သတင်း

စစ်တပ်က ခင်ဦးမှ ၁၄ နှစ်သားနှင့် ပကဖလူငယ်တစ်ဦးကို သတ်ဖြတ်

စစ်ကောင်စီစစ်ကြောင်း ၃ ကြောင်းဝင်နေသော  စစ်ကိုင်းတိုင်းအလယ်ပိုင်း ခင်ဦးမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၃) ၌ ကံသာယာကျေးရွာမှ ၁၄ နှစ်အရွယ် ငါးတန်းကျောင်းသားနှင့် ကျေးရွာကာကွယ်ရေးအဖွဲ့ ဝင်တစ်ဦး သတ်ဖြတ်ခံရသည်။

ခင်ဦးမြို့မှ လာသည့် စစ်သား ၇၀ ခန့်ပါ စစ်ကြောင်းတစ်ခုသည် မြို့မှ ၂ မိုင်ခွဲခန့်အကွာ ကံသာယာရွာကို ယမန်နေ့ညနေက ရောက်ရှိလာကြသည်။ 

စစ်ကြောင်း ရောက်လာ၍ ထွက်ပြေးသည့် ငါးတန်းကျောင်းသား  မောင်ရဲမင်းနောင်သည် ရွာမှ တစ်မိုင်ခန့်အကွာ ယာတောထဲတွင် စစ်တပ်က ပစ်သတ်ခဲ့သည်ဟု ကံသာယာရွာသားတစ်ဦးက Myanmar Now  ကို ပြောသည်။

“ကြောက်အားလန့်အားနဲ့ တောထဲမှာ ပုန်းနေကြတာဗျာ၊ စစ်ကောင်စီက သေနတ်ဖောက်သံကြားတော့ ကြောက်အားလန့်အားနဲ့ ပြေးတဲ့အချိန် ကလေးကို ပစ်လိုက်တာ”ဟု သူက ဆိုသည်။

အဆိုပါယာတောနှင့် မနီးမဝေးတွင် စစ်ကြောင်းကို ကင်းထောက်ရန် ရောက်နေသည့် ကံသာယာကျေးရွာကာကွယ်ရေးအဖွဲ့ဝင် အသက် ၂၅ နှစ် အရွယ် ကိုထွန်းထွန်းဝင်း ဖမ်းဆီးခံရသည်၊ 

သူ၏ အလောင်းတွင် ရင်ဘတ်မှာ ကျည်ထိဒဏ်ရာတွေ့ရသလို ဖြတ်ထားသည့်ခေါင်းမှာ ခန္ဓာကိုယ်နှင့် တကွဲ တပြား ရှိနေကြောင်း ထိုကျေးရွာကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင်က ပြောသည်။ 

“ရဲဘော်ကတော့ စစ်ကြောင်းသတင်း အသွားအလာကို စောင့်ကြည့်ရင်း (စစ်ကြောင်းနဲ့) တည့်တည့် တိုးပြီး အဖမ်းခံလိုက်ရတာ” ဟု သူက ဆိုသည်။

ထိုညနေမှာပင် စစ်ကြောင်း ပြန်ထွက်သွားသဖြင့် သတ်ဖြတ်ခံရသူ နှစ်ဦး၏ ရုပ်အလောင်းများကို ချက်ချင်း ကောက်ယူသဂြိုလ်ခဲ့ကြောင်း သိရသည်။

ခေါင်းဖြတ်ခြင်းမှာ  ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်သွားခြင်းသာဖြစ်ကြောင်း အထက်ပါ ကံသာယာရွာသားက မှတ်ချက်ပြုသည်။

“ပြည်သူပြည်သားတွေကို အကြောက်တရားကြီးအောင်ရက်ရက်စက်စက် သတ်ဖြတ်တာကို ကျွန်တော်တို့ကတော့ လက်ခံစရာအကြောင်းမရှိဘူး” ဟု သူက ပြောသည်။

ခင်ဦးမြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကို နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ -Myanmar Now) 

သတ်ဖြတ်မှူကျူးလွန်ခဲ့သည့် အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့မှစ၍  ရေဦးမြို့မှ တစ်ဆင့် ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းတစ်လျှောက် စီးနင်းနေခြင်းဖြစ်ပြီး ကျေးရွာ ၃ ရွာကို မီးရှို့ခဲ့သည်။

ထို့အတူ ခင်ဦးနှင့်ကန့်ဘလူမြို့နယ်အစပ်တွင် အင်အား ၁၅၀ခန့်ပါ အခြားစစ်ကြောင်းတစ်ခုရှိပြီး ကျေးရွာ ၄ ရွာကို နှစ်ရက်အတွင်းမီးရှို့ခဲ့သည်။ 

ယမန်နေ့ နံနက်တွင် ခင်ဦးမြို့နယ်မြောက်ပိုင်း မုံလှရွာအနီးတွင် ရောက်ရှိလာသော စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

လေကြောင်းပစ်ခတ်မှုအတွင်း ဒေသခံကာကွယ်ရေး အဖွဲ့ဝင်တချို့သေဆုံးပြီး အဆက်အသွယ်ပြတ် နေသူများလည်း ရှိကြောင်း ခင်ဦးမြို့နယ် PDF ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ရဲဘော်တစ်ယောက်နဲ့ပြည်သူတစ်ယောက်ကျသွားတယ်။ ဒီထက်ပိုများနိုင်ချေရှိတယ်၊ စစ်သားတွေ မထွက်သေးတော့ တိတိကျကျမသိရသေးဘူ”ဟု သူက ဆက်ပြောသည်။

ခင်ဦးမြို့နယ်ရှေ့မြောက်ပိုင်း ရွှေဘို-မြစ်ကြီးနားလမ်းတစ်လျှောက်တွင်လည်း အင်အားရာနှင့်ချီပါ စစ်ကြောင်း တစ်ကြောင်းရှိနေပြီး သောက်ကန်ကျေးရွာကို ယမန်နေ့ကစ၍ မီးတင်ရှို့နေကြောင်း သိရသည်။

စစ်တပ်က ခင်ဦးမြို့နယ်မှ ကျေးရွာ ပေါင်း ၄၇ ရွာမှ လူနေအိမ် ၁၈၅၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု နိုဝင်ဘာလ ဒုတိယပတ်အထိ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြုစုထားသော စာရင်း အရ သိရသည်။

စစ်တပ် အာဏာသိမ်းပြီး နှစ်နှစ်နီးပါးကာလအတွင်း ခင်ဦးမြို့နယ်မှတိုက်ပွဲများတွင် ဒေသခံနှင့် တော်လှန်ရေးအဖွဲ့ဝင် ၂၁၈ ဦး သေဆုံးပြီး ဖမ်းဆီးခံရသူ ၁၄၃ဦး ရှိကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မှတ်တမ်းများအရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button