စစ်ကောင်စီတပ်၏ ရန်ကြောင့် မြန်မာပြည်သူ ထောင်ပေါင်းများစွာ အိန္ဒိယဘက်ခြမ်းသို့ ထွက်ပြေးနေရချိန်တွင် နှစ်နိုင်ငံနယ်စပ်ကို ခြံစည်းရိုးခတ် ပိတ်ပစ်ရန်၊ ဗီဇာမလိုဘဲ မြန်မာ – အိန္ဒိယနယ်စပ် ခရီးသွားလာခွင့်ကို အပြီးပယ်ဖျက်ပစ်ရန် မဏိပူရပြည်နယ် ဝန်ကြီးချုပ်က ကြိုးစားနေသည်။
နှစ်နိုင်ငံ နယ်နိမိတ်ထိစပ်မှုသည် မိုင်ပေါင်းတစ်ထောင်ကျော်ရှိပြီး ထိုအထဲတွင် မဏိပူရပြည်နယ်က ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း စသည့် ဒေသများနှင့် ထိစပ်နယ်မြေ မိုင် ၂၄၀ ကျော် ပါဝင်သည်။
အဆိုပါ ဧရိယာထဲမှ မိုင် ၄၀ ကျော်ကို ခြံစည်းရိုးခတ် ပိတ်ပစ်ရန် စီစဉ်နေကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ် N Biren Singh က စက်တင်ဘာ ၂၄ တွင် ပြောလိုက်သည်။
နယ်စပ်စည်းရိုးက တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာမှုများနှင့် မူးယစ်ဆေးဝါးမှောင်ခိုမှုများ မြင့်တက်လာသည့်အတွက် အရေးတကြီးလိုအပ်နေသည်ဟုလည်း မဏိပူရဝန်ကြီးချုပ်က ဆိုသည်။
မဏိပူရဝန်ကြီးချုပ်၏ အကြောင်းပြချက်သည် လက်တွေ့မကျကြောင်း၊ မဏိပူရပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားနေသဖြင့် မြန်မာစစ်ဘေးရှောင်များထံ အပြစ်ပုံချ အာရုံလွှဲရန် ကြိုးစားခြင်းဖြစ်ကြောင်း India for Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က မှတ်ချက်ပြုသည်။
“နိုင်ငံရေးအရ အာရုံလွှဲနိုင်အောင်လုပ်တဲ့ လုပ်ရပ်တစ်ခုလို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။
“အိန္ဒိယ-မြန်မာနယ်စပ်က ရေကြောင်းဟာမျိုးမရှိတဲ့အပြင် ကုန်းကြောင်းဆိုတာတောင်မှ တောင်တန်းတွေ ထူထပ်တဲ့နေရာမျိုး။ ဒီလိုနေရာမျိုးမှာ တည်ဆောက်တာကတော့ လက်တွေ့ ဘာမှ သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး”
မဏိပူရပြည်နယ်တွင် ကသည်းနှင့် ကူကီးလူမျိုးများကြား ဖြစ်ပွားနေသည့် လူမျိုးရေးပဋိပက္ခကြောင့် သုံးလကျော်အတွင်း ၁၈၀ ထက်မနည်း သေဆုံးကာ ရာနှင့်ချီ ဒဏ်ရာရခဲ့သည်။ ထိုပဋိပက္ခသည် မြန်မာဘက်မှ ဝင်ရောက်လာသည့် စစ်ဘေးရှောင်များကြောင့် ပိုဆိုးရွားလာသည်ဟု အိန္ဒိယဘက်က ယူဆပြီး နယ်စပ်လုံခြုံရေး တင်းကျပ်စွာ ကိုင်တွယ်ရန် ခြေလှမ်းပြင်နေခြင်း ဖြစ်သည်။
ထို့ပြင် အိန္ဒိယနှင့် မြန်မာနိုင်ငံသားများ နယ်စပ်မျဉ်းမှ ၁၆ ကီလိုမီတာ (၁၀ မိုင်ခန့်) အတွင်း ဗီဇာမလိုဘဲ လွတ်လပ်စွာသွားလာခွင့်ကို အပြီးတိုင်ပယ်ဖျက်ရန် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနထံ တိုက်တွန်းထားကြောင်းလည်း မဏိပူရဝန်ကြီးချုပ်က စက်တင်ဘာ ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။
မိုရေးမြို့ မြောက်ဘက်ခြမ်းတွင် ခြံစည်းရိုးခတ်ထားပြီးဖြစ်သည်၊ ကျန်ဒေသကိုလည်း အလားတူ ကာရံလိုဟန်ရှိသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး အမှတ် (၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထန်ဆေးက မှတ်ချက်ပြုသည်။
“မြောက်ဘက်ခြမ်းကို ခတ်ထားတယ်။ တောင်ဘက်ကိုလည်း ထပ်ခတ်ချင်တယ်။ ကျွန်တော်တို့ တမူးမြို့အပြင် ကဘော်ဒေသအထက်ပိုင်း ၂၀၊ အောက်ပိုင်း ၂၀ ပတ်ဝန်းကျင်ကို အဝင်အထွက် လုံးဝမရှိအောင်၊ တားဆီးနိုင်အောင် ခတ်ချင်တဲ့သဘောဖြစ်မှာပါ“ ဟု တမူးမြို့နယ်မှ ဦးထန်ဆေးက ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံရာ အပြင်းထန်ဆုံးဒေသများတွင် ပါဝင်သည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ဒေသခံများမှာ နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးရုံး (UNOCHA) က ယခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်သည့်အချက်အလက်အရ မြန်မာနိုင်ငံဘက်မှ အိန္ဒိယသို့ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်အရေအတွက် ၄၉,၀၀၀ ကျော် ရှိသည့်အနက် မီဇိုရမ်ပြည်နယ်တွင် ၃၈,၂၀၀ နီးပါးနှင့် မဏိပူရပြည်နယ်တွင် ခန့်မှန်းခြေ ၆,၉၀၀ ကျော် ခိုလှုံနေသည်ဟု သိရသည်။
မီဇိုရမ်ပြည်နယ်အစိုးရက စစ်ဘေးရှောင်များကို လက်ခံထားပြီး ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးထားသည်။ ချင်းပြည်နယ်မှ စစ်ဘေးရှောင်အများစုမှာ ထိုပြည်နယ်သို့ ရောက်နေသည်။
လက်ရှိ မဏိပူရပြည်နယ်အတွင်း လုံခြုံရေးတင်းကျပ်ထားသည့်အတွက် နေရပ်စွန့်ခွာ စစ်ဘေးရှောင်တချို့ မြန်မာပြည်တွင်းထဲသို့ ပြန်လည်ဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။