သတင်း

အိန္ဒိယနိုင်ငံသား ၃ ဦး အသတ်ခံရမှု အပ်နှံငွေနှင့် ဆက်စပ်ဟု မင်းတပ် CDF ပြော

နယ်စပ်ဒေသတွင် အိန္ဒိယနိုင်ငံသား ၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရန် အကူအညီပေးမည်ဟု မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ် (CDF) က မတ် ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံသား အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ချင်းပြည်နယ်တွင်း သတ်ဖြတ်ခံရမှုတွင် စွပ်စွဲခံရသည့် ဆလိုင်းအောင်လိန်းမှာ CDF မင်းတပ် တပ်ဖွဲ့ဝင်မဟုတ်ကြောင်း၊ စစ်ဘေးရှောင်များအတွက် လိုအပ်သည့်​ ပစ္စည်းများ မီဇိုရမ်ပြည်နယ်မှတစ်ဆင့် ဝယ်ရာတွင် ကြားခံ ကူညီပေးသူသာ ဖြစ်ကြောင်း CDF မင်းတပ်က ဆိုသည်။

ကိုဂျက်ဆိုသူနှင့် ဆလိုင်းအောင်လိန်းတို့သည် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရန် ပြည်သူများ၏ လှူဒါန်းငွေကို မီဇိုရမ်ပြည်နယ်မှ ပြည်သူတစ်ဦးထံ အပ်နှံထားသည်၊ ထိုငွေများကို ပြန်လည်တောင်းခံစဉ် လူသတ်မှု ဖြစ်ပွားခြင်းဖြစ်သည်ဟု CDF မင်းတပ်က ဆိုသည်။

သတ်ဖြတ်ခံရသူများမှာ Sisha ခရိုင်နေ မြန်မာနိုင်ငံဖွား ၄၈ နှစ်အရွယ် ချင်းအမျိုးသမီး C Biaksui, ၃၇ နှစ်အရွယ် Bablu Talkudar နှင့် Lwngtali ခရိုင်မှ အသက် ၄၂ နှစ်အရွယ် ယာဉ်မောင်း B Lathafamkima တို့ ဖြစ်ကြသည်။

မတ် ၁၉ ရက်နေ့တွင် အမျိုးသားတစ်ဦးက C Bialksui နှင့် Bablu Talkudar တို့ကို နေအိမ်မှ လာရောက် ခေါ်ဆောင်သွားပြီးနောက် ၄ ရက် အကြာတွင် မီးရှို့ခံထားရသည့် ရုပ်အလောင်းများ ချင်းပြည်နယ်အတွင်း တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း Times of India သတင်းတွင် ဖော်ပြထားသည်။

သတ်ဖြတ်ခံရသူ ၂ ဦးမှာ AK 47 သေနတ် ၆ လက် ဝယ်ယူရန် ရူပီး ၅၉၅,၀၀၀ ကျော် (ကျပ်ငွေ သိန်း ၁၅၀ ကျော်) လက်ခံရရှိခဲ့သူများဖြစ်ကြောင်း အိန္ဒိယသတင်းဌာနများက ကနဦး ဖော်ပြကြသည်။

နောက်ပိုင်းတွင် ငွေပမာဏမှာ ရူပီး ၅၀,၀၀၀ (ကျပ်ငွေ ၁၃ သိန်း) ကျော်သာ ဖြစ်ကြောင်း၊ အဆိုပါ သတ်ဖြတ်မှုတွင် ချင်းဒေသတော်လှန်ရေးအဖွဲ့ဝင်ဟောင်းများ ပါဝင်ပတ်သက်ဖွယ်ရှိကြောင်း အိန္ဒိယရဲအရာရှိ၏ ပြောကြားချက်ကို ကိုးကားပြီး အိန္ဒိယသတင်းဌာနများက ဖော်ပြသည်။

သတ်ဖြတ်မှု ကျူးလွန်သူများကို ဖမ်းဆီးနိုင်ရန် တာဝန်ရှိသူတို့၏ တရားနည်းလမ်းကျ ကြိုးပမ်းမှုများကို အလေးအနက် ထောက်ခံကြောင်း၊ စစ်ဘေးရှောင်ပြည်သူများကလည်း တရားဥပဒေစိုးမိုးရေးကိစ္စများတွင် ပူးပေါင်းကူညီကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၉ ရက်တွင် ထုတ်ပြန်သည်။

ထိုဖြစ်စဉ်အပြီးတွင် အိန္ဒိယ – မြန်မာနယ်စပ် အဝင်အထွက်လမ်းကြောင်းအချို့ကို မီဇိုရမ်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများက ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ဒေသအခြေစိုက် သတင်းဌာနများတွင် ရေးသားဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ စိုင်ဟားခရိုင်ရှိ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက “စိုင်ဟားခရိုင်နဲ့ မြန်မာဘက်ကို သွားလို့ရတဲ့ လမ်းတချို့ကို ပိတ်ထားတယ်။ ရက်အကန့်အသတ်တော့ မရှိဘူး။ အဲ့ဒီဘက်မှာ ဆန်တွေ၊ ဆီတွေ၊ စားဝတ်နေရေးအတွက် စိုင်ဟားဘက်ကို လာဝယ်တဲ့ လမ်းတွေ။ လမ်းပိတ်ပြီးတဲ့နောက်ပိုင်း နယ်မှာ နေတဲ့သူတွေအတွက် အခက်အခဲတော့ ကြုံလာနိုင်တယ်” ဟု ပြောသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ ထုတ်ပြန်သည့် အချက်အလက်များအရ အာဏာသိမ်းပြီး နှစ်နှစ်တာ ကာလအတွင်း နိုင်ငံအနောက်မြောက်ပိုင်းမှ လူဦးရေ ၅၁,၀၀၀ ကျော် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

တိုက်ပွဲပြင်းထန်မှုကြောင့် တစ်ပြည်နယ်လုံးနီးပါး စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း မြို့နယ်အချို့မှ ပြည်သူအများအပြားမှာ နယ်နိမိတ်ချင်း ထိစပ်နေသည့် မီဇိုရမ်ပြည်နယ်၊ မဏိပူရ်ပြည်နယ်တို့တွင် ခိုလှုံနေကြရသည်။

မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင် ၂၅,၀၀၀ ဝန်းကျင်အထိ ရှိနိုင်ပြီး ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ ကန်ပက်လက်၊ ကလေးမြို့နယ်တို့မှ လာရောက်ခိုလှုံနေခြင်းဖြစ်ကြောင်း စစ်ရှောင်အရေးကူညီနေသည့် ထန်တလန်မြို့နယ် ပြန်လည်နေရာချထားရေး ကော်မတီထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လက နယ်စပ် တမူးမြို့တွင် အိန္ဒိယနိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရပြီးနောက် နှစ်နိုင်ငံအခြေအနေ တင်းမာပြီး နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button