အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အချင်းချင်းမတိုက်ခိုက်ရန် ZRA ကို CDF သတိပေး

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် အခြေစိုက်ပြီး စစ်ကောင်စီကို အန်တုနေသည့် စခန်းများကို ဇိုမီးတပ်မတော် (ZRA) က ဆက်လက်တိုက်ခိုက်လျှင် ပြင်းထန်စွာ တုံ့ပြန်ချေမှုန်းသွားမည်ဟု ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF) က ယမန်နေ့ (ဇွန် ၂၁) တွင် ထုတ်ပြန်ကြေညာခဲ့သည်။  

“ကိုယ့်ချင်းလူမျိုးအချင်းချင်းကြားမှာ ပူးပေါင်းစည်းလုံးခြင်းမလုပ်ဘဲနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ လုပ်နေတဲ့ လူငယ်လေးတွေကို အခုလိုလုပ်သွားတဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ လုံးဝလက်မခံဘူး” ဟု CDF တာဝန်ရှိသူက ပြောသည်။

ဇွန် ၁၆ နံနက် ၈ နာရီတွင် အိန္ဒိယ-မြန်မာနယ်စပ်တစ်နေရာရှိ အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်ရန်အတွက် ဖွဲ့စည်းထားသည့် ZFU (Zoland) စခန်းတစ်ခုကို ZRA က ဝင်ရောက်တိုက်ခိုက်ပြီး အသုံးအဆောင်ပစ္စည်းများ၊ မီးစက်၊ ဓာတ်ဆီ၊ ဆန်၊ ဆီ၊ ဆားနှင့် ဆေးဝါးများအပြင် တူမီးသေနတ် ၅ လက်ကို ဖျက်ဆီးခဲ့ကြောင်း၊ ယင်းဖျက်ဆီးမှုအတွင်း ကျပ် သိန်း ၆၀ ခန့် ဆုံးရှုံးခဲ့ကြောင်း ကာယကံရှင်များက ပြောသည်။ 

ထို့နောက် ဇွန် ၁၇ တွင် ZRA အရှေ့ပိုင်းတိုင်းက ၎င်းတို့လှုပ်ရှားနယ်မြေအတွင်း မည်သည့်လက်နက်ကိုင်တပ်ကိုမှ ထူထောင်ခွင့်ပေးမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။ 

စစ်အာဏာရှင်ကို ဆန့်ကျင်နေကြသည့် ဇိုမီးတော်လှန်ရေးအဖွဲ့ ၅ ဖွဲ့ကလည်း ZRA ၏ ထိုလုပ်ရပ်ကြောင့် လွန်စွာရှက်မိကြောင်း ဇွန် ၁၈ တွင် ကြေညာချက်ထုတ်ပြန်သည်။ 

စစ်အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာသည့် CDF သည် ချင်းဒေသ မြို့နယ်အနှံ့အပြားတွင် ဒေသခံများဖြင့် ဖွဲ့စည်းထားပြီး စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေကြခြင်း ဖြစ်သည်။

တီးတိန်မြို့အနီး တောတွင်းတစ်နေရာရှိ PDA အခြေစိုက်စခန်းတစ်ခုကို မေ ၂၂ တွင် ZRA ယူနီဖောင်းဝတ်ထားသူ ၁၀ ဦး ခန့်က အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သေနတ် ၅ လက်အပါအဝင် ပစ္စည်းတန်ဖိုး ကျပ် သိန်း ၃၀ ဖိုးခန့် ယူဆောင်သွားခဲ့ကြသည်။

စစ်တပ်ထုတ် က.ပ.စ တံဆိပ်ပါ ကျည်ဆန်ခွံများ။ (ဓာတ်ပုံ-Supplied) 

ယင်းပစ်ခတ်မှုအတွင်း စစ်တပ်ထုတ် က.ပ.စ တံဆိပ်ပါ ကျည်ဆန်ခွံများ ကျန်ရစ်ခဲ့ကြောင်း ကာယကံရှင်များက Myanmar Now ကို ပြောထားသည်။ 

ထိုသို့ ဒေသအခြေစိုက် PDA စခန်းများတိုက်ခိုက်ခံနေရသည့် ကိစ္စနှင့် ပတ်သက်၍ ZRA တာဝန်ရှိသူများအား Myanmar Now က ဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်သည်။ 

ZRA သည် ၁၉၉၃ တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၅ တွင် အိန္ဒိယနိုင်ငံ၏ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲကာ အိန္ဒိယ- မဏိပူရ်တွင် အခြေစိုက်သည်။

စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ZRA (အရှေ့ပိုင်းတိုင်း) က ဧပြီလအတွင်း ကြေညာထားခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button