သတင်း

ချင်းပြည်နယ် တော်လှန်ရေးစခန်းနှစ်ခုကို ဇိုမီးနယ်ခြားစောင့်တပ် ဝင်ရောက်တိုက်ခိုက်

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) က ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်အတွင်းရှိ ၎င်းတို့၏ စခန်းများ စီးနင်းတိုက်ခိုက်ခံရသဖြင့်  တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး၊ လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့ရကြောင်း ပြောသည်။ 

အိန္ဒိယနိုင်ငံ၏ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းထားသည့် ဇိုမီးလက်နက်ကိုင်အဖွဲ့ (ZRA) က ဩဂုတ် ၃၁ တွင် တွန်းဇံမြို့အနီးရှိ CDF ယာယီစခန်းတစ်ခု၊ စက်တင်ဘာ ၁၀ တွင် နောက်ထပ် စခန်းတစ်ခုကို စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပထမအကြိမ်ကတည်းက သာလွန်အင်အားဖြင့် အလစ်အငိုက် စီးနင်းခံရသည့်အတွက် CDF တပ်ဖွဲ့ဝင် ပေါင်ကပ်ထန် ဆိုသူ သေဆုံးပြီး ဒရုန်းများ၊ လက်နက်ကြီးများ ဆုံးရှုံးခဲ့ရကြောင်း CDF (တွန်းဇံ) ဘက်က ဆိုသည်။

“အားလုံးက သေနတ်ကိုယ်စီနဲ့ ထွက်ပြေးနိုင်ကြတယ်၊ ဒါပေမဲ့ အရေးကြီးလက်နက်တွေ ဒရုန်းတို့၊ နည်းနည်းပါးပါး လေးတဲ့ဟာတွေ၊ ကျည်ဆန်တွေတော့ မပါသွားနိုင်ဘူး။ ဒရုန်း ၂ စီး၊ ၆၀ မမ တစ်လက်၊ ၄၀ မမ ၂ လက်၊ RPG ၁ လက်၊ ဆိုင်ကယ် ၇ စီးတော့ ဆုံးရှုံးသွားတယ်” ဟု CDF (တွန်းဇံ) အထွေထွေအတွင်းရေးမှူး ဦးထန်ဆွင်းမုန်က Myanmar Now ကို ပြောသည်။

CDF သည် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ကို လက်နက်ကိုင်ပြန်ခုခံသူတို့ဖြင့် ဒေသအလိုက် ဖွဲ့စည်းခဲ့သည့် လက်နက်ကိုင်အဖွဲ့များဖြစ်ပြီး ချင်းအမျိုးသားတပ်မတော် (CNA) တို့နှင့် ပူးတွဲ တိုက်ပွဲဝင်နေသည်။

စက်တင်ဘာ ၁၀ နံနက် ၉ နာရီခန့်တွင် တွန်းဇံအခြေစိုက် CDF စခန်း နောက်တစ်ခု စီးနင်းခံရစဉ် CDF တပ်ဖွဲ့ဝင် မန်ကပ်ထန် သေဆုံးပြီး မောင်းပြန်သေနတ် ၁ လက် ဆုံးရှုံးခဲ့ကြောင်း CDF (တွန်းဇံ) ၏ အထွေထွေအတွင်းရေးမှူးက ဆိုသည်။

“ကျွန်တော်တို့ ရဲဘော်က ကင်းစောင့်သွားတဲ့အချိန်မှာ ကြိုစောင့်ပြီး ပစ်သတ်တယ်လို့ ကြားတယ်။ သေနတ် ၁ လက် ပါသွားပြန်တယ်။ တိုက်ပွဲပြီးတာနဲ့ သူတို့က ချက်ချင်း ထွက်ပြေးသွားတယ်”

ZRA အဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ် တွန်းဇံမြို့နယ်ရှိ ထိုစခန်းများကို မည်သည့်အကြောင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်သည်ကို မသိရသေးပေ၊ CDF တပ်ဖွဲ့ဝင်များကို မြို့မှ ခေတ္တ ဆုတ်ခွာထားခိုင်းသည်ဟု ၎င်းက ဆက်ပြောသည်။

ခရစ်ယာန်ဘာသာဝင်အများစုဖြစ်သော CDF တပ်ဖွဲ့ဝင်များ၏ တနင်္ဂနွေနေ့ ဘုရားကျောင်းတက်ချိန်တွင် အလစ်အငိုက်လာရောက်တိုက်ခိုက်သော ZRA ကြောင့် CDF ရဲဘော်အသစ်သည် တိုင်းပြည်နှင့် ချင်းပြည်နယ်ကို ကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့ရကြောင်း CDF (တွန်းဇံ) က စက်တင်ဘာ ၁၁ တွင် ထုတ်ပြန်သည်။

စက်တင်ဘာ ၁၀ ရက် တိုက်ခိုက်မှုတွင် သေဆုံးခဲ့ရသော CDF ရဲဘော် မန်ကပ်ထန်။ (ဓာတ်ပုံ- CDF-Tonzang)

တောင်ကုန်းတောင်တန်းထူထပ်ရာ တွန်းဇံမြို့နယ်သည် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ မီဇိုရမ်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ လူဦးရေ သုံးသောင်းခွဲကျော် နေထိုင်သည်။

CDF တွန်းဇံ စခန်း ၂ ခုကို စီးနင်းတိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်ပြီး ZRA ကို အီးမေးမှတစ်ဆင့် ဆက်သွယ် မေးမြန်းထားသော်လည်း စက်တင်ဘာ ၁၂ ညအချိန်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

တွန်းဇံမြို့နယ်တွင် ကျောင်းသားများ ပညာသင်ယူမှုကို လက်နက်အားကိုးဖြင့် တားဆီးပိတ်ပင်၍ မြို့ကို ဖျက်ဆီးရန် ကြိုးပမ်းနေသည့် လက်နက်ကိုင်တချို့ကို ZRA က တိုက်ထုတ်ခဲ့သည်ဟု ဇိုမီးနိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကော်မတီ (ZPCC) က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဩဂုတ် ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) အဖွဲ့သည် ၂၀၀၅ တွင် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲသွားပြီး မဏိပူရ်တွင် အခြေစိုက်သည်။ ချင်းပြည်နယ်တွင် ZRA အရှေ့ပိုင်းတိုင်းကွပ်ကဲမှုဌာန အခြေစိုက်သည်။

ZRA သည် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ချင်းဒေသအတွင်း လှုပ်ရှားသည့် ချင်းကာကွယ်ရေးအဖွဲ့စခန်းများကို ၃ ကြိမ်ထက်မနည်း စီးနင်းတိုက်ခိုက်ခဲ့ဖူးသည်။

၂၀၂၁ ခုနှစ် မေလက တီးတိန်မြို့နယ်အတွင်း စစ်ကောင်စီကို တိုက်ခိုက်ရန် People Defense Army (Teidem) အမည်ဖြင့် ဖွဲ့စည်းရန် လူစုနေသည့်စခန်းကို ZRA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် သေနတ် ၅ လက်၊ ဖုန်း အပါအဝင် ကျပ်သိန်း ၃၀ နီးပါး ဖျက်ဆီးခဲ့သည်။

ထို့နောက် ဇွန်လတွင် ZFU (Zoland) အဖွဲ့၏ စခန်းကို ဝင်ရောက်စီးနင်းပြီး တူမီး ၅ လက်၊ စားနပ်ရိက္ခာ၊ ဆေးဝါး အပါအဝင် သိန်း ၆၀ ဖိုးနီးပါး ဖျက်ဆီးခဲ့သည်။

ထိုစဉ်က စစ်ကောင်စီကို အန်တုနေသည့် စခန်းများကို ဇိုမီးတပ်မတော် (ZRA) က ဆက်လက်တိုက်ခိုက်လျှင် ပြင်းထန်စွာ တုံ့ပြန်ချေမှုန်းသွားမည်ဟု ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) က ထုတ်ပြန် ကြေညာခဲ့သည်။

ထိုနှစ် စက်တင်ဘာလတွင်လည်း တီးတိန်မြို့နယ်အတွင်း ဒေသကာကွယ်ရေးအဖွဲ့ဖွဲ့ရန် စုစည်းနေသည့် စခန်းငယ်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့သည်။

၂၀၂၁ ဧပြီလအတွင်းက စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ZRA (အရှေ့ပိုင်းတိုင်း) က ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် ချင်းဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ငယ်များ၏ စခန်းများကို တိုက်ခိုက်ဖျက်ဆီးခဲ့သလို အင်အားကောင်းသော CDF စခန်းများကိုပါ တိုက်ခိုက်လာခဲ့သည်။

ZRA သည် သက်တမ်းရင့်လက်နက်ကိုင်အဖွဲ့ဖြစ်သော ချင်းအမျိုးသားတပ်ဦး (CNF/CNA) နှင့်ပါ ၂၀၂၁ နှစ်ကုန်ကတည်းက တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button