သတင်း

လေတပ်က တိုက်ခိုက်ခဲ့သည့် လက်ယက်ကုန်းရွာကို ကြည်းတပ်က မီးထပ်ရှို့

စစ်ကိုင်းတိုင်းအလယ်ပိုင်း ဒီပဲယင်းနှင့် ရေဦးမြို့နယ်အစပ်တွင် ချုံခိုတိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီတပ်သားများက ကျေးရွာများကို နှစ်ရက်ဆက်တိုက် မီးတင်ရှို့နေရာ ထိုအထဲတွင် လေတပ်က တိုက်ခိုက်ခဲ့ဖူးသည့် လက်ယက်ကုန်းရွာလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

ရေဦးမြို့မှ ထွက်လာသည့် စစ်သား ၁၃၀ ခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ရွှေဘိုခရိုင်တပ်ရင်း ၉ နှင့် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်များက လက်ယက်ကုန်းကျေးရွာအနီးတွင် ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်) ကချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လက်ယက်ကုန်းရွာသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်သဖြင့် ကလေး ၆ ဦး အပါအဝင် ဒေသခံ ၁၃ ဦး သေဆုံးခဲ့သည့် ကျေးရွာလည်းဖြစ်သည်။

အဆိုပါ ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို မနက် ၇ နာရီခန့်တွင် တိုက်ခိုက်ခဲ့သည်ဟု ရွှေဘိုခရိုင်တပ်ရင်း ၉ ဒုတပ်ရင်းမှူးက ပြောသည်။

“ကျွန်တော်တို့ နေရာအသင့်ယူထားတဲ့ နေရာကို သူတို့ တည့်တည့်တိုးလာတာ၊ ကျွန်တော်တို့က အနီးကပ်က ပစ်တာဆိုတော့ သူတို့ကျဆုံးတာတွေကို မြင်နေရတယ်” ဟု ပြောသည်။

နာရီဝက်ကြာတိုက်ပွဲတွင် စစ်သား ၈ ဦး ထိခိုက်သေဆုံးသည်ကို တွေ့မြင်ရကြောင်း၊ ကာကွယ်ရေးတပ်ဘက်မှ အကျအဆုံးမရှိသော်လည်း လက်နက်ကြီးကျသဖြင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း သိရသည်။

ဒေသခံများ ကြိုတင်တိမ်းရှောင်နိုင်သဖြင့် ဖမ်းဆီးခံရသူ၊ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း၊ သို့သော်လည်း PDF များ နောက်ဆုတ်ချိန်တွင် လက်ယက်ကုန်းကျေးရွာကို စစ်သားများက ဝင်ရောက် မီးရှို့ခဲ့သဖြင့် အိမ်ခြေ ၃၅ လုံး မီးလောင်သွားကြောင်းရွာအတွင်း ယနေ့ ဝင်ရောက်ကြည့်ရှုခဲ့သည့် လက်ယက်ကုန်းရွာ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါရွာသည် လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရသည့်အပြင် ယမန်နှစ် ဒီဇင်ဘာလအတွင်းက‌လည်း ထပ်မံ စီးနင်းခံခဲ့ရကာ နေအိမ်ပေါင်း ၂၀၀ ခန့် မီးရှို့ဖျက်ဆီးခံထားရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရွာကတော့ ပြန်ဆောက်ထားတာတွေ ဘာမှမကျန်တော့ဘူး။ ရွာကလူတွေကတော့ ပြန်မဝင်ကြသေးဘူး။ (စစ်သားတွေက) နင်းမိုင်းတွေ ဘာတွေ ထောင်တယ်လေ။ ခုက ဘာမှမရှင်းရသေးတော့ ပေးမဝင်ကြသေးဘူး” ဟု သူက ပြောသည်။

စစ်သားများသည် လက်ယက်ကုန်းကျေးရွာကို မီးရှို့ခဲ့ပြီးနောက် ထိုနေ့ (ဇန်နဝါရီ ၂၄ ရက်) ညနေပိုင်းတွင် တောင်ဘက် ၂ မိုင်ခွဲအကွာရှိ ညောင်လှကျေးရွာသို့ စစ်ကြောင်းထိုးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေမသိရသေးကြောင်း၊ စစ်သားများသည် ညောင်လှရွာနှင့် အနီးရှိ သရက်တောရွာများကို မီးတင်ရှို့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၉ ဒုတပ်ရင်းမှူးက ပြောသည်။

“မနေ့ညနေကတည်းက ကျွန်တော်တို့နဲ့ တိုက်ပွဲပြီးကတည်းက ရှို့နေတာ၊ ဒီနေ့ထိ ရှို့နေတုန်းပဲ။ ညောင်လှကတော့ တော်တော်ကို များတယ်။ တစ်ရွာလုံး အပြောင်နီးနီးပဲ” ဟု သူက ဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက အိမ်ခြေထောင်ချီရှိသည့် ညောင်လှရွာကို စစ်သားများ မီးတင်ရှိုခဲ့ရာ နေအိမ် ၂၀၃ လုံး မီးလောင်ပြာကျထားသည်။ စစ်သားများ ညောင်လှရွာထဲတွင် ရှိနေဆဲဖြစ်သဖြင် ယခုအကြိမ် မီးလောင်သွားသည့် အိမ်ခြေအရေအတွက် မသိရှိရသေးပေ။

ယနေ့တွင် တိုက်ပွဲများ ငြိမ်သက်နေပြီး ညောင်လှရွာအတွင်းမှ စစ်သား ၃၀ ခန့်က စစ်သားတချို့ကို ထမ်းစင် လေးခုဖြင့် တင်ပြီး ရေးဦးဘက်ဆီသို့ သယ်ဆောင်သွားသည်ကို ဒရုန်းကင်မရာမှတစ်ဆင့် တွေ့မြင်ရသည်ဟုလည်း ကင်းထောက်တာဝန်ယူထားသည့် ဒေသကာကွယ်ရေး ခေါင်းဆောင်က ဆိုသည်။

“ထမ်းစင်တွေနဲ့ ညောင်လှကနေ (ရေဦးမြို့နယ်) ဆည်ကြီးထိ ရောက်အောင် ခြေလျင်လျှောက်လာတာ။ ဒီဘက်ကနေ ကားနဲ့ လာခေါ်တာ၊ တောလမ်းကနေပဲ လာကြတာ” ဟု သူက ပြောသည်။

လက်နက်ကိုင်တော်လှန်ရေးအားကောင်းသည့် ဒေသများတွင် စစ်ကောင်စီသည် အရပ်သားပစ်မှတ်များဖြစ်သည့် လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများနှင့် ဆေးရုံများပါ မကျန် မီးရှို့ဖျက်ဆီးလေ့ရှိသည်။

ထိုအထဲမှ လက်နက်ကိုင်ခုခံမှုနယ်မြေ ကြီးမားကျယ်ပြန့်သည့် စစ်ကိုင်းတိုင်းသည် အများဆုံး ဖျက်ဆီးခံထားရပြီး ဒီပဲယင်းမြို့နယ်တစ်ခုတည်းတင် နေအိမ် ၅၀၀၀ နီးပါး မီးရှို့ခံထားရကြောင်း ဒေသတွင်းအချက်အလက်ကောက်ယူသည့် ဒီပဲယင်းညီနောင်များအဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီကမူ မီးရှို့မှုမှာ ၎င်းတို့လက်ချက်မဟုတ်ဟု ပြောလေ့ရှိသည်၊ စစ်ကောင်စီဝါဒဖြန့်သတင်းစာများ၏ ဇန်နဝါရီလ ၂၅ ရက် ဖော်ပြချက်တွင် ယမန်နှစ် နိုဝင်ဘာလ ၁၃ ရက်မှ ဒီဇင်ဘာ ၁၇ ရက်အထိ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် KIA နှင့် PDF တို့၏ မီးရှို့မှုကြောင့် အိုးအိမ်ပေါင်း ၁၁၂၂ လုံး မီးလောင်ခဲ့သည်ဟု ဆိုသည်။

သို့သော် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအပါအဝင် လွတ်လပ်သည့် လေ့လာရေးအဖွဲ့အစည်းများ၊ ဒေသခံများကမူ နေအိမ်များ မီးရှို့သူများမှာ စစ်ကောင်စီတပ်သားများသာဖြစ်သည်ဟု ဆိုကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button