ဆောင်းပါး

အိန္ဒိယနိုင်ငံ ပဋိပက္ခတွင် ကြားညပ်နေသော မြန်မာဒုက္ခသည်များ

လျှို့ဝှက်နေထိုင်သည့်အိမ်မှ ရံဖန်ရံခါ အပြင်ထွက်ရသည့်အခါ ကိုဇော်ဝင်း အချိန်ဖြုန်းလေ့မရှိဘဲ အလုပ်ပြီးသည်နှင့် အိမ်ပြန်ရသည်။ ဇနီး၊ သားငယ်နှင့် သူ၏ စားရေးသောက်ရေးအတွက် အိမ်အပြင်ဘက်ကို မဖြစ်မနေ စွန့်စားထွက်ရတတ်သည်။

သို့သော် မဏိပူရတွင် ဈေးဝယ်ထွက်ရသည်မှာ လုံခြုံစိတ်ချရခြင်း မရှိပေ။ ရိုးရိုးသားသား ခြေလှမ်းမှားတစ်ခုကပင် လူတစ်ယောက်ကို အသက်ဆုံးရှုံးသွားစေနိုင်သည်။

အိန္ဒိယအရှေ့မြောက်ပိုင်းရှိ ပြည်နယ်အငယ်စားတစ်ခုဖြစ်သည့် မဏိပူရတွင် ပဋိပက္ခများကြောင့် သုံးလကျော်ကာလအတွင်း ၁၈၀ ထက်မနည်း သေဆုံး၊ ၄၀၀ ထက်မနည်း ဒဏ်ရာရ၊ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရသူ ၅၄၀၀၀ ကျော် ရှိသည်။ နေအိမ်များ၊ လူနာတင်ကားများ မီးရှို့ခံရ၊ ကလေးငယ်အများအပြား မိဘမဲ့ ဖြစ်ရပြီး အမျိုးသမီးများလည်း အဓမ္မပြုကျင့်ခံခဲ့ရသည်။ အလောင်းများမှာ မမှတ်မိနိုင်လောက်သည်အထိ ပုံပျက်အောင် ဖျက်ဆီးခံခဲ့ရသည်။ လူမျိုးရေး တင်းမာမှုများ ဆယ်စုနှစ်များစွာ ဖြစ်ခဲ့ပြီးနောက် လူများစု (Meitei) ကသည်းလူမျိုးများနှင့် လူနည်းစု (Kuki) ကူကီးလူမျိုးများကြား နိုင်ငံရေးမသင့်မြတ်မှုသည် မကြုံစဖူးသော သွေးထွက်သံယိုမှုများအဖြစ်သို့ ဆိုက်ရောက်လာသည်။

အသက် ၄၁ နှစ်အရွယ် ကိုဇော်ဝင်းသည် ကူကီး မဟုတ်သလို ကသည်းလည်း မဟုတ်ပေ။ မြန်မာနိုင်ငံအတွင်း ပဋိပက္ခများမှ လွတ်မြောက်ရန် အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာသော ဒုက္ခသည်တစ်ဦးဖြစ်သည်။ မဏိပူရပြည်နယ်၏ အရှေ့ဘက်အစွန်ရှိ နယ်ခြားမြို့ငယ်လေးဖြစ်သော မိုရေးမြို့တွင်မူ အခြားအကျပ်အတည်းတစ်ခု သူကြုံတွေ့ရသည်။ စက်သေနတ်များ၊ လက်လုပ်ရိုင်ဖယ်များ ကိုင်ဆောင်ထားကြသည့် အုပ်စုများမှာ လမ်းပေါ်တွင် အချင်းချင်း သတ်ဖြတ်ခဲ့ကြသည်။

ဩဂုတ်လ ၅ ရက်နေ့ ပစ်ခတ်မှုများအတွင်း ကသည်း ၃ ဦး၊ ကူကီး ၂ ဦး သေဆုံးသည်။ မဏိပူရ လက်နက်တိုက်တွင် ရာနှင့်ချီသော သေနတ်များနှင့် သောင်းနှင့်ချီသော ကျည်ဆန်များ လုယက်ခံရပြီး ရက်အနည်းငယ် အကြာတွင် ထိုကဲ့သို့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းပင်။ ထို့နောက် နှစ်ပတ်မပြည့်မီ ရှားရှားပါးပါး အပစ်အခတ်ရပ်စဲရေးကာလဟု ယူဆရချိန် ကသည်းလူမျိုးများ ကြီးစိုးရာ ဒေသအနီးရှိ ကူကီးကျေးရွာတစ်ရွာတွင် လက်နက်ကိုင်များက ကျေးရွာအစောင့်သုံးဦးကို သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြန်သည်။

မဏိပူရပြည်နယ် Thoubal ခရိုင်တွင် ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဗီဒီယိုတစ်ခု ပျံ့နှံ့သွားခဲ့ပြီး ရဲတပ်ဖွဲ့က သံသယရှိသူများကို ဇူလိုင် ၂၂ ရက်တွင် ဖမ်းဆီးထိန်းသိမ်းနေစဉ်။ ထိုသို့ ဖမ်းဆီးခြင်း မတိုင်မီ သုံးရက်အလိုတွင် ဗီဒီယို ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။ ဗီဒီယိုထဲတွင် ကူကီးဟု ယူဆရသူ အမျိုးသမီးနှစ်ဦး လမ်းတစ်လျှောက် ကိုယ်လုံးတီးဖြင့် လမ်းလျှောက်နေရစဉ်တွင် ကသည်းဟု ဆိုသော လူတစ်စုက လှောင်ပြောင်စော်ကားနေကြခြင်းကို ရိုက်ကူးသည့် ဗွီဒီယိုဖြစ်သည်။ (ဓာတ်ပုံ – Arun SANKAR / AFP)

“မဏိပူရက အရမ်းအန္တရာယ်များတဲ့နယ်မြေပါ” ဟု သူ၏ လုံခြုံရေးအတွက် အမည်ဝှက်ကို အသုံးပြုနေသည့် ကိုဇော်ဝင်းက Myanmar Now ကို ပြောသည်။ “အဲဒါကြောင့် အစားအသောက်အတွက်တောင် လေးရက်တစ်ခါ၊ တစ်ခါတလေ တစ်ပတ်မှာ တစ်ခါလောက်ပဲ အပြင်ထွက်တယ်။ ဒါတောင်မှ ကျွန်တော်တို့ ကြောက်ကြောက်နဲ့ ထွက်ရတာပါ”

ကိုဇော်ဝင်းက ဒဏ်ရာရမည်၊ သေဆုံးမည်ကို ကြောက်ရွံ့သဖြင့် အပြင်တွင် သိပ်မနေပေ။ မကြာသေးမီလများက ကသည်းအသိုက်အဝန်းအတွင်း ပိုမို အစွန်းရောက်သော ခေါင်းဆောင်တချို့က ၎င်းတို့၏ အကြမ်းဖက်မှုကို ဖုံးကွယ်သည့်အနေဖြင့် ကိုဇော်ဝင်း အပါအဝင် ဒုက္ခသည်များကို “တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ” နှင့် “မူးယစ်ဆေးဝါးကုန်ကူးသော အကြမ်းဖက်သမားများ” ဟု တံဆိပ်ကပ်ခဲ့ကြသည်။

“လောလောဆယ် ကျွန်တော်တို့ကို နှစ်ဖက်လုံးက အကာအကွယ်မပေးနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီမှာ ဆက်အသက်ရှင်ဖို့ မျှော်လင့်ချက် ကင်းမဲ့နေပါတယ်။ ဒါပဲ ကျွန်တော်ပြောနိုင်တယ်” ဟု ကိုဇော်ဝင်းက ဆိုသည်။

ဒုက္ခသည်အသိုက်အဝန်းအပေါ် အကြမ်းဖက်မှုများ မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်နေကြသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အန္တရာယ် အမှန်တကယ်ရှိနေသဖြင့် နှိပ်စက်ညှဉ်းပန်းခံရမည်ကို ကိုဇော်ဝင်း  စိုးရိမ်သည်။

ယခုနှစ်အစောပိုင်းတွင် အထူးကွန်မန်ဒိုတပ်ဖွဲ့တစ်ဖွဲ့က မိုရေးမြို့အနှံ့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း ဝင်ရောက်စီးနင်းကာ ဒုက္ခသည် ၁၇၀ ထက်မနည်းကို ဖမ်းဆီးသွားကြောင်း လူမှုအကူအညီပေးရေးအဖွဲ့ India For Myanmar က ပြောသည်။ နယ်စပ်ဒေသ အိန္ဒိယအာဏာပိုင်တို့က ပစ်မှတ်ထား ဆက်တိုက် ဖမ်းဆီးနေမှုကြောင့် ခိုလှုံသည့်နေရာမှ စွန့်ခွာကာ တောထဲတွင် ပုန်းအောင်းနေရသူ အများအပြားရှိနေသည်။ တချို့က နယ်စပ်ဖြတ်ပြီး မြန်မာနိုင်ငံသို့ ပြန်သွားကြသည်။

“လောလောဆယ် ကျွန်တော်တို့ကို နှစ်ဖက်လုံးက အကာအကွယ်မပေးနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီမှာ ဆက်အသက်ရှင်ဖို့ မျှော်လင့်ချက် ကင်းမဲ့နေပါတယ်။”

– မဏိပူရတွင် နေထိုင်သော မြန်မာဒုက္ခသည်တစ်ဦး

“[ရဲတွေ] က အဆောက်အအုံ လွတ်နေတာတွေ တွေ့တဲ့အခါမှာ ဘာကြောင့် နေရာလွတ်နေတာလဲ၊ မြန်မာဒုက္ခသည်တွေရဲ့ နေအိမ် ဟုတ်မဟုတ်၊ ပိုင်ရှင်တွေ ဘယ်မှာလဲလို့ မေးကြပါတယ်” ဟု မြန်မာတစ်ဦးက Radio Free Asia သတင်းဌာနကို မတ်လတွင် ပြောသည်။

“ဒုက္ခသည်တွေကို ပေးမနေဖို့၊ မောင်းထုတ်ကြဖို့ အာဏာပိုင်တွေက ရွာလူကြီးတွေကို အမိန့်ပေးပါတယ်”

ပြည်တွင်းစစ် ချောက်နှုတ်ခမ်း

ကသည်းနှင့် ကူကီး လူမျိုးတို့ကြား အငြင်းပွားမှုသည် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဟိန္ဒူအများစုဖြစ်သည့် ကသည်းများသည် ပြည်နယ်၏ အလယ်ဗဟိုတွင် တည်ရှိသည့် မဏိပူရရှိ အင်ဖာတောင်ကြားဒေသတွင် အဓိက နေထိုင်ကြကာ ထိုဒေသတွင် မဏိပူရ၏ မြို့တော် အင်ဖာ တည်ရှိသည်။ ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသည့် အနီးပတ်ဝန်းကျင်တောင်ကုန်းများတွင်မူ ကူကီးနှင့် နာဂ အများစုနေထိုင်ကြပြီး ၎င်းတို့ အများစုမှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။

မကျေမနပ်ဖြစ်ရသည့် အကြောင်းရင်းများမှာ နှစ်ဖက်လုံးတွင် ရှိနေသည်။ မဏိပူရ၏ နိုင်ငံရေးတွင် လွှမ်းမိုးထားသည့် ကသည်းတို့မှာ လူမျိုးနွယ်စု အထူးအဆင့်အတန်း ရမထားပါ။ ထိုအထူးအဆင့်အတန်းသည် ကူကီးအပါအဝင် အိန္ဒိယရှိ လူမှုစီးပွားအခြေအနေ အားအနည်းဆုံးအုပ်စုတချို့ကို ယေဘုယျအားဖြင့် အခွင့်အရေးပေးထားသည့် သတ်မှတ်ချက်တစ်ခုဖြစ်သည်။ ထိုသို့ အထူးအဆင့်အတန်း မရရှိသဖြင့် ကသည်းတို့က ၎င်းတို့၏ နယ်မြေကို ပြည်နယ်အတွင်း တောင်တန်းဒေသများသို့ တရားဝင် တိုးချဲ့ခွင့် မရပေ။ အခြားတစ်ဖက်တွင်မူ ဌာနေတိုင်းရင်းသား မြေယာအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ကသည်းလူမျိုးကြီးစိုးသော အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်ရာတွင် ၎င်းတို့ မတရားပစ်မှတ်ထားခံနေရသည်ဟု ကူကီးအများအပြားက ယုံကြည်နေကြသည်။ ထိုသို့ ကိုင်တွယ်ဆောင်ရွက်သဖြင့် ၎င်းတို့ကို နိုင်ငံပိုင်သစ်တောများမှ နိုင်ထက်စီးနင်း နှင်ထုတ်ခြင်း၊ ၎င်းတို့ကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများနှင့် ဘိန်းစိုက်တောင်သူများအဖြစ် ရှုတ်ချခြင်းများ ရှိကြောင်းလည်း ၎င်းတို့က ယူဆကြသည်။

အပူချိန် သိသိသာသာမြင့်တက်လာသည့် ဧပြီလသည် လူမျိုးနွယ်စု အထူးအဆင့်အတန်း သတ်မှတ်ချက်တွင် ကသည်းလူမျိုးများကိုပါ ပါဝင်ခွင့်ပြုရေး ပြည်နယ်အစိုးရက ထောက်ခံပေးရန် မဏိပူရတရားရုံးက အမိန့်ချမှတ်သော အချိန်အခါလည်း ဖြစ်သည်။ ထိုတောင်းဆိုချက်သည် ကသည်းလူမျိုးများကို အာဏာပိုမိုရရှိစေပြီး၊ တောင်တန်းဒေသများသို့ ကသည်းလူမျိုးများ လွှမ်းမိုးမှု ချဲ့ထွင်နိုင်ရေးအတွက် ပြည်နယ်အစိုးရ၏ တရားဝင်ထောက်ခံချက် ရရှိသွားသကဲ့သို့ ဖြစ်စေနိုင်ကြောင်း ကူကီးအုပ်စုများက ယူဆကာ ဝေဖန်ခဲ့ကြသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများသည် အချိန်တိုအတွင်းတွင်ပင် အကြမ်းဖက်မှုအသွင်ဆောင်လာပြီး လမ်းပေါ်တွင် လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားလာသည်၊ ရဲက နံပါတ်တုတ်များ၊ မျက်ရည်ယိုဗုံးများ သုံးကာ ဖြိုခွင်းရန် ကြိုးပမ်းသော်လည်း မအောင်မြင်ပေ။

သွေးထွက်သံယိုမှု လျင်မြန်စွာ ကြီးထွားလာကာ၊ မေလအစောပိုင်းတွင် ပဋိပက္ခယမ်းမီး ပေါက်ကွဲလာသည်။

ဇူလိုင် ၂၃ ရက်က အင်ဖာမြို့ အကြမ်းဖက်မှုအတွင်း လူအုပ်၏ ဖျက်ဆီးခံခဲ့ရသည့် ကူကီး နှစ်ခြင်းကွန်ဗင်းရှင်းစင်တာ ဘုရားကျောင်း၏ မြင်ကွင်း (ဓာတ်ပုံ – Arun Sankar/ AFP)

ထိုအချိန်မှစကာ ထိုဒေသမှ ရွာများ ရွာလုံးကျွတ်မီးရှို့ခံရကာ၊ ထောင်နှင့်ချီသော မဏိပူရဒေသခံ ကသည်းများနှင့် ကူကီးများသည် အနီးအနား ဒေသများသို့ ထွက်ပြေး ခိုလှုံကြရသည်။ ဓားထိုးမှု၊ ပစ်ခတ်မှု၊ လူအုပ်ကြီးက သတ်ဖြတ်မှုများ ပေါ်ပေါက်လာသလို၊ နှစ်ဖက် ပြည်သူ့စစ်များအကြား သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလည်း ပျံ့နှံ့လာသည်။ ကျောင်းများနှင့် လုပ်ငန်းခွင်များကို ပိတ်ထားရပြီး၊ အင်တာနက်အသုံးပြုခွင့်ကို ကန့်သတ်ထားရသည်။ အိန္ဒိယစစ်တပ်ကိုလည်း ပစ်မိန့်ပေးလိုက်သည်။

ဤဖြစ်စဉ်မှာ ကမ္ဘာက အာရုံစိုက်ခဲ့သော အကျပ်အတည်းတစ်ခုပင် ဖြစ်သည်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီသည် ပျံ့နှံ့နေသော လူမျိုးရေးအကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးကို အာရုံသိပ်မစိုက်ခဲ့ပေ။ သူ၏ပါတီမှာလည်း မဏိပူရပြည်နယ်တွက် အာဏာရပါတီ ဖြစ်သည်။ အတိုက်အခံပါတီက သူ့ကို အယုံအကြည်မရှိအဆို တင်သွင်းခဲ့ပြီးနောက်တွင်မူ “ဆင်းရဲသားများအတွက် ကယ်တင်ရှင်” ဟု အချို့က ဆိုကြသော မိုဒီက ဩဂုတ်လ ၁၀ ရက်နေ့တွင် သူ၏ တိတ်ဆိတ်မှုကို အဆုံးသတ်လိုက်သည်။

“တိုင်းပြည်က ခင်ဗျားတို့နဲ့အတူ ရှိနေပါတယ်။ ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ပြီး မဏိပူရပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ် ရောက်အောင်လုပ်ဖို့ ကျွန်တော်တို့ အတူတကွထိုင်ပြီး လက်ရှိ အခက်အခဲကို အဖြေရှာသွားမှာပါ” ဟု ပဋိပက္ခဒဏ် ခံနေရသော လူသိန်းပေါင်းများစွာကို မိုဒီက အာမခံချက်ပေးခဲ့သည်။

အကောင်းမြင်စိတ် နည်းပါးလာကြရာ တချို့က အခြေအနေသည် ပြည်တွင်းစစ်နှင့် နီးစပ်လာပြီဟုပင် ဆိုလာကြသည်။ ဇွန်လက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျုက ဆက်လက်ဖြစ်ပွားနေသော ရက်စက်ကြမ်းကြုတ်မှုများကို “ဆယ်စုနှစ်များအတွင်း ပြည်နယ်အတွင်း အဆိုးရွားဆုံး [အကြမ်းဖက်မှု]” အဖြစ် တံဆိပ်ကပ်ထားပြီး “ဆယ်စုနှစ်များစွာ အမြစ်တွယ်ခဲ့သော မယုံကြည်မှု၊ သမိုင်းနှင့်ချီကာ ထိခိုက်နစ်နာခဲ့မှုများသည် ဒေသတစ်ဝှမ်းရှိ ဌာနေတိုင်းရင်းသားအသိုက်အဝန်းများကို နှစ်ခြမ်းကွဲသွားစေခဲ့ကြောင်း” ကိုလည်း ဖော်ပြထားသည်။

“ဤကိစ္စတွင် ကွဲလွဲနေသော တောင်းဆိုမှုများ အများအပြားပါဝင်ကာ လူမျိုးစုအရေး၊ လူမျိုးစုဒေသသတ်မှတ်ရေး ကဲ့သို့သော တောင်းဆိုမှုများ ဖြစ်လာသည်၊ လက်နက်ကိုင်အဖွဲ့များက ထိုတောင်းဆိုမှုများကို ခုခံကာကွယ်နေကြခြင်းဖြစ်သည်” ဟု ဖော်ပြခဲ့သည်။

နိုင်ငံရေးဓားစာခံများ

ဤသည်မှာ ကိုဇော်ဝင်း မြန်မာ့ပြည်တွင်းစစ်မှ ထွက်ပြေးလာခြင်း သုံးနှစ်မပြည့်မီတွင် မီးမုန်တိုင်းတစ်ခုကို ထပ်ကြုံရခြင်းဖြစ်သည်။ သူစိမ်းဟု သတ်မှတ်ခံရသူများကို ရန်လိုသော ဤနေရာတွင် အာဏာပိုင်များ သို့မဟုတ် ကသည်းကင်းစောင့်အဖွဲ့များ၏ ဖမ်းဆီးခြင်း ခံရပါက သူ့အသက်မှာ မဏိပူရဒေသ၏ တရိပ်ရိပ်တက်လာသော သေဆုံးမှုစာရင်းထဲမှ ကိန်းဂဏန်းတစ်ခု ဖြစ်သွားနိုင်ကြောင်း သူသိသည်။ ထို့ပြင် တခြားဖြစ်နိုင်ခြေမှာလည်း စိုးရိမ်စရာကောင်းသည်။ သူ ခက်ခက်ခဲခဲ ရုန်းကန် ထွက်ပြေးလာခဲ့ရသော ဇာတိမြေသို့ ပြန်ပို့ခံရနိုင်ခြေပင် ဖြစ်သည်။

ဇနီး၊ သားတို့နှင့်အတူ ဆိုင်ကယ်ဖြင့် နယ်စပ်ဖြတ်လာခဲ့သည်မှာ နှစ်နှစ်ကျော်ရှိပြီဖြစ်ကာ အိပ်မက်ဆိုးတစ်ခုမှနေ၍ နောက်အိပ်မက်ဆိုးတစ်ခုဆီ ကူးသကဲ့သို့ ဖြစ်နေသည်။ သူ့အတွက် “မနေ့ကလိုပါပဲ” ဟု သူက ပြောသည်။

၂၀၂၁ ခုနှစ် မေလ နံနက်ခင်းတစ်ခုတွင် မန္တလေးရှိ ကိုဇော်ဝင်း အလုပ်လုပ်သည့် တက္ကသိုလ်တစ်ခု၏ ဂိတ်ပေါက်ဆီသို့ စစ်သားများလိုက်ပါလာသော ပထမအသုတ်စစ်ကားများ ရောက်လာခဲ့သည်။ ရောက်လာလိမ့်မည်ဟု ဝန်ထမ်းများက ယူဆထားပြီးသားဖြစ်သည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို  ဖြုတ်ချပြီး ပြည်သူများကို နှိပ်ကွပ်သောစစ်ပွဲကို စစ်တပ်က ပြန်စတင်ခဲ့သည်မှာ ထိုစဉ်က သုံးလကျော်ကြာခဲ့ပြီ ဖြစ်သည်။

တက္ကသိုလ်၏ တစ်ခုတည်းသော ဂိတ်ပေါက်ရှေ့တွင် ဒါဇင်နဲ့ချီသော ဆန္ဒပြသူများက လူတံတိုင်းဖြင့် ပိတ်ဆို့လိုက်ကြသည်၊ အကြမ်းမဖက်ခုခံသည့်နည်းလမ်းကို အသုံးပြုခဲ့ကြခြင်းဖြစ်ကာ စစ်သားများ ကျောင်းဝင်းထဲ အတင်းအကျပ်ဝင်ရောက်ခြင်းကို ဟန့်တားနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။

“တစ်နာရီလောက်ကြာတော့ စစ်သားတွေအပြည့်နဲ့ နောက်ထပ်ထရပ်ကားငါးစီးက ဂိတ်ကို ရောက်လာတယ်” ဟု ကိုဇော်ဝင်းက ပြန်ပြောင်းပြောပြသည်။ “အဲဒီနောက်မှာတော့ သူတို့ဟာ ကြိုမကြေညာဘဲ မီးခိုးဗုံးတွေနဲ့ ရာဘာကျည်ဆန်တွေကို စပြီး သုံးကြပါတယ်။ သူတို့ စပြီးပစ်ကြခတ်ကြတယ်၊ ဂိတ်ကို ဖြိုချပြီး ဝါရင့်ပါမောက္ခကြီးတစ်ယောက် အပါအဝင် ဝန်ထမ်း ၄၀ နီးပါးကို ဖမ်းဆီးပြီး ကျွန်တော့်မျက်စေ့ရှေ့မှာပဲ ရိုက်နှက်ကြပါတော့တယ်” ဟု ကိုဇော်ဝင်းက ဆိုသည်။

ကိုဇော်ဝင်းသည် ထိုနေ့တွင်ပင် မန္တလေးမှ ထွက်ခွာကာ ကြိုတင်သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ထွက်ပြေးခဲ့သည်။ သူ့ကို စစ်တပ်က အလိုရှိသူအဖြစ် သတ်မှတ်လိုက်ရာ ဖမ်းမိပါက သူ့ကို ဖမ်းဆီး၊ ထောင်ချ၊ သို့မဟုတ် သတ်ပစ်နိုင်ခြေပင် ရှိခဲ့သည်။ လိုအပ်သောပစ္စည်းများကို တတ်နိုင်သမျှ စုဆောင်းပြီး ဇနီးသည်၊ ထိုစဉ်က ၁၈ လသား အရွယ်ရှိ သားငယ်တို့နှင့်အတူ အနောက်မြောက်ဘက်သို့ ကီလိုမီတာ ၃၂၀ ခရီး စတင်ခဲ့ကာ နယ်စပ်ကို ဖြတ်၍ အိန္ဒိယသို့ အရောက်သွားခဲ့ကြသည်။ နယ်စပ်ဒေသခံများ၏ အကူအညီဖြင့် မဏိပူရသို့ သွားခဲ့ကြသည်။

ပထမသုံးလအတွင်းတွင် အိန္ဒိယ၌ ကိုဇော်ဝင်းနှင့် သူ၏ မိသားစုသည် အိမ်အပြင်ဘက်ကိုပင် ခြေမချဘဲ တိတ်ဆိတ်စွာ နေထိုင်ခဲ့ကြသည်။ ကိုဇော်ဝင်း အပြင်စထွက်သောအခါ ထိုဒေသ၏ မတူကွဲပြားမှု ပေါများခြင်းကို တွေ့ပြီး သူသဘောကျလာသည်။ ကသည်း၊ ကူကီးနှင့် အခြားလူမျိုးစုများအားလုံး အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်နေကြသည်ဟု သူထင်ခဲ့ကြောင်း ကိုဇော်ဝင်းက ပြောသည်။

နောက်ဆုံးတွင်မူ မဏိပူရသည် မတူကွဲပြားမှုများ ဆုံစည်းရာ နေရာမျိုးထက် ပေါက်ကွဲမည့် ပေါင်းအိုးတစ်လုံးနှင့်သာ ပိုတူကြောင်း ကိုဇော်ဝင်း တွေ့ရှိလာရသည်။

“ကူကီး၊ ကသည်းနဲ့ တခြား မတူညီတဲ့ မျိုးနွယ်စုတွေ အတူတူ နေထိုင်ကြတယ်။ ပထမတော့ အဲဒါကို လှပနေတယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ လက်တွေ့မှာ အရမ်းကြီးတဲ့ ပြဿနာတွေ ရှိနေတယ်” ဟု ကိုဇော်ဝင်းက ဆိုသည်။

ဆူပူအကြမ်းဖက်မှုများ စတင်ဖြစ်ပွားပြီး ဆူပူထကြွသူများသည် အင်ဖာမြို့တော်ရှိ အိမ်များ၊ မော်တော်ယာဉ်များနှင့် ဘုရားဝတ်ပြုရာနေရာများကို မီးရှို့သည့်အခါ မဏိပူရပြည်နယ်သည် “အလွန်ရှုပ်ထွေးပြီး အလွန်အန္တရာယ်များသော ဧရိယာ” ဖြစ်ကြောင်း ကိုဇော်ဝင်း သဘောပေါက်လာသည်။

ကိုဇော်ဝင်းတို့အတွက်မူ ဒုက္ခနှစ်ဆ ကြုံရခြင်းပင်။ မဏိပူရပြည်နယ် လူမျိုးရေးတင်းမာမှုများ မြင့်တက်လာနေချိန်တွင် ကသည်းအသိုက်အဝန်းနှင့် ပြည်နယ်အစိုးရက ဒုက္ခသည်တို့ကို နိုင်ငံရေးဓားစာခံများအဖြစ် ပြောင်းလဲကာ နိုင်ငံခြားသားမုန်းတီးရေးနှင့် အမျိုးသားရေးဝါဒမှိုင်းတိုက်မှုများ ပြုလုပ်ခဲ့သဖြင့် တရားမဝင်ပြောင်းရွှေ့လာသူများအရေး၊ မူးယစ်ဆေးဝါးတို့နှင့် ဆက်နွှယ​်သော အကြမ်းဖက်ဝါဒ အားကောင်းလာနိုင်ခြေအပေါ် စိုးရိမ်မှုများ တိုးလာသည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုနှင့် ပတ်သက်၍ Bangalore တွင် ဇူလိုင်လ ၂၁ ရက်နေ့က ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ – EPA-EFE/JAGADEESH NV)

ဦးစားပေးတိုင်းရင်းသား ဖြစ်လိုကြခြင်း

“ကူကီးတွေရဲ့ စစ်မှန်တဲ့ ခံစားချက်ဖြစ်တဲ့ မဏိပူရပြည်နယ်အစိုးရအပေါ် မကျေနပ်ချက်တွေကို လမ်းလွှဲသိက္ခာချနိုင်ဖို့အတွက်၊ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်လာတာကို ရည်ရွယ်ချက်ရှိရှိ အသုံးချ လုပ်ဆောင်ကြတာပါ” ဟု အိန္ဒိယ၏ မူဝါဒသုတေသနစင်တာမှ သုတေသီတစ်ဦးလည်းဖြစ်ကာ၊ မြန်မာ့အရေး၊ အိန္ဒိယအရှေ့မြောက်ပိုင်းနှင့် လက်နက်ကိုင်ပဋိပက္ခများကို အထူးပြုလေ့လာသူတစ်ဦးလည်းဖြစ်သည့် Angshuman Choudhury က Myanmar Now ကို ပြောသည်။

“နောက်ဆုံးမှာတော့ [ကူကီးတွေရဲ့ စစ်မှန်တဲ့ မကျေနပ်ချက်တွေအားလုံး] ပွက်ပွက်ဆူလာပြီး၊ အထွတ်အထိပ်ရောက်ပြီး သူတို့ ဆန္ဒပြခဲ့ကြတဲ့အခါ မဏိပူရအစိုးရဟာ အဲဒီစိုးရိမ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရမယ့်အစား တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဇာတ်ကြောင်းကို သုံးပြီး မကျေနပ်ချက်တွေကို အာရုံလွှဲခဲ့ပါတယ်” ဟု သူက ဆိုသည်။

ဤဖြစ်စဉ်သည် အသစ်အဆန်း မဟုတ်ပေ။ မဏိပူရပြည်နယ်၏ လူမျိုးရေးမညီညွတ်မှုများသည် တိုင်းရင်းသားအခွင့်အရေးကိစ္စ၊ ကျူးကျော်သူများဟု ထင်မြင်ခံရသူတို့နှင့် ပတ်သက်သော နာကြည်းဖွယ် စသည့် အပြိုင်အဆိုင်ပြောဆိုမှုများအပေါ်တွင် ဗဟိုပြုနေသည်မှာ ကာလကြာပြီဖြစ်သည်။ မဏိပူရရှိ ရွှေ့ပြောင်းဒုက္ခသည်များအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့်၊ မျိုးနွယ်စု လူငယ်အမျိုးသမီးကွန်ရက်အဖွဲ့ဝင် Anna Charenamei က “လူတိုင်းက တခြားတိုင်းရင်းသားတွေထက် ပိုပြီး တိုင်းရင်းသားဖြစ်ချင်နေကြတာပါ” ဟု ပြောခဲ့သည်။

“နာဂတောင်တန်း ဒါမှမဟုတ် အင်ဖာတောင်ကြားဒေသမှာပဲဖြစ်ဖြစ် ဒုက္ခသည်အသစ်တွေ ထပ်ဝင်လာမှာကို စိုးရိမ်နေကြတယ်” ဟု Charenamei က Myanmar Now ကို ပြောသည်။

“အရင်းအမြစ်တွေ ရှားပါးနေပြီး မြေနဲ့ပတ်သက်ပြီး မလုံခြုံမှုတွေ အများကြီးရှိနေတော့ လူတွေက အဲဒီကိစ္စကို လူသားချင်းစာနာတဲ့ ရှုထောင့်ကနေ မကြည့်ကြဘူး”

ကူကီးနှင့် မြန်မာဒုက္ခသည်များကို အတူတကွ ရောကာ ၎င်းတို့သည် လူမျိုးရေးအရ တရားမဝင် ကျူးကျော်သူများဖြစ်ကြောင်း စွပ်စွဲကြခြင်းဖြစ်ပြီး၊ ကသည်းအမျိုးသားရေးဝါဒီများသည် “အတိတ်သမိုင်းက ရွှေ့ပြောင်းအခြေချမှုများနှင့် ယခု ရွှေ့ပြောင်းအခြေချမှုအသစ်များကို ရောနှောကာ ဤအလွန်အဆိပ်သင့်ပြီး ကြောက်စရာကောင်းသော နိုင်ငံခြားသားမုန်းတီးရေးဝါဒကို ဖန်တီးနေသည်” ဟု Choudhury က ထောက်ပြသည်။

မဏိပူရပြည်နယ် Churachandpur တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့သည့် ကူကီးလူမျိုးများကို   ဩဂုတ်လ ၃ ရက်နေ့က ဂါရဝပြုနေကြသူများ (ဓာတ်ပုံ – David LALMALSAWMA / AFP)

ဤနည်းဖြင့် မဏိပူရပဋိပက္ခကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကပါ မီးစာမြှင့်ပေးသကဲ့သို့ ဖြစ်သွားစေခဲ့သည်။ အာဏာသိမ်းမှုကြောင့် ကိုဇော်ဝင်းကဲ့သို့သော မြန်မာပြည်သူတို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ဖြစ်ရပ်များ ဆက်တိုက်ပေါ်ပေါက်လာသည်။ မဏိပူရပြည်နယ် ကသည်းအသိုက်အဝန်းမှ တချို့သည် အမျိုးသားရေးဝါဒ၊ နိုင်ငံခြားသားမုန်းတီးရေးနှင့် လုံခြုံမှုမရှိသော အခြေအနေများကို ယခင်ကတည်းက ရင်ဆိုင်ခဲ့ကြရသည်၊ အထူးသဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့မှ အလုံးအရင်းနှင့် ရောက်ရှိလာသည့် ဒုက္ခသည်များသည် မဏိပူရပြည်နယ်မှ ကူကီးလူမျိုးများနှင့် ခိုင်မာသော ဆက်နွှယ်မှု ရှိနေရာ လူမျိုးရေးပြဿနာ မီးတောက်ငယ်များကို ဧရာမ ငရဲမီးတောက်အသွင် ပြောင်းသွားစေရန် တွန်းပို့သကဲ့သို့ ဖြစ်လာသည်။

စစ်ဒဏ် အကြီးအကျယ်ခံခဲ့ရသော မြို့ဖြစ်သည့် ချင်းပြည်နယ် ထန်တလန်မြို့မှ အဆောက်အအုံပျက်များ (ဓာတ်ပုံ – Lengkawite/Facebook)

ဤစိုးရိမ်မှုများကို မီးထိုးလှုံ့ဆော်ပေးခဲ့သည်မှာ မဏိပူရပြည်နယ် ဝန်ကြီးချုပ် Nongthombam Biren Singh ၏ အကြောက်တရား လွှမ်းမိုးနေသော စကားလုံးများဖြစ်သည်၊ သူက ပြည်နယ်တွင် အရှိန်အဟုန်ပြင်းစွာ ဖြစ်ပွားနေသော ပဋိပက္ခအတွက် မြန်မာမှ ရွှေ့ပြောင်းအခြေချသူများကို ကြိမ်ဖန်များစွာ အပြစ်ပုံချထားသည်။ Choudhury က ထောက်ပြခဲ့သည်မှာ “ရွှေ့ပြောင်းအခြေချသူများ အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းကို သွေးခွဲအုပ်ချုပ်နိုင်ရေးအတွက် လက်နက်သဖွယ် အသုံးပြုနေခြင်း” ဖြစ်သည်။

“တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေက ပြည်နယ်ထဲမှာ မငြိမ်မသက်ဖြစ်အောင် လုပ်နေကြတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကျွန်တော် ခန့်မှန်းခဲ့တဲ့ အခြေအနေတစ်ခု အတိုင်းပဲ၊ ဘိန်းစိုက်ပျိုးမှုကလည်း ကြီးထွားလာတယ်၊ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုတွေလည်း တိုးလာနေပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် Singh က သတင်းသမားများကို မကြာသေးမီက ပြောကြားခဲ့သည်။

“မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုနဲ့ အကြမ်းဖက်ဝါဒမှာ ပါဝင်ပတ်သက်နေတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ကျွန်တော်တို့ အစိုးရက ဖယ်ထုတ်ချင်ပါတယ်။ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေဟာ ကူကီးအသိုက်အဝန်းနဲ့ သက်ဆိုင်နေတယ်ဆိုတဲ့ အချက်ကြောင့်တော့ ကူကီးအားလုံး လူဆိုးဖြစ်မသွားပါဘူး”

မြန်မာ-အိန္ဒိယနယ်စပ်တွင် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု၊ လက်နက်မှောင်ခိုမှု အပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းကြီးများ ဖြစ်ပွားလေ့ရှိခြင်းကိုလည်း သတိပြုသင့်သည်၊ ထိုအထဲမှ အမှုတချို့ကို ကျူးလွန်သူတို့မှာ ကူကီးအသိုက်အဝန်းထဲမှဖြစ်သည်။ ထို့ပြင် အိန္ဒိယနိုင်ငံသည် ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသဖြင့်၊ လိုအပ်သော စာရွက်စာတမ်း အထောက်အထားမပါဘဲ နိုင်ငံတွင်းသို့ ရောက်ရှိလာသူတိုင်းကို အာဏာပိုင်များက “တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ” အဖြစ် သတ်မှတ်လိုက်ရာ ၎င်းတို့မှာ နိုင်ငံခြားသားမုန်းတီးရေးစိတ်ဓာတ်ရှိသည့် အမျိုးသားရေးဝါဒီများအတွက် လွယ်ကူသောပစ်မှတ်များ ဖြစ်လာသည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် မိုရေးမြို့ရှိ နယ်စပ်ဖြတ်တံတားကို ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – EPA/STR)

သုတေသီ Choudhury ထောက်ပြခဲ့သည့်အတိုင်းပင် … အပြစ်ပုံချ လက်ညှိုးထိုးခြင်းသည် “အခြားသူ” များကို ရန်လိုသော အကြောက်တရားကို အသက်ပြန်သွင်းလိုသည့် ကသည်းခေါင်းဆောင်အချို့၏ ပရိယာယ်တစ်ခုပင် ဖြစ်သည်။ နှိပ်စက်ညှဉ်းပန်းမခံရရေးအတွက် ထွက်ပြေးနေကြရသော ဒုက္ခသည်များအတွက် “အလွန့်အလွန် အန္တရာယ်များစေကြောင်း” သူက ထပ်လောင်းပြောကြားသည်။

“ရွေးစရာ တခြားနည်းလမ်း မရှိလို့၊ မဖြစ်မနေမို့လို့ လူတွေက ထွက်ပြေးနေကြရတာပါ။ အဲဒါဟာ သူတို့ ထွက်ပြေးနိုင်တဲ့ အနီးဆုံးနေရာ ဖြစ်လို့ပါ။ မဏိပူရမှာ အဲဒီလိုနေရတာထက် မြန်မာပြည်ကတောင်မှ သူတို့အတွက် ပိုကောင်းမယ်လို့ ယူဆရတဲ့ အခြေအနေ၊ အလွန်အဓိပ္ပာယ်မဲ့တဲ့ ထူးထူးဆန်းဆန်းအခြေအနေတစ်ရပ်ကို ရောက်လာတာပါ” ဟု သူက ပြောသည်။

စစ်တပ်က အရပ်သားတို့ကို စနစ်တကျ မြေလှန်ဖျက်ဆီးနေသော မြန်မာနိုင်ငံ၊ ဒုက္ခသည်များကို ပြည်နယ်အစိုးရက ပစ်မှတ်ထားနေသော မဏိပူရပြည်နယ်၊ နယ်ခြားမျဉ်း၏ မည်သည့်ဘက်ခြမ်းတွင် အခြေအနေဆိုး ပိုမိုနည်းပါးမည်ဆိုသည်ကို ဤအပြိုင် ပဋိပက္ခများထဲတွင် ပိတ်မိနေသော ကိုဇော်ဝင်းကဲ့သို့သော ပြည်သူများက မဖြစ်မနေ ဆုံးဖြတ်နေရသည်။

“အခုလောလောဆယ်တော့ သူတို့က ကျွန်တော်တို့ကို ပစ်မှတ်ထားနေ၊ မကျေမနပ်ဖြစ်နေတာပါ။ မြန်မာဒုက္ခသည်တွေက ဒီပဋိပက္ခဖြစ်ရတဲ့ အဓိကအကြောင်းရင်းပဲလို့ သူတို့က ပြောနေကြပါတယ်” ဟု ကိုဇော်ဝင်းက ဆိုသည်။

“အရမ်းဆိုးတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ မလုံခြုံဘူးလို့ ခံစားရတယ်။ ဘာလို့လဲဆိုတော့ ဒေသဆိုင်ရာ အစိုးရက သူတို့ နိုင်ငံရေးအမြတ်ထုတ်နိုင်ဖို့အတွက် ကျွန်တော်တို့ကို ပစ်မှတ်ထားနေလို့ပါ”

ဤပစ်မှတ်ထားမှုသည် မကြာသေးမီလများအတွင်း လက်တွေ့ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ မဏိပူရအာဏာပိုင်များသည် မြန်မာနိုင်ငံမှ ရောက်လာကြသော ထောင်ပေါင်းများစွာသော ဒုက္ခသည်တို့၏ လက်ဗွေ၊ မျက်လုံးများ၊ မျက်နှာနှင့် အသံ စသည်တို့ အပါအဝင် အချက်အလက်အသေးစိတ် စတင်စုဆောင်းခဲ့သောကြောင့်ပင်။ ထိုလုပ်ဆောင်မှုမှာ မည်သူမည်ဝါဖြစ်ကြောင်း မှတ်တမ်းထားရှိရေး ရည်ရွယ်ချက်ကို အထောက်အကူပြုရန်ဖြစ်ပြီး စက်တင်ဘာ ၃၀ တွင် အပြီးသတ်ရမည်ဖြစ်သည်။ သို့သော် လူမှုအကူအညီပေးရေးလုပ်သားများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ အပါအဝင် လူအများအပြားသည် ဒေသအစိုးရအနေဖြင့် ဒုက္ခသည်များကို ဖမ်းဆီးရေးနှင့် နေရပ်ပြန်ပို့ရေးတွင် ထိုအချက်အလက်များ အသုံးပြုမည်ကို စိုးရိမ်နေကြသည်။

“ဒီအချက်အလက်တွေကို [မဏိပူရပြည်နယ်] အစိုးရနဲ့ [မြန်မာ စစ်ကောင်စီ] ကြားမှာ မျှဝေကြမှာကို စိုးရိမ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့ဒုက္ခသည်တွေဟာ [မြန်မာ] စစ်တပ်က အလိုရှိနေတဲ့ သူတွေပါ” ဟု ကိုဇော်ဝင်းက ဆိုသည်။ “အခုတော့ ကျွန်တော်တို့ အရမ်းစိုးရိမ်နေပြီ…ကျွန်တော်တို့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး” ဟု သူက ပြောသည်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့ မလုံခြုံဘူးလို့ ခံစားရတယ်၊ ဘာလို့လဲဆိုတော့ ဒေသဆိုင်ရာ အစိုးရက သူတို့ နိုင်ငံရေးအမြတ်ထုတ်နိုင်ဖို့အတွက် ကျွန်တော်တို့ကို ပစ်မှတ်ထားနေလို့ပါ

-မဏိပူရတွင် နေထိုင်သော မြန်မာနိုင်ငံမှ ဒုက္ခသည်တစ်ဦး

အတားအဆီး တည်ဆောက်ခြင်း

မဏိပူရ၏ အတွင်းလူ အပြင်လူ ခွဲခြားမှုမျိုး အနောက်တိုင်းသားများအတွက် ရင်းနှီးကောင်း ရင်းနှီးနေနိုင်သည်။ အိန္ဒိယ-မြန်မာနယ်စပ် ၁၀ ကီလိုမီတာ ရှည်လျားသော ဧရိယာကို ဖြတ်၍ သံမဏိနှင့် သံဆူးကြိုးများဖြင့် တစ်စိတ်တစ်ပိုင်း ပြီးစီးပြီဖြစ်သည့် နယ်ခြားစည်းရိုးကို တည်ဆောက်ထားသည်။ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်နယ်အစိုးရနှင့် ပူးပေါင်း၍ ထိုခြံစည်းရိုးကို တည်ဆောက်ထားခြင်းဖြစ်ပြီး ကီလိုမီတာ ၄၀၀ ရှိသော နယ်စပ်ဒေသတွင် အတားအဆီးပြုရန် ရည်ရွယ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၊ တမူးမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်ရှိ နယ်စပ်မြို့ဖြစ်သော မိုရေးမြို့တွင် နယ်ခြား ခြံစည်းရိုးကာရံထားသည်ကို ၂၀၁၁ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ – EPA/STR)

ဤခြံစည်းရိုးအတွက် ၂၀၀၅ ခုနှစ် အစောပိုင်းကတည်းက အုတ်မြစ်ချထားသော်လည်း မကြာသေးမီကာလအတွင်း ဒုက္ခသည်များ မဏိပူရသို့ ဆက်တိုက်ဝင်ရောက်လာသောကြောင့် ခြံစည်းရိုး၏ အရေးပါမှုနှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ်တွင် အသစ်တစ်ဖန် စိတ်ဝင်စားလာကြသည်။

လွန်ခဲ့သည့် ၁၂ လအတွင်း နယ်စပ်တွင် စစ်ဝါဒီ တဖြည်းဖြည်း သက်ရောက်လာပုံ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် ပတ်သက်သော ကြောက်ရွံ့မှုများကို အသုံးချကာ မဏိပူရအာဏာပိုင်များက နယ်နိမိတ်ပိုင်းခြားမှုနှင့် နောက်ထပ် တံတိုင်းကာရေး အယူအဆကို အားဖြည့်နေကြောင်း သုတေသီ Choudhury က မှတ်ချက်ပြုသည်။

“ကူကီးကြီးစိုးတဲ့ နယ်စပ်ဒေသတွေမှာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ ဘိန်းစိုက်ပျိုးမှုတွေ အားကောင်းနေတယ်လို့ မဏိပူရအာဏာပိုင်တွေက ဆက်ပြီး အခိုင်အမာ ပြောကြားနေပါတယ်။ ဒါဟာ လုံခြုံရေးလိုအပ်ချက်ထက် ကျော်လွန်ပြီး ဖြစ်လာတဲ့ ဒီလို ခြံစည်းရိုးကာရံမှုတွေကို ဖုံးကွယ်ဖို့ပါ” ဟု Choudhury က ဆိုသည်။

“နောက်ဆုံးမှာ ဒါဟာ အမေရိကန်-မက္ကဆီကို နယ်စပ်ကိစ္စလိုမျိုး တခြားနယ်မြေဒေသတွေမှာ ကျွန်တော်တို့တွေ့ခဲ့ရတဲ့ တံတိုင်းတည်ဆောက်နိုင်ရေးအတွက် ရန်လိုတဲ့ အကြောင်းပြချက်တွေနဲ့ အတူတူပါပဲ” ဟု သူက ဆိုသည်။

ဧပြီလ ၂၇ ရက်နေ့တွင် မဏိပူရပြည်နယ် အုပ်ချုပ်ရေးမှူး Anusuiya Uikey သည် မဏိပူရ နယ်စပ်ခြံစည်းရိုးကာရံမှု အခြေအနေကို စစ်ဆေးရန်အတွက် မိုရေးမြို့သို့ သွားရောက်ခဲ့ပြီး နယ်ခြားစောင့်တပ်များကို ကင်းလှည့်ရန် ကြိုးပမ်းမှုအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။ ထိုမိုရေးမြို့သည် ကိုဇော်ဝင်း ပုန်းအောင်းခိုလှုံနေရသော မြို့ဖြစ်သည်။

“ကျွန်တော်တို့ လုံခြုံရေးအတွက် ၂၄ နာရီပတ်လုံး အလုပ်လုပ်ပေးကြတဲ့ လုံခြုံရေးတပ်ဖွဲ့တွေအတွက် ဂုဏ်ယူမိပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ထိုစဉ်က ပြောကြားခဲ့သည်။

“လူမှုရေးဆန့်ကျင်ရေးသမားတွေ၊ မူးယစ်ဆေးဝါးမှောင်ခိုသမားတွေနဲ့ စစ်သွေးကြွတွေက နယ်စပ်တစ်လျှောက်ကနေ ငြိမ်းချမ်းရေးကို နှောင့်ယှက်ဖို့ ကြိုးစားနေပေမဲ့၊ ကျွန်တော်တို့ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက သူတို့ရဲ့ ကြိုးပမ်းမှုတွေကို စွမ်းစွမ်းတမံ တားဆီးဖို့ လုံလောက်တဲ့ အင်အားရှိနေပါပြီ”

ထိုသို့သော စကားလုံးများသည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ၂၀၁၉ ခုနှစ် မိန့်ခွန်းကို ပဲ့တင်ထပ်လျက်ရှိသည်၊ ထိုမိန့်ခွန်းထဲတွင် ဒေါ်နယ်ထရမ့်က “ထိန်းချုပ်မှုမရှိသော တရားမဝင်ရွှေ့ပြောင်းနေထိုင်မှု” နှင့် “တရားမဝင်မူးယစ်ဆေးဝါးများ” အမေရိကန်သို့ စီးဆင်းမှုကို တားဆီးနိုင်ရေးအတွက် အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်ရေး အစီအစဉ်များကို ကြေညာခဲ့သည်။

၁၈၂၆ ခုနှစ်တွင် ဗြိတိသျှကိုလိုနီနယ်ချဲ့တို့က ဒေသခံများနှင့် တိုင်ပင်ညှိနှိုင်းမှု သို့မဟုတ် သဘောတူညီချက်မရှိဘဲ အိန္ဒိယနှင့် ဗမာ နယ်နိမိတ်ကို ပိုင်းခြား သတ်မှတ်ခဲ့သည်။ အိန္ဒိယနိုင်ငံရှိ လူအများအပြားသည် သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံရှိ အိမ်နီးချင်းများနှင့် ငြင်းစရာမလိုအောင် ကွဲပြားသည်ဟု ရှုမြင်ကြသော်လည်း လက်တွေ့တွင်မူ နယ်စပ်ဒေသများတွင် ပြောက်သောက်ဖြစ်နေကာ ပုံသေပြော၍ မရနိုင်ပါ။ ကူကီးများအပါအဝင် ထိုနယ်စပ်ဒေသတွင် နေထိုင်သော လူမျိုးများမှာ နှစ်နိုင်ငံလုံးတွင် ရှိနေသည်။

ထိုအချက်သည် ၂၀၁၈ ခုနှစ်တွင် “လွတ်လပ်စွာ ကူးသန်းသွားလာရေးစနစ်” ဖော်ဆောင်ရေးအတွက် အိန္ဒိယနှင့် မြန်မာ အစိုးရနှစ်ရပ်အကြား အပြန်အလှန်သဘောတူညီမှု ရစေခဲ့သည့် အကြောင်းရင်းတစ်ရပ်ဖြစ်ပြီး နယ်စပ်တစ်ဖက်တစ်ချက်စီတွင် နေထိုင်ကြသော အသိုက်အဝန်းများကို ဗီဇာမလိုဘဲ အိမ်နီးချင်းနိုင်ငံအတွင်းသို့ ၁၆ ကီလိုမီတာအထိ ခရီးသွားနိုင်စေမည့် အစီအစဉ်တစ်ခုဖြစ်သည်။ နယ်စပ်ခြံစည်းရိုးကာရေးအယူအဆနှင့် ဆန့်ကျင်စွာပင် ထိုသဘောတူညီချက်သည် အိန္ဒိယနှင့် မြန်မာနယ်စပ်ရှိ အသိုက်အဝန်းများအကြား ပြည်သူအချင်းချင်း တိုက်ရိုက်ဆက်သွယ်မှု၊ ဒေသတွင်း ကုန်သွယ်မှုနှင့် နယ်စပ်စီးပွားရေးကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်သည်။ သို့သော်လည်း ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြားတွင် နယ်စပ်ဖြတ်ကျော်မှုများကို ရပ်တန့်နိုင်ရေးအတွက် အိန္ဒိယအစိုးရသည် သဘောတူညီချက်ကို ယာယီရပ်ဆိုင်းရန် ရွေးချယ်ခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့်ဆိုလျှင် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် မျှဝေခံစားသော သွေးချင်းညီအစ်ကို ဆက်ဆံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုကြောင့်ပင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သည် နယ်စပ်ခြံစည်းရိုးကာရေးနှင့် ခြံစည်းရိုးဆောက်ရန် မြေနေရာချထားပေးခြင်းကို ဆန့်ကျင်ခြင်းဖြစ်သည်။ မီဇိုရမ်သည် မဏိပူရပြည်နယ်၏ တောင်ပိုင်းတွင် တည်ရှိပြီး မဏိပူရနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိကာ မြန်မာနိုင်ငံအနောက်ပိုင်းနှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေသော အိန္ဒိယပြည်နယ်တစ်ခု ဖြစ်သည်။ နယ်စပ်ခြံစည်းရိုးကာရေးကို မီဇိုရမ်ပြည်နယ်က ဆန့်ကျင်ရခြင်းမှာ ထိုသို့ပြုလုပ်ပါက ဒေသခံအများအပြားက အရေးမကြီးဟု ယူဆထားသော နယ်ခြားမျဉ်းမှာ တကယ့်အရှိတရားသဖွယ် ဖြစ်လာပြီး၊ ကူးသန်းသွားလာခြင်းဖြင့် အကျိုးရှိခဲ့ကြသော နှစ်ဖက်အသိုက်အဝန်းကို ပိုင်းခြားလိုက်လိမ့်မည်ဟု ရှုမြင်ကြသောကြောင့် ဖြစ်သည်။

“ဒါဟာ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေပါ။ နယ်စပ်တစ်လျှောက်မှာ မိသားစုဆက်ဆံရေးရှိပါတယ်။ ဒီတော့ နယ်စပ်ကို ခြံစည်းရိုးခတ်ဖို့ ဘယ်လိုမှ ခွင့်မပြုနိုင်ဘူးလို့ မီဇိုရမ်ပြည်နယ်အစိုးရက ပြောခဲ့ပါတယ်” ဟု Choudhury က ရှင်းပြသည်။

“မဏိပူရကတော့ မတူဘူး။ မဏိပူရက ပြောတာက ငါတို့ နယ်စပ်ကို ခြံစည်းရိုးခတ်မယ်။ နယ်စပ်ကို လုံခြုံအောင် ထားချင်တယ်လို့ ပြောတာပါ။”

၎င်းသည် အိန္ဒိယပြည်နယ်နှစ်ခုကြားရှိ မတူညီသော ရပ်တည်ချက်များကို မီးမောင်းထိုးပြနေသည်။ မတူညီသော ရပ်တည်ချက်များမှာ [မဏိပူရပြည်နယ် ဝန်ကြီးချုပ်] Singh ၏ “တရားမဝင် အလုံးအရင်း ဝင်ရောက်လာမှု” ဟူသော အပြောနှင့် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Zoramthanga က မြန်မာနိုင်ငံမှ ဒုက္ခသည်များကို ကူညီလိုကြောင်း ဖော်ပြပြီး ဝန်ကြီးချုပ် မိုဒီထံ အိန္ဒိယနိုင်ငံအနေဖြင့် “ဤလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို မျက်ကွယ်ပြုမထားရန်” စာရေးသားပေးပို့ခဲ့ခြင်း စသည်တို့တွင် ထင်ဟပ်နေသည်။

ထိုအချက်သည် ထိုပြည်နယ်များတွင် ရွှေ့ပြောင်းနေထိုင်သူအရေအတွက် ကွာခြားရခြင်းကိုလည်း ရှင်းပြနိုင်သည်။ တရားဝင်ကိန်းဂဏန်းများ ရရှိရန် ခဲယဉ်းသော်လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ကိန်းဂဏန်းများအရဆိုပါက မီဇိုရမ်တွင် လက်ရှိကာလတွင် ဒုက္ခသည် ၄၀,၀၀၀ ကျော် ခိုလှုံနေပြီး၊ အများစုမှာ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့မှ လာရောက်သူများ ဖြစ်ကြကာ စစ်အာဏာသိမ်းလိုက်ချိန် နောက်ပိုင်း အလုံးအရင်း ဝင်ရောက်လာကြခြင်းဖြစ်သည်။ မဏိပူရတွင်မူ မြန်မာမှ ဒုက္ခသည် ၈,၂၅၀ ဝန်းကျင်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ Chennai ရှိ အမျိုးသမီးများသည် မဏိပူရပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ဝန်ကြီးချုပ် Narendra Modi ကို ရှုတ်ချသည့် ပိုစတာများ ကိုင်ဆောင်ကာ ဇူလိုင်လ ၂၃ ရက်နေ့က ဆန္ဒပြကြစဉ်။ (ဓာတ်ပုံ – EPA-EFE/IDREES MOHAMMED)

အခြားတစ်ဖက်ခြမ်း

ကိုဇော်ဝင်းတွင် အိမ်နီးချင်း မီဇိုရမ်ပြည်နယ်သို့  ထွက်ခွာသွားကြသော မိတ်ဆွေများရှိပြီး အဘယ်ကြောင့် ထိုသို့ မသွားသနည်းဟု လူအများက မေးကြသည်။ မဏိပူရတွင် သူရော သူ့မိသားစုအတွက်ပါ အန္တရာယ်ရှိနေသော်လည်း ဒုတိယအကြိမ် ထွက်ပြေးရမည့်အဖြစ်ကို ကိုဇော်ဝင်းက ပယ်ချခဲ့ကာ၊ မဏိပူရမှ မခွာခဲ့ပေ။ မိုရေးမြို့သို့ ရောက်ရှိလာပြီးကတည်းက ကိုဇော်ဝင်းသည် ဒုက္ခသည်အသိုက်အဝန်း အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ ဘဝတူ ဒုက္ခသည်အများအပြားကို ကူညီထောက်ပံ့ရန် မြန်မာဘက်ခြမ်းမှ အမတ်များ၊ ခေါင်းဆောင်များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

“ဘယ်ကိုမှ သွားဖို့ မစဉ်းစားဘူး။ တခြားဒုက္ခသည်တွေအတွက် ကျွန်တော် ဒီမှာ နေရမယ်” ဟု သူက ဆိုသည်။

“ကျွန်တော့်လူတွေကို ဒီမှာ မထားခဲ့နိုင်ပါဘူး။ သူတို့အတွက် ကျွန်တော် လုပ်ပေးချင်တယ်”

ဤသည်မှာ သူ့ကို ပို၍ပင် အန္တရာယ်ဖြစ်စေသည့် အနေအထားတစ်ခုဖြစ်သော်လည်း သူ့တွင် ရွေးချယ်စရာ သိပ်မရှိပေ။ မြန်မာနိုင်ငံမှ ဝင်ရောက်လာသော ဒုက္ခသည်များအတွက် သူ့ကဲ့သို့သော စေတနာ့ဝန်ထမ်းများက ဆက်လက်ကူညီမှု မပြုလျှင် အခြားအကူအညီပေးသူများ ရှိလိမ့်မည် မဟုတ်ပေ။

“အိန္ဒိယမှာ UNHCR ရဲ့ မူဝါဒနဲ့အညီ ဒုက္ခသည်တွေကို ကူညီပေးမယ့် အဖွဲ့အစည်းမရှိပါဘူး။ နယ်စပ်ဒေသ အထူးသဖြင့် မဏိပူရပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တောင်းခံလို့မရပါဘူး၊ ပြီးတော့ သူတို့ဟာ ကျွန်တော်တို့ကို လိုက်ဖမ်းနေတာပါ” ဟု သူက ပြောသည်။

သို့ရာတွင် ဤနယ်စပ်ဒေသ မဏိပူရ၏ “အခြားတစ်ဖက်ခြမ်း” မှာမူ ကိုဇော်ဝင်းအတွက် ကြောက်စရာအကောင်းဆုံး ဖြစ်နေဆဲဖြစ်ကာ၊ ထိုသို့ကြောက်နေရသည်မှာ သူတစ်ယောက်တည်း မဟုတ်ပေ။ မဏိပူရရှိ မြန်မာဒုက္ခသည်အသိုက်အဝန်းတွင် ကသည်းအာဏာပိုင်များ၏ ခြိမ်းခြောက်မှုကိုပင် ကျော်လွန်ကာ ရင်ဆိုင်နေရသည့် အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုမှာ “နေရပ်ပြန်ပို့ခံရမည်ကို ကြောက်ရွံ့ခြင်း” ဖြစ်သည်ဟု Choudhury က ထောက်ပြခဲ့သည်။

မဏိပူရပြည်နယ်မှာ ပြည်တွင်းစစ်နှုတ်ခမ်းဝတွင် ရှိနေသော်လည်း မြန်မာနိုင်ငံမှာမူ ပြည်တွင်းစစ်အတွင်း နက်နက်ရှိုင်းရှိုင်း ကျရောက်နေပြီးသား ဖြစ်သည်။ အိန္ဒိယဘက်ခြမ်းတွင် ပြည်တွင်းစစ်အန္တရာယ်မှာ အလားအလာအဆင့်သာ ရှိသေးသော်လည်း တခြားတစ်ဖက်ခြမ်းရှိ မြန်မာနိုင်ငံတွင်မှု ပြည်တွင်းစစ်က သေချာသလောက်နီးပါး ဖြစ်နေသည်။

“မြန်မာနိုင်ငံအခြေအနေကတော့ ရှင်းရှင်းပြောရရင် ဒါဟာ စစ်တပ်နဲ့ မြန်မာပြည်သူတွေကြား စစ်ပွဲပါပဲ။ ဒါပေမဲ့ မဏိပူရကတော့ အရမ်းရှုပ်ထွေးပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော့်အတွက်က မဏိပူရမှာ နေရတာ ပိုကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံကို ပြန်သွားရင် စစ်တပ်က ကျွန်တော့်ကို ဖမ်းပြီး သတ်ပစ်မှာ သေချာတယ်” ဟု ကိုဇော်ဝင်းက ပြောသည်။

အန္တရာယ်နှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံတွင် အလားတူ အန္တရာယ်များကို ရင်ဆိုင်နေရသည့် ဒုက္ခသည်များ ထောင်နှင့်ချီ ရှိနေသည့်အတွက်ကြောင့် မဏိပူရအာဏာပိုင်များ အစွမ်းကုန် တားဆီးနေသည့်ကြားမှပင် ဒုက္ခသည်များ အလုံးအရင်းဖြင့် ဆက်လက် ဝင်ရောက်လာမည်မှာ သေချာသလောက်ပင် ဖြစ်သည်။ လတ်တလောကာလတွင် အခြေအနေများ တိုးတက်လာမည့် အရိပ်အယောင်ကို နယ်စပ်နှစ်ဖက်လုံးတွင် များစွာ မတွေ့ရသေးကြောင်း ကိုဇော်ဝင်းက ဆိုသည်။

“မြန်မာမှာရော မဏိပူရမှာရော တည်ငြိမ်ဖို့ အချိန်အများကြီး ယူရဦးမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု သူက ဆိုသည်။

ထိုသို့ ပြန်လည်တည်ငြိမ်လာမည့် အချိန်အထိ သူသည် မိုရေးတွင် ဆက်ရှိနေမည်ဖြစ်ပြီး၊ သူ့အလျင် ထွက်ပြေးလာခဲ့ကြသူများ၊ ဆက်လက်ဝင်ရောက်လာမည့် ဒုက္ခသည်များအတွက် သူ တိုက်ပွဲဝင်နေဦးမည် ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button