သတင်း

တီးတိန်တွင် CNF နှင့် ZRA ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်တွင် ခြေကုပ်ရယူထားသော ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) ကို ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်သည့် ဒေသခံပူးပေါင်းကာကွယ်ရေးအဖွဲ့များက ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်တွင် ပထမဆုံးအကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

တီးတိန်မြို့မှ မိုင် ၂၀ ကျော်အကွာ ငွားစိန်ကျေးရွာ (Ngawsing) အနီးတွင် ဒီဇင်ဘာ ၁၇ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော ချင်းလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲတွင် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ရွာသား ၂ ယောက်တော့ ထိတယ်။ တစ်ယောက်က လက်ထိတယ်။ တစ်ယောက်က ပေါင်မှာ ကျည်ဆန်နှစ်လုံးဝင်တယ်။ လာဝိုင်းတဲ့စစ်သား (CNF) တွေက ဆိုင်ကယ် ၂၀၊ ၃၀ စီးလောက်ရှိတယ်” ဟု ငွားစိန်ရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသူ အဆိုပါဒေသခံက ဆိုသည်။ 

အာဏာသိမ်းစစ်ကောင်စီကို အပြင်းအထန်ခုခံတော်လှန်နေသည့် ချင်းပြည်နယ်တွင် ပထမဆုံးအကြိမ် ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ခိုက်ရာတွင် နှစ်ဖက်စလုံး၌ ထိခိုက်မှုများရှိသည်ဟု ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ဒေသခံကာကွယ်ရေးအဖွဲ့များ၏ စခန်းများကို အကြိမ်ကြိမ်ဝင်ရောက်ဖျက်ဆီးခဲ့သည့် ZRA အဖွဲ့သည် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးနေသည့်အတွက် လုံခြုံရေးအရ တိုက်ခိုက်ရခြင်းဖြစ်သည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ 

“အဓိကတော့ အဲဒီ (တိုက်ပွဲ) မတိုင်ခင်မှာ သူတို့က စစ်ကောင်စီနဲ့ တွေ့ဆုံမှုတွေ လုပ်ကြတယ်။ အဲ့ဒီအတွက် လုံခြုံရေးအရ ကျွန်တော်တို့က စပြီးတော့ ပစ်တာခတ်တာ” ဟု ၎င်းက Myanmar Now ကို ပြောသည်။ 

ဇိုမီးတော်လှန်ရေးတပ်မတော်ဆိုသည့် ZRA အဖွဲ့မှာ အိန္ဒိယနိုင်ငံတွင်း၌ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းကာ ရပ်တည်နေသည့်အဖွဲ့ဖြစ်ပြီး ချင်းပြည်နယ်တွင် ZRA အရှေ့ပိုင်းတိုင်းကွပ်ကဲမှုဌာန အခြေစိုက်သည်။ 

တီးတိန်မြို့နယ်၊ ငွားစိန်ရွာတွင် မြို့မိမြို့ဖများနှင့် တွေ့ဆုံရန် ရောက်ရှိနေစဉ် CNF က အင်အား ၅၀ ကျော်ဖြင့် လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ZRA အဖွဲ့က အီးမေးမှတစ်ဆင့် Myanmar Now ၏ မေးမြန်းမှုတွင် ပြန်လည်ဖြေဆိုသည်။ ထို့ပြင် CNF က ကျူးကျော်တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။​

၎င်းတို့လှုပ်ရှားရာနယ်မြေအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမျှ ခွင့်မပြုကြောင်း ZRA က ဇွန်လအတွင်း ကြေညာခဲ့ရာ အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်အလိုက် ဖွဲ့စည်းထားသော ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က ZRA အနေဖြင့် ထိုသို့ ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။

စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ZRA အဖွဲ့က ဧပြီလအတွင်း ထုတ်ပြန်ခဲ့သော်လည်း အာဏာရှင်ကို တော်လှန်နေသည့် ဒေသခံအဖွဲ့များကို တိုက်ခိုက်နေသည့် ZRA ၏ လုပ်ရပ်ကို ရှုတ်ချကြောင်း CNF မှ ဆလိုင်းထက်နီက ပြောသည်။ 

“စစ်အာဏာရှင်ဖြုတ်ချဖို့ အတူတကွတိုက်ပွဲဝင်တဲ့နေရာမှာ အဲဒီလိုမျိုးလုပ်တာတွေကို ကန့်ကွက်တယ်။ ရှုတ်ချတယ်။ မဖြစ်သင့်တဲ့ကိစ္စ။ စစ်ကောင်စီနဲ့ ZRA က ပူးပေါင်းနေပြီလား။ သူတို့မှာ ဘာတွေဖြစ်နေပြီလဲဆိုတာက တော်တော်စဉ်းစားရခက်တာပေါ့” ဟု ၎င်းက မှတ်ချက်ပြုသည်။ 

ချင်းအမျိုးသားတပ်မတော် (CNA/CNF) အပတ်စဉ် (၄၅) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာအတွင်းက CNA တပ်စခန်းတစ်ခု၌ တွေ့ရစဉ်။ (ဓာတ်ပုံ-​​Chinland Information Center)

ထိုသို့အငြင်းပွားဖွယ်ရာ အခြေအနေတွင် ZRA အဖွဲ့က မေလအတွင်း တီးတိန်မြို့တွင် ဒေသကာကွယ်ရေးအဖွဲ့ ဖွဲ့ရန် လူစုနေသည့် လူငယ်အချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သေနတ်ငါးလက်နှင့် ဖုန်း၊ ကင်မရာအပါအဝင် ကျပ်သိန်း  ၃၀ ဖိုးခန့်ရှိ ပစ္စည်းများကို ယူဆောင်သွားခဲ့သည်။ 

ထို့ပြင် ဇွန်လအတွင်း၌လည်း ZFU (Zoland) စခန်းတစ်ခုကို ZRA က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်ပြင် စက်တင်ဘာလအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့ ဖွဲ့ရန် လူစုနေသည့် ဟွာလ်ငို (Hualnog) မျိုးနွယ်စုလူငယ်အဖွဲ့၏ စခန်းငယ်တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသူ ဇိုလန်း PDF အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျင်ရှန်ဆုမ်ကို ဒီဇင်ဘာလဆန်းပိုင်းက နေအိမ်အတွင်း သေနတ်ဖြင့် အနီးကပ်လုပ်ကြံခြင်းမှာ ZRA လက်ချက်ဖြစ်သည်ဟု ဇိုလန်း PDF ၏ ပြောဆိုမှုအပေါ် ZRA က ငြင်းဆန်သည်။​

တီးတိန်မြို့နယ်၊ ဟိုင်လ်မွာကျေးရွာမှ ခရစ်ယာန်သိက္ခာတော်ရ ဆရာတော်နှင့် မိသားစုနှစ်စုကို ဒီဇင်ဘာလအတွင်း CNF က ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း၊ သင်းအုပ်ဆရာမိသားစုကို တောထဲတွင် ဖမ်းဆီးထားဆဲဖြစ်ကြောင်း၊ ထို့ပြင် အရပ်သားလူငယ်တစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ZRA အဖွဲ့က ဒီဇင်ဘာ ၁၈ တွင် ထုတ်ပြန်ချက်ဖြင့် စွပ်စွဲထားသည်။

ထိုစွပ်စွဲချက်နှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းထားမှု တစ်စုံတစ်ရာမရှိကြောင်း CNF က တုံ့ပြန်သည်။ 

“အဲ့ဒီခွင်ထဲမှာရှိတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ဘက်က လူတွေကို စကားတွေ မေးဖို့ဆိုပြီးတော့ ခေါ်တယ်။ စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီး ဆိုင်ကယ်ခတွေပေးပြီးတော့ ပြန်လွှတ်လိုက်ပါတယ်။ ကျွန်တော်တို့မှာ အဖမ်းအဆီးတွေ ဘာမှ မရှိပါဘူး” ဟု ဆလိုင်းထက်နီက ပြောသည်။

၁၉၉၃ ခုနှစ်က စတင်ဖွဲ့စည်းပြီး ၂၀၀၅ ခုနှစ်တွင် နယ်ခြားစောင့်တပ်အသွင်ပြောင်းကာ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် အခြေစိုက်သည့် ZRA အဖွဲ့၏ လတ်တလောထုတ်ပြန်ချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်သွယ်ပြီး ဇိုမီးအမျိုးသားပြည်သူ့စစ်အဖွဲ့ကို အပတ်စဉ် ၁၀ အထိ လေ့ကျင့်ပေးခဲ့သည်ဟု ဆိုသည်။ 

ထိုသို့ အပြန်အလှန်စွပ်စွဲပြောဆိုမှုများနှင့်အတူ ZRA အဖွဲ့ကို CNF က ပထမဆုံးအကြိမ် လူသိရှင်ကြား ဝင်ရောက်တိုက်ခိုက်ရာတွင် အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာသည့် ဒေသခံကာကွယ်ရေးအဖွဲ့များကလည်း ပူးပေါင်းပါဝင်ခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ CNF သည် စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်ရေး NUG နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အစောဆုံးကြေညာခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းလည်း ဖြစ်သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button