သတင်း

စစ်တပ်က နှစ်ပတ်အတွင်း ဒီပဲယင်း ၁၉ ရွာကို မီးရှို့

ပြီးခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ မူးမြစ်တစ်လျှောက် စစ်တပ်ဝင်သည့် ကျေးရွာ ၁၉ ရွာတွင် ရွာခံ ၃ ဦး သတ်ဖြတ်ခံရသလို အိမ်ခြေ ၂၀၀၀ ကျော် မီးလောင်သွားသည်ဟု ဒေသခံ ကာကွယ်ရေးအဖွဲ့များ ကနဦးကောက်ယူထားသည့်စာရင်းများအရ သိရသည်။

နိုဝင်ဘာ ၃၀ မှစ၍ ဒီပဲယင်းမြို့နှင့် ရေဦးမြို့အခြေစိုက် စစ်ကြောင်း နှစ်ခုသည် မူးမြစ်အနောက်ဘက် ကပ်လျက် ကျေးရွာများကို ဝင်ရောက်စီးနင်းစဉ် ထိုဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ကြောင်း၊ ပျောက်ဆုံးနေသူ အများအပြားရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။  

“စစ်ကြောင်းက ပတ်ပတ်လည် ပတ်ရှို့တာ။ တချို့ရွာတွေဆို နှစ်ကြိမ်ရှို့ခံရတာ၊ အသွားအပြန် ပြန်ပတ်တာ သုံးကြိမ်လောက်ရှိတယ်။ စစ်ကြောင်းနှစ်ခုက ပေါင်းသွားလိုက် ခွဲသွားလိုက်နဲ့ ပတ်ရှို့တာ” ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ ဖြစ်သော ဒီပဲယင်းမြို့နယ်တော်လှန်ရေးညီနောင်များအင်အားစုမှ ခေါင်းဆောင်ဖြစ်သူ ကိုဖြိုးက ပြောသည်။

ညောင်လှရွာတွင် အိမ်ခြေ ၁၉၀ ခန့်၊ နများတွင် ၄၀၀ ခန့်၊ မူးရိုးကုန်းတွင် ၉၂လုံးခန့်၊ အင်ပင်တွင် ၂၅၀ ခန့်၊ မူးခတွင်းတွင် ၁၅၀ ခန့်၊ လက်ယက်ကုန်းတွင် ၂၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့သည်။ 

အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိ မူးရိုးကုန်းရွာတွင် ဒီဇင်ဘာ ၄ က ထိုရွာမှဘုန်းကြီးကျောင်းနှင့် နေအိမ်တစ်လုံး မီးရှို့ခံရသလို ဒီဇင်ဘာ ၉ တွင် ဒုတိယအကြိမ် မီးရှို့ခံရကာ ရွာခံ ၃ ဦး သတ်ဖြတ်ခံရသည်။ 

စစ်တပ်က ဘုန်းကြီးကျောင်းကို မီးတင်ရှို့ခဲ့ခြင်း ဖြစ်ပြီး နှစ်ထပ်အုတ်ရိုးကျောင်းအပါအဝင် ကျောင်းအတွင်းရှိ ရှေးဟောင်းရုပ်ပွားတော်များ၊ ရှေးဟောင်းဗီရိုများ၊ သာသနိကပစ္စည်းများအားလုံး ဆုံးရှုံးခဲ့ရသည်ဟု ထိုကျောင်းမှ ရဟန်းတစ်ပါးက မိန့်သည်။

“ဒီလောက်ယုတ်မာတဲ့လူတွေ ဦးဇင်း မမြင်ဖူးဘူး။ လူတွေရော တိရစ္ဆာန်တွေကအစ ဦးဇင်းတို့လူသားမျိုးနွယ်တစ်ခုလုံး ဒုက္ခရောက်နေတာ။ အကုန်ပြေးနေရတာ။ တော်တော်ယုတ်မာရိုင်းစိုင်းတယ်”

ဒုတိယအကြိမ် မီးရှို့မှုတွင် နေအိမ် ၉၀ ကျော် မီးလောင်ကျွမ်းခဲ့သလို သတ်ဖြတ်ခံထားရသော ရွာခံ ၃ ဦး၏ အလောင်းများကိုတွေ့ရှိခဲ့ရသည်ဟု ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

“မီးရှို့ထားတဲ့ ခေါင်းခွံတွေ ခါးရိုးတွေက တစ်လောင်း၊ ခေါင်းနဲ့ ခါးရိုးတွေပဲ ကျန်တာ၊ ထင်းပုံပေါ်တင် မီးနဲ့ရှို့ထားတာ။ သေနတ်နဲ့ ပစ်သတ်ထားတာက တစ်လောင်း၊ မျက်စိမမြင်လို့ ဘယ်လိုမှခေါ်လို့မရတဲ့ အမျိုးသမီးကြီးက တစ်လောင်း တွေ့တယ်” ဟု ထိုသူက ဆိုသည်။

ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသူသည် အသက် ၇၀ ခန့်အရွယ် ဦးချစ်လေး ဆိုသူဖြစ်ပြီး နေအိမ်နှင့်အတူ မီးရှို့ခံရသည့်အမျိုးသမီးကြီးမှာ မျက်စိမမြင်သည့် အသက် ၈၀ ခန့်အရွယ် ဒေါ်ပိုင်ဖြစ်ကာ ကျန် မီးရှို့ရုပ်အလောင်းမှာ မည်သူမည်ခွဲဝါ ခွဲခြားမရသေးပေ။

“ရွာကတော့ ပိုက်ဆံရှိတဲ့အိမ်တွေ အကုန်ရှို့သွားတာပဲ၊ ရွာလယ်ကတော့ ဘာမှကို မကျန်တာ၊ အိမ်ကြီးအိမ်ကောင်းတွေ၊ နောက်ပြီးတော့ တော်လှန်ရေးလုပ်တဲ့အိမ်တွေ ရှို့သွားတာပဲ” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်ပါက တိုက်ပွဲဖြစ်ရာအနီးမှ ကျေးရွာများကို စစ်တပ်က မီးတင်ရှို့လေ့သည်။ သို့သော် ယခုအကြိမ် ဒီပဲယင်းမြို့နယ်အရှေ့ပိုင်းတွင် တိုက်ပွဲ ကြီးကြီးမားမားမရှိဘဲ ရွာတိုင်းကို မီးရှို့ခြင်းဖြစ်ကြောင်း လက်ယက်ကုန်းဒေသခံရွာသားတစ်ဦးက ပြောသည်။

လေကြောင်းမှပါ ပစ်ခတ်တိုက်ခိုက်ခံထားရသော လက်ယက်ကုန်းရွာကိုလည်း စစ်သားများက ဒီဇင်ဘာ ၁၀ က မီးတင်ရှို့ခဲ့ရာ နေအိမ် ၂၀၀ ခန့် ပြာကျခဲ့သည်။

အကြောင်းမဲ့ မီးရှို့ခြင်းဖြစ်သည်ဟု ထိုရွာသားက ပြောသည်။

“ထပ်ပြီး ပြာကျပြန်ပြီဗျာ၊ တိုက်ပွဲမရှိဘဲနဲ့ကို ဘလိုင်းကြီး ရှို့သွားတာ။ လက်နက်ကြီးတွေနဲ့ ရွာထဲ ပစ်ကတည်းက ရွာသူတွေကတော့ ကြိုထွက်ပြေးနှင့်တာပေါ့ဗျာ။ ရွာထဲကိုတော့ ပစ်ခတ်ဝင်တာပဲ” ဟု သူက ဆိုသည်။

ဒေသခံများကြိုတင်တိမ်းရှောင်နိုင်ခဲ့မှုကြောင့် လက်ယက်ကုန်းရွာတွင် ဖမ်းဆီးခံရသူ၊ သတ်ဖြတ်ခံရသူမရှိကြောင်း သိရသည်။ အဆိုပါရွာကို လွန်ခဲ့သည့်စက်တင်ဘာလက စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်စီးနင်းခဲ့ဖူးပြီး ကလေး ၇ ဦးနှင့် ကျေးရွာနေ အရပ်သား ၆ ဦး သေဆုံးခဲ့သည်။

အဆိုပါစစ်ကြောင်းများသည် ယမန့်နေ့က မုန့်စီ၊ မဲအိုးစသည့် ကျေးရွာများ မီးတင်ရှို့ခဲ့ပြီးနောက် ယနေ့တွင် ဒီပဲယင်းနှင့် ရေဦးနယ်စပ်တွင် တပ်ဖြန့်ထားကြောင်း မြေပြင်သတင်းရင်းမြစ်များအရ သိရသည်။

ထို့ပြင် မဲအိုးကျေးရွာထဲတွင်လည်း PDF အားပေးကျေးရွာများကို မီးရှို့မည်ဖြစ်ကြောင်း စာသင်ကျောင်း၏ ကျောက်သင်ပုန်းတွင် စစ်သားများက ရေးသားထားခဲ့သည်ဟု ရွာခံများထံမှ သိရသည်။

“PDF ကို များများအားပေး စစ်ဘေးစစ်ဒဏ်သင့်လေ ပြာများများကျလေ၊ ရွာမရှိတဲ့တိုင်းဒေသကြီးမှာ နေရမည်။ PDF သူပုန်အားပေးနေသမျှ ဒုက္ခရောက်မည်” ဟု ရေးသားထားသည်။

အဆိုပါနယ်မြေတွင် စစ်ရေးလှုပ်ရှားနေသည့် ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော ကိုသတ္တိက စစ်တပ်က ကျေးရွာများကို ဖျက်ဆီးနေခြင်းသည် အောက်တန်းကျသည့်လုပ်ရပ်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။

“ဒီတစ်ခါ ဆုံးရှုံးမှုတော်တော်များတယ်၊ ရွာလုံးကျွတ်တွေရှို့တာများတယ်။ အဓိကက စစ်ကိုင်းတိုင်းမှာ ဒီပဲယင်းက အစွာဆုံးဖြစ်နေတော့ လုံးဝကို အပြောင်ရှင်းတဲ့ပုံစံလုပ်သွားတာပေါ့။ တစ်ရွာမှ မကျန်အောင် လုပ်သွားတဲ့ သဘောပဲ။ အမှန်ကဗျာ စစ်တိုက်တယ်ဆို ပြည်သူ့အိမ်တွေ ရှို့စရာမလိုဘူးဗျ။ PDF ကို ရှာပြီးတိုက်ချင်တိုက် ၊ သတ်နိုင်ရင်သတ်ပေါ့ဗျ၊။ (မီးရှို့တာက) ယုတ်မာလွန်းတာပေါ့ဗျာ” ဟု သူက ပြောသည်။

ဒီပဲယင်းနှင့် နယ်မြေကပ်လျက်ဖြစ်သော စစ်ကိုင်းတိုင်း မူးမြစ်နှင့် ဧရာဝတီမြစ်ကြားရှိ ခင်ဦးမြို့နယ်ကိုလည်း နိုဝင်ဘာ ဒုတိယပတ်မှစ၍ စစ်ကောင်စီက စစ်ကြောင်း သုံးကြောင်းအပြင် ‌လေတပ်သုံးပြီး စီးနင်းတိုက်ခိုက်ခဲ့ပြီး သီတင်းပတ်နှစ်ပတ်အတွင်း ကလေးတစ်ဦး၊ အရပ်သားများ၊ တော်လှန်ရေးသမားများ သေဆုံးသူ စုစုပေါင်း ၂၃ ဦးအထိ ရှိခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှ နိုဝင်ဘာလ ၃၀ ရက်အထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၃၈,၃၈၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အရပ်ဘက်အချက်အလက်ကောက်ယူရေးအဖွဲ့ Data For Myanmar အဖွဲ့မှတ်တမ်းများအရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button