုလားသူ မန္တလေးဒေသခံအများအပြားကလည်း စိတ်မသက်မသာ ဖြစ်နေကြသည်။
လူအသွားအလာများသည့် လမ်းမများ၌ ည ၈ နာရီနောက်ပိုင်း အသွားအလာ နည်းပါးသွားပြီး ဈေးဆိုင်ခန်းများလည်း စောစော ပိတ်သိမ်းလာကြသည်ဟု မဟာအောင်မြေမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဘယ်ရပ်ကွက်မှာတော့ လူအစုလိုက်အပြုံလိုက် ပေါ်တာဆွဲသွားပြီဆိုတာမျိုး သတင်းတွေက ကြားနေရတော့ ညဆို စိုးရိမ်စိတ်နဲ့ အိပ်ကြရတာပဲ။ ညဘက် အိမ်ကို လူစုံအောင် ပြန်မရောက်သေးရင်ကို ပူနေရတော့တာ” ဟု ယင်းအမျိုးသမီးက ဆိုသည်။
“ဒီကြားထဲ ညဆို အင်အားအလုံးအရင်းနဲ့ မထင်ရင်မထင်သလို ဝင်စစ်တယ်၊ သူတို့ဧည့်စစ်နေတဲ့ ရပ်ကွက်ဆိုရင် မီးအမှောင်ချထားပြီး မသိရင် သုသာန်ကြီးကျနေတာပဲ၊ တိတ်ဆိတ်ပြီး သူတို့ ဟိန်းဟောက်နေတဲ့အသံတွေက တစ်ရပ်ကွက်လုံး ကြားရတယ်”
ဖေဖော်ဝါရီလအတွင်း မန္တလေး မဟာအောင်မြေမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ဧည့်စာရင်းပိုက်စိပ်တိုက်စစ်ဆေးနေသည်ဟု သူက ဆိုသည်။
“အိမ်ထောင်စုဇယားမိတ္တူတွေ လိုက်ကောက်တယ်၊ နေ့ခင်းကြောင်တောင်လည်း ဧည့်စာရင်းတွေ လာစစ်တယ်။ ဒီလိုတွေလုပ်လာတော့ ပိုထိတ်လန့်နေကြတယ်” ဟု သူက ဆက်ပြောသည်။
ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း မန္တလေးတောင်ခြေရှိ ရွာတစ်ရွာကို အုပ်ချုပ်ရေးအဖွဲ့၊ ရဲ၊ စစ်တပ်တို့ ဝင်ရောက်ပြီး ခိုလှုံနေသည့် စစ်ဘေးရှောင်အများအပြားကို ဒဏ်ရိုက်ကာ အမျိုးသား ၃၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများသည် မန္တလေးနှင့် ထိစပ်နေပြီး တိုက်ပွဲဖြစ်ပွားနေသည့် မတ္တရာမြို့နယ်မှ စစ်ဘေးရှောင်ထွက်ပြေးလာသူ အများအပြားဖြစ်ပြီး ထိုကျေးရွာတွင် အိမ်ငှားရမ်း နေထိုင်ကြသူများဖြစ်ကာ ထိုသူများ၏ နောက်ဆက်တွဲအခြေအနေကို စုံစမ်း၍ မရသေးပေ။