ဆောင်းပါး

စစ်ရဟတ်ယာဉ်တိုက်ခိုက်ခဲ့သည့် စာသင်ကျောင်းလေးကို အသက်ပြန်သွင်းခြင်း

(ဆောင်းပါးအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ ပုံရိပ်များ ပါဝင်သည်။ ဒေသခံတို့၏ လုံခြုံရေးအရ အသေးစိတ်အချက်အလက်အချို့ကို ချန်လှပ်ထားသည်။ ကလေးငယ်တို့၏ အမည်မှအပ အခြားသူတို့ကို အမည်လွှဲဖြင့် ဖော်ပြထားသည်။)

နေသာသည့် သောကြာနေ့။ တိတိပပပြောရလျှင် ၂၀၂၂ စက်တင်ဘာ ၁၆ ရက်နေ့။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ အနောက်ဘက် ၁၀ မိုင်ခန့်အကွာ မူးမြစ်အနောက်ဘက်ကမ်းဘေးရှိ လက်ယက်ကုန်းရွာခံများအတွက် အသက်ရှင်နေသရွေ့ မမေ့နိုင်တော့မည့်နေ့။

စစ်တပ်က ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခတ်ခဲ့သည့် လက်ယက်ကုန်းရွာအတွင်း ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို အသည်းနင့်အောင် မှတ်မိနေသူများထဲတွင် သားသမီးနှစ်ဦး၏ မိခင် အသက် ၄၀ ဝန်းကျင် ဒေါ်နီလာလည်း ပါဝင်သည်။

နေ့လယ် ၁၂ နာရီ ကျောင်းတက်ခေါင်းလောင်းထိုးပြီး မကြာမီ ရဟတ်ယာဉ်သံ ကြားရသည်။ တော်လှန်ပုန်ကန်လေ့မရှိသည့် နိုင်ငံအလယ်ပိုင်း၌ပင် အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ခုခံမှုများ ကြုံနေရရာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို အားကိုးလေ့ရှိသဖြင့် ရဟတ်ယာဉ်သံမှာ ဒေါ်နီလာတို့အတွက် အသစ်အဆန်းမဟုတ်တော့။

ရွာပေါ် ရဟတ်ယာဉ်များ မကြာခဏ ဖြတ်ပျံလေ့ရှိသဖြင့် စိတ်ပူစရာမရှိဟုသာ ဒေါ်နီလာ တွေးလိုက်သည်၊ သူတို့ရွာသို့ တည့်တည့်မတ်မတ် ဦးတည်လာလိမ့်မည်ဟု မထင်ခဲ့။ 

ခဏအကြာတွင် အထင်နဲ့ အမြင် တက်တက်စင်အောင် လွဲသွားမှန်း သိလိုက်ရချိန်တွင် ရွာထိပ် ဘုန်းကြီးကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထ စာသင်ကျောင်း၌ ရှိနေသည့် သားငယ်နှင့် သမီးကြီးတို့အတွက် ခေါင်းနားပန်းကြီးရပြီ။

စစ်ရဟတ်ယာဉ် နှစ်စီးပေါ်မှ ၄၅ မိနစ်နီးပါး မရပ်မနား ပစ်ခတ်မှုများကြောင့် ဒေါ်နီလာ ခေါင်းပင် ထောင်မကြည့်ရဲ။ ရွာအတွင်း သွားလာနေစဉ် ရုတ်တရက်ကြုံရသည်ဖြစ်၍ နေအိမ်တစ်လုံးကို အကာအကွယ်ယူပြီး ပုန်းနေရသည်။ သားသမီးများကို စိတ်ပူရုံသာ တတ်နိုင်ခဲ့သည်။

ပစ်ခတ်သံများ စဲသွားချိန်တွင် သားနှင့် သမီးရှိရာ စာသင်ကျောင်းသို့ ဒေါ်နီလာ ပြေးသည်။ စာသင်ကျောင်းရှိရာ ဘုန်းကြီးကျောင်းဝင်ပေါက်ဝ အရောက်တွင် စွပ်ကျယ်၊ အားကစားဘောင်းဘီရှည် အနက်ဝတ်ကာ အရပ်သားပုံဖမ်းထားသည့် စစ်သားများနှင့် တိုးသည်။ ကျောင်းဝင်းထဲရှိ သားနှင့် သမီးကို ရှာခွင့်ပေးစေလိုကြောင်း ခွင့်တောင်းသည်။

၎င်းတွင် ပါလာသည့် လက်ကိုင်ဖုန်းကို စစ်သားများက သိမ်းလိုက်ပြီး ကျောင်းအတွင်းသို့ ပေးဝင်သည်။ ရုတ်တရက် တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ဒေါ်နီလာ စိုးရိမ်ထိတ်လန့်သွားသည်။ စစ်တပ်ရဟတ်ယာဉ်နှစ်စီးက ဆိုးဆိုးရွားရွား ဦးတည်ပစ်ခတ်ခဲ့သည့် တစ်ထပ် အုတ်တိုက်အဆောက်အအုံမှာ သူ၏ ၆ နှစ်သား ဘုန်းတေဇ တက်ရောက်နေသည့် သူငယ်တန်း စာသင်ဆောင် ဖြစ်နေခြင်းကြောင့်ပင်။

ကျည်ဆန်ထိမှန်ထားသော သွပ်မိုးများ ဖွာလန်ကြဲနေသည်။ အခန်းအတွင်း နံရံတွင် ကပ်ထားသည့် ကျောက်သင်ပုန်းသည်လည်း ကျည်ဆန်ရာ ဗရပွဖြင့် ပွင့်ထွက်နေပြီ။ သစ်သားဖြင့် ပြုလုပ်ထားသည့် စာသင်ခုံ ဖရိုဖရဲများကြားတွင် ကလေးငယ် သုံးဦး သွေးအိုင်ထဲ လဲကျနေသည်။

မောင်ဘုန်းတေဇ၏ ကျောင်းသုံးပစ္စည်းများ။ ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး လူမှုကွန်ရက်စာမျက်နှာ

ထိုသုံးဦးထဲမှ တစ်ဦးက “အမေ့..”ဟု အသံပြုလိုက်သည်။ သူက ဘုန်းတေဇ။ ဒေါ်နီလာက သူ၏ သားငယ်ကို ပြေးပွေ့လိုက်ရုံမှတစ်ပါး မည်သည့်အရာမျှ မစဉ်းစားနိုင်။ သားငယ်၏ ဒဏ်ရာများ ပြင်းထန်လွန်းသဖြင့် သမီးကြီးအတွက် ပူပန်စိတ်ကိုပင် တင်္ဒဂ မေ့လျော့သွားသည်။ သမီးကြီးက ဘုန်းကြီးကျောင်းပင်မဆောင်ရှိ ၇ တန်းဆောင်တွင် တက်ရောက်နေသည်။

ဘယ်ဘက် လက်၊ ပေါင်နှင့် ငယ်ပါတို့တွင် ကျည်မှန်ထားသည့် သားငယ် ဘုန်းတေဇက ဒဏ်ရာများကြောင့် ညည်းညူနေရင်း “သားကို သတ်သာပစ်လိုက်ပါတော့” ဟု တဖွဖွပြောနေသံကို ဖြစ်စဉ်အပြီး ခြောက်လကြာချိန်အထိ ဒေါ်နီလာ နားထဲ၊ အသည်းထဲ စွဲနေသည်။

သားငယ်၏ နောက်ဆုံးအချိန်တွင် “ငါ့သားကို အမေ မသတ်ဘူး။ အမေ ရအောင်ကယ်မှာ။ စိတ်တင်းထား။ အားမလျှော့နဲ့။ ငါ့သားကို ဆေးကုပေးမှာနော်။ စိတ်တင်းထား” ဟု အားပေးခဲ့ရကြောင်း ဒေါ်နီလာက ပြန်ပြောပြသည်။

“ဘုရားစာရွတ်၊ ဘုရားစာရွတ်ဆိုတော့ (သားက) သူရတဲ့ ဩကာသ၊ ဩကာသနဲ့ အဲလိုလေး ရွတ်တာ”

မကြာမီတွင် ဆေးကုပေးမည်ဟု စစ်တပ်က ခေါ်သဖြင့် ခြေလှမ်း ၂၀ ခန့်သာ ဝေးသည့် ဘုန်းကြီးကျောင်းပင်မဆောင်သို့ သားငယ်ကို ဒေါ်နီလာ ပွေ့ခေါ်သွားသည်။ သို့သော် အောက်ဆီဂျင်ပိုက်တပ်ခွင့်ရပြီး ၁၀ မိနစ်လောက်အတွင်း ဒဏ်ရာပြင်း၍ သွေးထွက်လွန်သည့် အခြေအနေကို ၆ နှစ်သားလေး မောင်ဘုန်းတေဇ မကျော်လွန်နိုင်တော့။

ဝမ်းနှင့် လွယ်မွေးခဲ့ရသည့် သားငယ်ကို ပစ်ခတ်မှုဖြစ်အပြီး တစ်နာရီအတွင်း ဒေါ်နီလာ စွန့်လွှတ်လိုက်ရသည်။ ဒေါ်နီလာအတွက် အဆိုးထဲက အကောင်းမှာ ၇ တန်းကျောင်းသူ သမီးကြီး ပစ်ခတ်မှုအတွင်း ဘေးကင်းခဲ့ခြင်းဖြစ်သည်။ သို့သော် စစ်ကောင်စီက မောင်ဘုန်းတေဇ၏ အသက်ဝိညာဉ်ကိုသာမက ရုပ်ခန္ဓာကိုပါ ယူသွားမည်ဆို၍ ဒေါ်နီလာ စိတ်ထိခိုက်ရပြန်သည်။

သားငယ်ကို မိသားစုကိုယ်တိုင် သင်္ဂြိုဟ်ခွင့်ရရန် ဒေါ်နီလာ အကြိမ်ကြိမ် တောင်းပန်ခဲ့သော်လည်း စစ်တပ်က လက်မခံ။ သေဆုံးကြောင်း အတည်ပြုရန် လိုသည်ဟု အကြောင်းပြသည်။

ပိုဆိုးသည်က မောင်ဘုန်းတေဇလိုပင် စစ်တပ်၏ ပစ်ခတ်မှုအတွင်း အပိုင်းပိုင်းပြတ် သေဆုံးသွားသော အခြားကလေးတို့၏ ကိုယ်ခန္ဓာအပိုင်းအစုများကို စစ်တပ်က ပီနံအိတ်ထဲ ဖြစ်သလို ထည့်၍ သယ်သွားခြင်းပင်။

နေ့ဝက်ကြာ စီးနင်းပြီးနောက်တွင် စစ်ကောင်စီတပ်ဖွဲ့က ရွာရှိ မော်တော်ယာဉ်များကို ယူဆောင်ကာ ပြန်လည်ထွက်ခွာသည်။ လေကြောင်းပစ်ခတ်မှုအတွင်း သေဆုံးသည့် ကလေးငယ်တို့၏ အလောင်းများ၊ စာသင်ခန်းအတွင်း ပြန့်ကျဲနေသည့် ကိုယ်ခန္ဓာအပိုင်းအစတချို့ကို တစ်ပါတည်း ယူဆောင်သွားသည်။

ထိုဖြစ်စဉ် ပေါ်ပေါက်ချိန်တွင် စစ်တပ်၏ လေကြောင်းပစ်ခတ်မှုအတွင်း သေဆုံးသူ ၁၃ ဦးထိ ရှိသည်ဟု ဒေသခံတို့က ယူဆကြသော်လည်း ခြောက်လကြာချိန်အထိ ကျန်တစ်ဦးမှာ မည်သူဖြစ်သည်ကို အတည်မပြုနိုင်သေးပါ။

စစ်ကောင်စီက မောင်ဘုန်းတေဇတို့၏ ရုပ်အလောင်းများကို ယူသွားရုံမက အသက် ၇ နှစ်မှ ၁၅ နှစ်အရွယ် ကျောင်းသား ၅ ဦး၊ ကျောင်းသူ ၂ ဦး၊ ဆရာ၊ ဆရာမများ အပါအဝင် အသက် ၁၈ နှစ်မှ ၄၂ နှစ်အတွင်းရှိ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးတို့ကိုပါ ဖမ်းသွားသည်။

ထိုသူများထဲမှ မျက်လုံးဒဏ်ရာရသည့် အသက် ၇ နှစ်အရွယ် မောင်ဘုန်းပြည့်စုံကျော်ကို မုံရွာမြို့ဆေးရုံတွင် ဆေးကုသပေးပြီး ၂၀၂၂ စက်တင်ဘာ ၂၂ ရက်တွင် စစ်တပ်က ပြန်လွှတ်ပေးသည်။ ကျန်သည့် ကလေးငယ် ၆ ဦးမှာ ဒဏ်ရာအခြေအနေများအပေါ် မူတည်၍ ရေဦး၊ မုံရွာ၊ ရန်ကုန်မြို့တို့ရှိ ဆေးရုံများတွင် ဆေးကုသခဲ့ရကာ ပစ်ခတ်မှုအပြီး ၅ လ ဝန်းကျင်အတွင်း နေရပ်သို့ အသီးသီး ပြန်ပို့ခံရသည်။ ကလေးအားလုံးမှာ သေရာပါ ဒဏ်ရာများ ရခဲ့ပြီ။

ဒဏ်ရာရလျက်ဖြင့် စစ်ကောင်စီ ခေါ်သွားသူများထဲတွင် အသက် ၉ နှစ်အရွယ် ပထမတန်းကျောင်းသူ မအေးသီရိထွန်းလည်း ပါဝင်သည်။ မအေးသီရိထွန်းမှာ အသက်အရွယ်နှင့်မမျှ ရရှိသည့်ဒဏ်ရာကြောင့် လက်ညှိုးနှင့် လက်မကြား ၁၅ ချက် ချုပ်လိုက်ရကြောင်း မိခင်ဖြစ်သူ ဒေါ်မိုးမိုးက ပြန်ပြောပြသည်။

စစ်ကောင်စီတပ်ဖွဲ့က ခေါ်ဆောင်သွားပြီး ၂၈ ရက် အကြာတွင် လက်ယက်ကုန်းရွာ မြောက်ဘက် ၈ မိုင်ကျော်အကွာ ရေဦးမြို့ တိုင်းရင်းဆေးရုံတွင် ရှိနေသည့် သမီးဖြစ်သူကို မိခင်က နာရီပိုင်းသာ တွေ့ခွင့်ရခဲ့သည်။

အသက် ၄၀ ကျော်မှ ရရှိလာသည့် သမီးအထွေးဆုံးလေးနှင့် တစ်ခါမျှပင် မခွဲဖူးခဲ့သည့် ဒေါ်မိုးမိုးမှာ ထိုစဉ်က ရခဲ့သည့် စိတ်ဒဏ်ရာကို ယနေ့တိုင် အမှတ်ရနေဆဲ။ သမီးကို ပြုစုခွင့်မရ၊ တစ်လဝန်းကျင်အတွင်း နာရီပိုင်းသာ တွေ့ရသည့် အခြေအနေကို ပြန်တွေးတိုင်း ဒေါ်မိုးမိုး စိတ်ထိခိုက်နေဆဲ။ ထိုစဉ်က အိမ်ပြန်ခရီးတွင် “အူနုတ်သလို ခံစားခဲ့ရတာပါ့” ဟု ၎င်းက ပြောသည်။

ပစ်ခတ်မှုအပြီး တစ်လကျော်အကြာ ၂၀၂၂ အောက်တိုဘာလကုန်ပိုင်းတွင်မှ မအေးသီရိထွန်း လက်ယက်ကုန်းနေအိမ်သို့ ပြန်ရောက်သည်။ သမီးငယ်မှာ ဖြစ်စဉ်အပြီး ခြောက်လကျော် ကြာချိန်အထိ စိတ်ဒဏ်ရာမှ မလွန်မြောက်နိုင်သေး။ ကျယ်လောင်သည့် အသံများ ကြားတိုင်း သတိလစ်လုနီးပါး ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သည်ဟု ဒေါ်မိုးမိုးက ပြောသည်။

“ကိုယ်က အားပေးရတာပါ့။ ညည်း အမေ့ရင်ခွင်ထဲ ရောက်ပြီ၊ ဘာမှမဖြစ်ဘူးလို့ အားပေးရတာပါ့”

ထို့အတူ စစ်တပ်က ဖမ်းခေါ်သွားသည့် လူကြီး ၈ ဦးအနက် အသက် ၂၀ ကျော်အရွယ် ကိုမင်းခန့်ဇော်နှင့် ဒေသခံ ကိုစိုးမင်းဦးတို့နှစ်ဦးကို ရေဦးမြို့ရှိ ရဲစခန်းတွင် ချုပ်နှောင်ထားဆဲဖြစ်သည်။ ထိုနှစ်ဦးကို မည်သည့်အတွက်၊ မည်သို့ ပုဒ်မတပ်အရေးယူထားသည်ကို တိကျစွာ မသိရသေးပေ။ ကျန်သည့် လူကြီး ၆ ဦးမှာမူ ဖြစ်စဉ်အပြီး ခြောက်လအတွင်း ပြန်လွတ်လာသည်။

စစ်ကောင်စီက ဝါရင့် တိုင်းရင်းသားလက်နက်ကိုင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ လက်ယက်ကုန်းရွာတွင် အခြေစိုက်နေသဖြင့် စစ်ဆင်ရေးလုပ်ဆောင်သည်၊ ထိုအဖွဲ့တို့က စာသင်ကျောင်းမှနေ၍ ခုခံသဖြင့် တုံ့ပြန်ရသည်ဟု ဖြစ်စဉ်ပေါက်ပေါက်သည့် နေ့တွင်းချင်း သတင်းထုတ်ပြန်သည်။

ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့နှင့် ရွာသားအချို့ကမူ တော်လှန်ရေးအဖွဲ့များ ရွာတွင် အခြေစိုက်ခြင်း၊ စာသင်ကျောင်းတွင် တပ်စွဲခြင်းမရှိ၊ စစ်ကောင်စီက အကြောင်းမဲ့ တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

“စစ်တပ်ကတော့ လုပ်ကြံပြီး ပြောနေကျပဲ။ မြေပြင်မှာ အဲဒီနေ့က ဘာတိုက်ပွဲမှလည်း မရှိဘူး။ ရွာထဲမှာ ဘာ PDF မှလည်း မရှိဘူး။ ဘာ KIA မှလည်း မရှိဘူး။ ကလေးတွေ ပညာရေးအတွက် ဖွင့်ထားတဲ့ စာသင်ကျောင်းကို သက်သက်လာပစ်သွားတာ” ဟု လက်ယက်ကုန်းရွာခံ PDF တစ်ဦးက ဆိုသည်။

မောင်ဘုန်းတေဇ၏ မိခင် ဒေါ်နီလာကလည်း အခင်းဖြစ်သည့် နေ့ကတည်းက ရွာတွင် တော်လှန်ရေးအဖွဲ့များ အခြေစိုက်ခြင်းမရှိကြောင်း အသက်ကို မငဲ့ကွက်ဘဲ တုံ့ပြန်ပြောဆိုခဲ့ရသေးကြောင်း ပြောသည်။ ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်မှုအတွင်း သားငယ် သေဆုံးသွား၍ ပရိဒေဝမီး တောက်လောင်နေသည့် သူ့ကို စစ်သားတစ်ဦးက သူပုန်များရှိ၍သာ ပစ်ရခြင်း ဖြစ်သည်၊ စစ်တပ်ကို အပြစ်မတင်ရန်၊ သို့မဟုတ်ပါက ပစ်သတ်ရလိမ့်မည်ဟု ခြိမ်းခြောက်ခဲ့သေးကြောင်း ဒေါ်နီလာက ပြန်ပြောပြသည်။

“ခင်ဗျားတို့ ဒီလိုတွေဖြစ်တာ ခင်ဗျားတို့ PDF တွေကြောင့် ဖြစ်တာတဲ့။ ခင်ဗျားတို့ PDF တွေကို လက်ခံထားလို့ ဖြစ်တာတဲ့။ ကျွန်မကလည်း ပါးစပ်ကသာ ပြန်ပြောတာ။ ကျွန်မတို့ရွာ ဘာ PDF မှ မရှိပါဘူးတော်။ တော်တို့ ထင်လို့ပါတော် ဆိုပြီး ကျွန်မကလည်း အဲ့လိုတွေ ရန်လုပ်တာပါ့။ ရန်လုပ်ရင်း ပြန်ပြောတာ။ ပစ်သတ်လည်း သတ်ပလေ့စေဆိုပြီး ပြောတာ”

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးမြစ်တစ်လျှောက် ၂၀၂၂ နိုဝင်ဘာ ၃၀ ရက်မှစ၍ စစ်ကောင်စီ မီးတင်ရှို့သည့် ကျေးရွာများ အခြေပြမြေပုံ။

စစ်တပ်က လက်ယက်ကုန်းရွာကို ရန်ရှာမှုမှာ ထိုမျှမကခဲ့ပါ။ ၂၀၂၂ ဒီဇင်ဘာ ၁၀ ရက်နှင့် ယခုနှစ် ဇန်နဝါရီ ၂၃ ရက်တို့တွင် မြေပြင်စစ်ကြောင်းဖြင့် နှစ်ကြိမ်တိုင်တိုင် စီးနင်း၊ ရွာကို မီးရှို့သည်။

ပထမတစ်ကြိမ်တွင် အိမ်ခြေ ၄၀၀ နီးပါးရှိသည့် ရွာအတွင်း စစ်ကောင်စီက နှစ်ရက်နီးပါးကြာ တပ်စွဲပြီးနောက် ဝါးကပ်မိုးအိမ်မှသည် တိုက်အိမ်အထိ မီးရှို့ခဲ့၍ ၁၉၉ လုံး ပြာကျခဲ့ရသည်။ ဒုတိယမ္မိ စီးနင်းချိန်တွင် နေအိမ် ၄၀ ကျော် ထပ်မံဆုံးရှုံးခဲ့ရပြန်သည်။ လက်ရှိတွင် ရွာ၏ အိမ်ခြေထက်ဝက်ကျော် ဆုံးရှုံးခဲ့ရပြီးဖြစ်သည့် လက်ယက်ကုန်းဒေသခံတို့မှာ ဖြစ်သလို နေထိုင်နေရပြီ။

ကိုယ့်အစီအစဉ်ဖြင့်ကိုယ် အဆင်ပြေသလို နေကြရသည်။ နေအိမ်များကို အခိုင်အခံ့ ပြန်မဆောက်ဝံ့ကြသေး။ အချို့က ထန်းရွက်တဲလေးများ၊ အချို့ကတော့ သွပ်မိုးသွပ်ကာ။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် ပြည်သူပိုင် အိုးအိမ် ၆၀,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကာ ထိုအထဲမှ ၈၀ ရာခိုင်နှုန်းဝန်းကျင်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်သည်ဟု အရပ်ဘက်အချက်အလက်ကောက်ယူရေးအဖွဲ့ Data for Myanmar ၏ မတ် ၂၀ ရက် ထုတ်ပြန်ချက်က ဆိုသည်။

ထိုအခြေအနေတွင် တဲထိုးရာတွင် အဓိကကျသည့် ဝါးဈေးက တစ်လုံး တစ်ထောင်ကျော် တန်ကြေးရှိနေပြီ။ လက်ယက်ကုန်းကျေးရွာရန်ပုံငွေဖြင့် မီးဘေးသင့်အိမ်ထောင်စုများကို အတိုင်းအတာတစ်ခုအထိ ထောက်ပံ့ပေးခဲ့သော်လည်း ဒေသခံအများစုမှာ တဲငယ်ပင် ပြန်မဆောက်နိုင်ကြတော့။ သင့်တော်သလို စုပေါင်းနေထိုင်သည့် နည်းလမ်းကိုသာ မီးဘေးသင့် လက်ယက်ကုန်းရွာခံအများစု ရွေးချယ်ထားရသည်။

စစ်တပ်၏ နှစ်ကြိမ်တိုင် မီးရှို့မှုအတွင်း တောင်သူသုံးပစ္စည်းများလည်း ပါသွားသဖြင့် မျိုးစပါးကအစ ပြန်ဝယ်၍ စိုက်ပျိုးနေရသည့် အခြေအနေနှင့် ကြုံနေရရာ လက်ယက်ကုန်းရွာခံများ၏ စီးပွားရေးမှာ လုံးဝ ပျက်စီးနေသည်။

ထို့အတူ စစ်ကောင်စီက ရွာကို အချိန်မရွေး ဝင်စီးမည့် အန္တရာယ်ကလည်း ရှိနေသည်။

စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့သည့် စစ်ကိုင်းတိုင်း လက်ယက်ကုန်းရွာ ဘုန်းတော်ကြီးကျောင်းအတွင်း ဘာသာရေးဆိုင်ရာများ ပျက်စီးနေသည်ကို ၂၀၂၂ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ-Myanmar Now

“သူတို့က (သေနတ်နဲ့) အတင်းပစ်ခွဲတာ။ ကျည်ဆန်တွေကြားက ထွက်ပြေးရတာ။ မနက်ခင်းကြီး ဝင်တာ။ အတင်းထွက်ပြေးရတာအေ။ (သေနတ်သံတွေက) ဖိုးဖိုးဖောင်းဖောင်းနဲ့။ (ကျည်တွေက) ကိုယ့်ခေါင်းပေါ်က ဝဲလို့၊ ဝဲလို့” ဟု ဇန်နဝါရီလအတွင်း စစ်ကြောင်းဝင်သည့် အခြေအနေကို ဒေါ်မိုးမိုးက ပြန်ပြောပြသည်။

လွန်ခဲ့သည့် ခြောက်လကျော် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်တပ် တိုက်ခိုက်ခဲ့စဉ်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်‌ ပြောရေးဆိုခွင့်ရှိသူနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ အရေးယူနိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။

“မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူများအားလုံး တာဝန်ခံမှု ရှိစေရန် ဆောင်ရွက်ရမည်” ဟုပင် လက်ယက်ကုန်းရွာနှင့် ပတ်သက်၍ ၂၀၂၂ စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သော ကုလသမဂ္ဂကြေညာချက်တွင် ဖော်ပြဖူးသည်။ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကလည်း သေဆုံး၊ ဖမ်းဆီးခံရသူများကို စာရင်းဇယားများနှင့်တကွ ထုတ်ပြန်ဖူးသည်။

သို့သော် စာသင်ကျောင်းကို လေကြောင်းမှ ပစ်ခဲ့သည့် စစ်ကောင်စီအတွက် မည်သည့်အရေးယူမှုမျှ မမြင်တွေ့ရသေး။ 

လက်ယက်ကုန်းဖြစ်စဉ်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် တင်ပြခဲ့ပြီး စစ်ကောင်စီကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုနိုင်ရေးအတွက် သက်သေအထောက်အထား ခိုင်မာသော အမှုတွဲဖြစ်သည့် လက်ယက်ကုန်းဖြစ်စဉ်ကို တင်ပြသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

၂၀၂၂ စက်တင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာဖြစ်စဉ်တွင် သေဆုံး၊ ဒဏ်ရာရသူများ။ (အမျိုးသားညီညွတ်ရေးအစိုးရ)

ရွာပင် နှစ်ကြိမ် မီးထပ်ရှို့ခံရကြောင်း၊ စာသင်ကျောင်းကိုပင် ပုန်းလျှိုးကွယ်လျှိုး ဖွင့်နေရကြောင်း လက်ယက်ကုန်းရွာခံများက ပြောကြသည်။

“ဒီလိုတွေ အချိန်ဆွဲနေမယ်ဆိုရင် ကျွန်မတို့ ပြည်သူတွေ သေဖို့ပဲ ရှိတော့တယ်။ အဲ့ဒီတော့ အကုန်လုံးသေမှ ကျွန်မတို့အတွက် အရေးယူပေးနိုင်မှာလား” ဟု ဘုန်းတေဇ၏ မိခင် ဒေါ်နီလာက ပြောသည်။

သို့သော် မည်သို့အခြေအနေ ကြုံရပါစေ ကလေးငယ်တို့၏ ပညာရေးကို လက်ယက်ကုန်းရွာခံများ မမေ့လျော့ကြ။ အာဏာသိမ်းစစ်တပ်က စီစဉ်သည့် ပညာရေးအစီအမံများကိုမူ ၎င်းတို့က သပိတ်မှောက်ထားကြသည်။

၂၀၂၂ စက်တင်ဘာ ၁၆ ရက်၊ ကျေးရွာစာသင်ကျောင်း ရဟတ်ယာဉ်ဖြင့် ပစ်ခံရအပြီး တစ်လကျော်ကြာကတည်းက ကိုယ်ထူကိုယ်ကျောင်းကလေးတစ်ကျောင်းကို ဒေသခံတို့က သင့်တော်ရာ နေရာတစ်ခုပြီးတစ်ခု ပြောင်း၍ ဖွင့်လှစ်ထားကြသည်။

စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့သည့် စစ်ကိုင်းတိုင်း လက်ယက်ကုန်းရွာ စာသင်ကျောင်းကို ၂၀၂၂ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ-Myanmar Now

စစ်တပ်က ၎င်းတို့ကို ခုခံသူများကို တုံ့ပြန်သည့် ဖြစ်စဉ်များအတွင်း ပစ်မှတ်ထဲတွင် စာသင်ကျောင်းများပါ မကြာခဏပါလေ့ရှိသည်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ချင်းပုန်းရွာ မူကြိုကျောင်းကို စစ်တပ်က စီးနင်းသည့် ၂၀၂၂ ဖေဖော်ဝါရီ ၂၆ ရက် ဖြစ်စဉ်မှာလည်း ထင်ရှားသည်။ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီတိုက်ခိုက်မှုမှာ လူအသေအပျောက်အများဆုံးဖြစ်ရပ် ဖြစ်ခဲ့သည်။

လက်ယက်ကုန်းရွာခံ ကလေးငယ်တို့သည် လွန်ခဲ့သည့် ခြောက်လကျော်က လေကြောင်းဖြင့် ပစ်ခတ်ခံရစဉ် စိတ်ဒဏ်ရာရထားသည့်ကြားမှ ပညာဆက်လက်သင်ကြားရန် စိတ်အားထက်သန်နေကြဆဲဟု အထက်ပါ ရွာခံတို့က ဆိုသည်။

ရဟတ်ယာဉ်ဖြင့် ပစ်ခံရမှုတွင် သားငယ်ဖြစ်သူကို ဆုံးရှုံးခဲ့ရသည့် ဒေါ်နီလာက စစ်ကောင်စီ၏ အန္တရာယ်ကို ပူပန်နေဆဲဖြစ်သော်လည်း ဉာဏ်ကောင်းပြီး စာလိုက်နိုင်သည့် ၈ တန်းအရွယ် သမီးကြီးက ကျောင်းတက်ရန် ဆန္ဒရှိနေသဖြင့် ပူပန်သည့်တိုင် စာဆက်သင်စေခဲ့သည်။

“ကလေးတွေပညာရေးက နောက်ဆုတ်နေလို့မှ မရပဲ၊ ကလေးတွေကို စာသင်မပေးရင် မတတ်တာပဲ ရှိမယ်” ဟု လက်ယက်ကုန်းရွာ ကိုယ်ထူကိုယ်ထစာသင်ကျောင်းမှ ဆရာမ ဒေါ်တင်မြင့်က ပြောသည်။

“ပညာမတတ်လို့ အာဏာတွေသိမ်းပြီး လက်နက်ရှိရင် လက်နက်ရှိတဲ့သူက အနိုင်ဆိုပြီးတော့ ဖြစ်နေကြတဲ့ ခေတ်ကြီးလေ။ နောက်မျိုးဆက်တွေလည်း အဲဒီလို ဖြစ်မှာတွေ စိုးတယ်။ အဲဒါကြောင့်မို့လို့ ဒီပညာရေးကို မဖြစ်ဖြစ်အောင် ရှေ့ဆက်ပြီး သွားတယ်” ဟု ၎င်းက ဆက်ပြောလိုက်သည်။

(အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ သီးသန့်မေးမြန်းနိုင်ခြင်း မရှိပေ။)

++++++++

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button