သတင်း

ခင်ဦးစစ်မြေပြင်တွင် အရပ်သား ၁၃ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း မူးမြစ်နှင့် ဧရာဝတီမြစ်ကြားရှိ ခင်ဦးဒေသကို စစ်ကောင်စီက စစ်ကြောင်း သုံးကြောင်းအပြင် ‌လေတပ်သုံးပြီး စီးနင်းတိုက်ခိုက်နေရာ သီတင်းပတ်နှစ်ပတ်အတွင်း ကလေးတစ်ဦး၊ အရပ်သားများ၊ တော်လှန်ရေးသမားများ သေဆုံးသူ စုစုပေါင်း ၂၃ ဦးအထိ ရှိနေသည်။

နိုဝင်ဘာ ၂၃ တွင် ၁၄ နှစ်အရွယ် ငါးတန်းကျောင်းသား မောင်ရဲမင်းနောင်သည် ခင်ဦးမြို့ မြောက်ဘက်၂ မိုင်ခွဲခန့်အကွာ ကံသာယာရွာအနီး စစ်ရှောင်နေစဉ် စစ်သားများက ပစ်သတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ 

ထိုစစ်ကြောင်းမှာ ခင်ဦးမြို့ပေါ်မှ တိုက်ပွဲဖြစ်ရာ မုံလှကျေးရွာကို စစ်ကူလာခြင်းဖြစ်ပြီး စစ်ကြောင်းပါ စစ်သားများက ပစ်သတ်ခဲ့သည်ဟု ကံသာယာကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“ကြောက်အားလန့်အားနဲ့ တောထဲမှာ ပုန်းနေကြတာဗျာ၊ စစ်ကောင်စီက သေနတ်ဖောက်သံကြားတော့ ကြောက်အားလန့်အားနဲ့ ပြေးတဲ့အချိန် ကလေး (မောင်ရဲမင်းနောင်) ကို ပစ်လိုက်တာ” ဟု အသက် ၃၀ ဝန်းကျင် အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

ယခုလ ၁၅ ရက်မှစပြီး မူးမြစ်အနောက်ဘက် ရေဦးမြို့မှ ထွက်လာသည့် စစ်ကြောင်းတစ်ခုသည် ခင်ဦးမြို့နယ် အနောက်တောင်ပိုင်းသို့ စတင်ဝင်ရောက်လာပြီး ကန့်ဘလူမြို့နယ်ဘက်မှ ထွက်လာသည့် စစ်ကြောင်းနှစ်ခုသည် နိုဝင်ဘာ ၁၉ နှင့် ၂၃ တို့တွင် ခင်ဦးမြို့နယ်မြောက်ခြမ်းကို စီးနင်းခဲ့ခြင်း ဖြစ်သည်။

လေကြောင်းမှ ပစ်ခတ်မှု၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးကြောင်း၊ တော်လှန်ရေးသမား ၁၀ ဦး တိုက်ပွဲအတွင်း သေဆုံးကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးအရာရှိက အတည်ပြုသည်။

“သက်ကြီးရွယ်အိုတွေ မီးထဲပါသွားတာတွေ ရှိတယ်။ ဖမ်းဆီးသတ်ဖြတ်တာတွေရှိတယ်၊ ကလေးသူငယ်တွေဆိုလည်း ပြေးဟယ်လွှားဟယ်နဲ့ ပစ်သတ်ခံရတာတွေရှိတယ်။ မြစ်တော်ရွာက ၆၅ နှစ်အရွယ် အဖိုးကြီးဆို တောင်ဝှေးနဲ့ သွားနေတာကို နောက်ကနေ ပစ်သတ်သွားတာ” ဟု ကိုလူချောက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွေဘိုခရိုင်တပ်ရင်း ၃ အခြေစိုက်ရာ ခင်ဦးမြို့နယ်တွင် ဒေသခံကာကွယ်ရေးတပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်တို့ နေ့စဉ် တိုက်ပွဲများဖြစ်နေပြီး ယခုလ ၂၃ ရက်က ဖြစ်ပွားခဲ့သည့် မုံလှရွာအနီးတိုက်ပွဲသည် အပြင်းထန်ဆုံးဖြစ်ကာ စစ်ရဟတ်ယာဉ်လည်း သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“ဒါက ခင်ဦးမြို့နယ်မှာ အကြီးဆုံးတိုက်ပွဲလို့ ပြောလို့ရတယ်၊ အပြင်းဆုံးတိုက်ပွဲပဲ၊ လေကြောင်းက တစ်နာရီနီးနီး ဆက်တိုက်ပစ်ပြီး အောက်ကခြေလျင်က ဆက်တိုက်တက်တာ” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် မုံလှကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထိုရွာသည် ကက်သလစ်သာသနာပိုင် ချားလ်စ်မောင်ဘို၏ ဇာတိရွာဖြစ်သည်။

နိုဝင်ဘာ ၁၅ ရက်မှ ၂၈ ရက်အထိ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီထိုးစစ်ကြောင့် သေဆုံးသူများ။ 

ငါးတန်းကျောင်းသား ပစ်သတ်ခံရသည့်နေရာနှင့်မနီးမဝေးတွင် ကံသာယာကျေးရွာ ကာကွယ်ရေး အဖွဲ့ဝင် အသက် ၂၅ နှစ် အရွယ် ကိုထွန်းထွန်းဝင်း ဖမ်းဆီးခံရပြီး ခေါင်းဖြတ်သတ်ဖြတ်ခံရသည်။ 

ထို့နောက် အဆိုပါစစ်ကြောင်းနှစ်ကြောင်းသည်  မုံလှကျေးရွာအနီးရှိ သာဝတ္ထိကျေးရွာတွင် ပေါင်းသွား ပြီး အနီးရှိကျေးရွာများကို စီးနင်းမီးရှို့ခဲ့ပြီး နိုဝင်ဘာ ၂၈ တွင် မြင်းဒေါင်းကျေးရွာ မှတစ်ဆင့် ရေဦးမြို့နယ်ဘက်သို့ပြန်ဆုတ်သွားကြောင်း ရွာခံများထံမှ သိရသည်။

စစ်သားများပြန်ထွက်သွားသဖြင့် မြင်းဒေါင်းကျေးရွာအတွင်း ရွာသားများက ဝင်ရောက်ကြည့်ရှုရာ ဈေးဆိုင်တစ်ခုအတွင်း မီးလောင်ထားသည့် ရုပ်အလောင်း ၃ လောင်း တွေ့ရကြောင်း ထိုရွာခံတစ်ဦး က မြင်တွေ့ခဲ့ရပုံကို ပြောသည်။

“ဈေးဆိုင်တစ်ဆိုင်ထဲ ထည့်ပြီး မီးရှို့သွားတာ၊ မသေမရှင် ရှို့တာနဲ့တူတယ်ဗျ၊ တစ်ယောက်နဲ့ တစ်ယောက် ဖက်လျက်လေးတွေ ဖြစ်နေတာ၊ ရုပ်တွေတော့ မသဲကွဲတော့ဘူး”ဟု ရုပ်အလောင်းများကို သွားရောက်ကြည့်ရှုခဲ့သည့် အထက်ပါရွာခံ အမျိုးသားက ဆိုသည်။

သို့သော်လည်း ထို ၃ ဦးမှာ ကာကွယ်ရေးအဖွဲ့ဝင်များမဟုတ်ဘဲ စစ်ကြောင်း စဝင်သည့်နေ့က ဖမ်းဆီးခံလိုက်ရသည့် မြင်းဒေါင်းရွာသားများသာဖြစ်ကြောင်း ၎င်းက အခိုင်အမာပြောသည်။

အဆိုပါစစ်ကြောင်းများ သီတင်းပတ် နှစ်ပတ်အတွင်း စီးနင်းမီးရှို့မှုကြောင့် ခင်ဦးမြို့နယ်ရှိ ‌ပေါင်းလဲကုန်း၊ လက်ပံကြီး၊ မဒေါင်းကြီး၊ ရွှေကာ၊ ဆီဆုံလေး၊ နှဲတွင်း၊ စောကြီး၊ သနပ်စိန်၊ မုံလှ၊ မြင်းဒေါင်း၊ မြစ်တော် စသည့် ကျေးရွာ ၁၁ ရွာမှ နေအိမ် ၇၀၀ ကျော် မီးလောင်ပြာကျခဲ့သည်။

ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးနေရပြီး အရေးပေါ်အကူညီများလည်း လိုအပ်နေသည်၊ ဒေသခံ ကာကွယ်ရေးအဖွဲ့ များလည်း  နှစ်ပတ်ကြာ ခုခံမှုအပြီး ကျည်ဆန်ကုန်နေသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။ 

“အခက်အခဲတွေကတော့ ကျည်ဆန် မရှိတာပဲ၊ တိုက်ပွဲတစ်ပွဲဖြစ်ပြီးရင်တောင် နောက်ထပ်ထိပ်တိုက် တွေ့နေရင် မပစ်ရဲတဲ့အခြေအနေပေါ့။ ပစ်ရဲတဲ့သတ္တိတော့ ရှိတယ်၊ ပစ်ဖို့ ကျည်ဆန် မရှိတာပေါ့ဗျာ”‌ ဟု သူက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button