ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသည့်နေရာနှစ်ခုကို ယနေ့ (စက်တင်ဘာ ၂၇) နံနက်တွင် တိုက်ခိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က ပြောသည်။
နံနက် ၆ နာရီတွင် ကန်ပက်လက်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မွန်းလွဲ ၂ နာရီတွင် ပညာရေးမှူးရုံးတို့ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရနိုင်သည်၊ သေဆုံးသူတချို့လည်း ရှိသည်ဟု ကန်ပက်လက် CDF ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထွန်းလိဏ်းထန်းက ဆိုသည်။
“ထွေအုပ်ရုံးက ၃ ယောက်ကတော့ စနိုက်ပါနဲ့ကိုပစ်တာဆိုတော့ သေချာတယ်။ ညနေပိုင်း ပညာရေးမှူးရုံးကတော့ သေဆုံးတာတွေရှိနိုင်တယ်” ဟု သူက ဆိုသည်။
ပညာရေးမှူးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို သွားရောက်တိုက်ခိုက်ရာ တစ်နာရီနီးပါး တိုက်ပွဲ ဖြစ်ပြီး အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့သည်ဟု သူက ဆက်ပြောသည်။
၅ ရက် ကြိုတင်ပြင်ဆင်ခဲ့ရသည့် အဆိုပါ တိုက်ခိုက်မှုနှစ်ခုတွင် CDF အဖွဲ့ဝင်များသုံးစွဲသည့် လက်နက်ကြီးများမှာ တိကျမှုမရှိခြင်း၊ အခြားလက်နက်ကြီးနှင့် ဒရုန်းပစ်ကူများမရရှိခြင်း စသည့် အားနည်းချက်များ ရှိခဲ့သည်ဟု ဆလိုင်းထွန်း လိဏ်းထန်းက ပြောသည်။
“စခန်းကို သိမ်းဖို့ရန်လည်း အခွင့်သာခဲ့တယ်၊ သူတို့ဘက်က ပြန်ပြီးတော့ မပစ်တော့တဲ့ အနေအထားအထိ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ မနက် ၆ နာရီကနေ ၁၁ နာရီအထိ ပစ်ခတ်ခဲ့တယ်၊ သူတို့အထိုင်ချနေတာက အကုန်လုံး ဘန်ကာတွေဖြစ်ကုန်တော့ လက်နက်ကြီး မရှိတဲ့အခါ ကျွန်တော်တို့ ပြန်ဆုတ်ခဲ့လိုက်ရတယ်”
စစ်ကောင်စီတပ်ကမူ တိုက်ပွဲနှစ်ကြိမ်လုံးတွင် ပစ်အားကောင်းကောင်းဖြင့် တုန့်ပြန်ပစ်ခတ်နိုင်သည်ကို တွေ့ရသည်ဟု သူက ဆိုသည်။
စစ်ကောင်စီတပ်က ကန်ပက်လက်မြို့ပေါ်ရှိ ရဲစခန်း၊ စာသင်ကျောင်း၊ မြို့နယ်ပညာရေးမှူးရုံး စသည့် နေရာများတွင် ယခင်ကတည်းက တပ်စွဲထားသည်။
CDF က ထိုနေရာအားလုံးကို သိမ်းပိုက် နိုင်ရန်၊ အလုံးစုံ ထိန်းချုပ် သွားနိုင်ရန် ဆက်လက် ကြိုးစားမည်ဖြစ်သည့်အတွက် မြို့ပေါ်တွင်တိုက်ပွဲ များ ဆက်လက်ပြင်းထန်လာနိုင်သည်ဟု သိရသည်။
ကန်ပက်လက်မြို့ပေါ်တွင် နေထိုင်သူ အများစုမှာ နီးစပ်ရာ ကျေးရွာများနှင့် စစ်ရှောင်စခန်းများသို့ တိမ်းရှောင်ကြပြီး အချို့မြို့ခံများကတော့ ဆက်လက်နေထိုင်နေကြသည်ဟု မြို့ခံ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“တချို့နေရာတွေမှာ နေကြတဲ့သူတွေရှိတယ်၊ ဈေးဆိုင်တွေလည်း ဖွင့်ထားကြသေးတယ်၊ စစ်တပ်နားမှာတော့ ဘယ်သူမှ မနေရဲကြပါဘူး” ဟု အဆိုပါ ဒေသခံအမျိုးသမီးက ဆိုသည်။
လတ်တလောတွင် ကန်ပက်လက်မြို့ပေါ်၌ စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်ပြီး မြို့ခံများအနေဖြင့် စစ် ကောင်စီတပ်စခန်းများနှင့် ဝေးရာတွင် နေထိုင်ကြရန် CDF (ကန်ပက်လက်) အဖွဲ့က သတိပေးထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သတ်သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးသည် နိုင်ငံအနှံ့တွင် ဖြစ်ပေါ်လာပြီး ချင်းပြည်နယ် ဒေသခံများက ချင်းဒေသ ကာကွယ်ရေးအဖွဲ့ (CDF) များ ဖွဲ့ကာ မြို့နယ်အလိုက် ခုခံနေကြသည်။
လက်နက် ခဲယမ်းမလုံလောက်သည့်တိုင်အောင် ကန်ပက်လက်မြို့နယ်တစ်ခုလုံးတွင် မြို့ပေါ် ဧရိယာမှ လွဲ၍ ကျန်ဒေသအားလုံးနီးပါးကို ထိန်းချုပ်ထားသည်ဟု CDF အဖွဲ့က ဆိုသည်။
ယခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း မကွေးဘက်မှ ချင်းပြည်နယ်တောင်ပိုင်းသို့ တပ်နေရာအပြောင်းအလဲ လုပ်သည့် စစ်ကောင်စီ စစ်ကြောင်းကို CDF (ကန်ပက်လက်) က အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီက CDF ရှိနိုင်သည့် နေရာများကို လေတပ် စေလွှတ်ပြီး တိုက်ခိုက်လေ့ ရှိသည်၊ မြေပြင်တပ်များ လိုအပ်သည့် လက်နက်ခဲယမ်းကိုလည်း မြန်မာပြည်အလယ်ပိုင်း စက်ရုံများက လုံလောက်စွာ ထုတ်လုပ်ပေးလျက် ရှိသည်။
အမဲလိုက်သေနတ် တူမီးဖြင့် တော်လှန်ရေးအစပြုခဲ့သည့် CDF တပ်များကမူ လိုအပ်သည့် တိုက်ပွဲဝင်လက်နက်ကို မှောင်ခိုစျေးကွက်မှ ခက်ခက်ခဲခဲ ဝယ်ယူနိုင်ရန် အလှူငွေထည့်သူများကို အားကိုးနေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။