အတွေးအမြင်

သမိုင်းအမှိုက်ခြင်းထဲ ရောက်သွားနိုင်သူများ

ဒီမိုကရေစီအရေး ကြိုးပမ်းမည်ဟု ကြွေးကြော်ထားသော နိုင်ငံရေးပါတီများ စစ်ကောင်စီထံ မှတ်ပုံတင်ခြင်း အမှားအမှန်ကို မှန်မှန်ကန်ကန် နားလည်နိုင်ရန်အတွက် စစ်တပ် အာဏာသိမ်းမှုကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ရန် လိုပါသည်။

NLD က ရွေးကောက်ပွဲတွင် မဲလိမ်ပြီး နိုင်ခြင်းမဟုတ်သည်ကို မြန်မာပြည်သူများနှင့် ကမ္ဘာကပါ သိထားပြီးသား ဖြစ်သည်။ 

သို့သော် စစ်တပ် အာဏာသိမ်းခြင်းအတွက် NLD ၏ နိုင်ငံရေးဆုံးဖြတ်ချက် မှားယွင်းခြင်းက တစ်စိတ်တစ်ပိုင်း တာဝန်ရှိသည်ဟု နိုင်ငံရေးခေါင်းဆောင်တချို့က ယူဆနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တွင် အမှားအယွင်း ရှိနိုင်ပါသည်၊ သို့ရာတွင် စစ်ခေါင်းဆောင်တို့က ၎င်းတို့ နိုင်ငံရေးအာဏာ လက်ဝါးကြီးအုပ်ထားမှု ခြိမ်းခြောက်ခံနေရသည်ဟု ယုံကြည်လာခြင်း၊ အစိုးရခေါင်းဆောင်နေရာများကို စစ်ဗိုလ်ချုပ်များသာ ရယူလိုခြင်းတို့မှာ အာဏာလုယူရသည့် အဓိကအကြောင်းရင်းများတွင် ပါဝင်သည်။

စစ်ကောင်စီက ထုတ်ပြန်ခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ပေါင်းစပ် ဆင်ခြင်ကြည့်လျှင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် စစ်တပ်လိုလားသော ပါတီများသာ ရွေးကောက်ပွဲ အနိုင်ရရန် အကွက်ချ ကြံစည်ထားသည်မှာ အင်မတန် ရှင်းပါသည်။ ကျန်နိုင်ငံရေးပါတီများ လောက်လောက်လားလား အနိုင်ရရန် အကြောင်းမရှိပါ။ ထိုအချက်ကို မှတ်ပုံပြန်တင်မည့် နိုင်ငံရေးပါတီများ မသိဘဲ မနေပါ။

USDP သည် စစ်တပ်ကို ကျောရိုးပြုထားပြီး၊ စစ်တပ်က USDP ပါတီကို ကျောထောက်နောက်ခံပြုထားပေးသည့်အချက်ကို တစ်ကမ္ဘာလုံးက သိကြပါသည်။ ပြည်သူကို ဖမ်းဆီးသတ်ဖြတ်၊ လေယာဉ်ပျံများနှင့် ဗုံးကြဲ၊ စစ်ရဟတ်ယာဉ်များပေါ်မှ ပစ်ခတ်၊ ကျေးရွာများကို မီးရှို့နေသော စစ်တပ်က ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးပါတီက လူထုအကျိုး ဆောင်ရွက်မည်လားဟု မျှော်လင့်နေလျှင် ‘ကျား’ က သူ့ကို မစားလောက်ပါဘူးဟု တွေးနေသော ‘သိုးမိုက်’ ၏ အတွေးမျိုး ဖြစ်ပါလိမ့်မည်။

ဤနေရာတွင် စစ်ကောင်စီထံ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့လျှင် လူထုကို သစ္စာဖောက်ခြင်းလား ဆိုသည့်အချက်မှာ ဆွေးနွေးရမည့်ပြဿနာ ဖြစ်လာပါသည်။

စစ်ကောင်စီလက်အောက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရုံနှင့် လူထုကို သစ္စာဖောက်မဖောက် ဆိုသည်ထက်၊ ထိုသို့ မှတ်ပုံတင်လျှင် လူထု အဘယ်ကြောင့် ခံပြင်းဒေါသထွက်ကြသည်ကို လူထုအကျိုးဆောင်ရွက်မည်၊ လူထုကို အခြေခံသည်ဆိုသော နိုင်ငံရေးပါတီများ ရိုးရိုးသားသား မှန်မှန်ကန်ကန် အဖြေရှာသင့်သည်။

ပြည်သူလူထုက စစ်တပ်ကို မည်မျှရွံရှာစက်ဆုပ်နေခြင်းသည် အကြောင်းမဲ့မဟုတ်ပါ။ ကိုယ့်ပြည်သူကို ပြန်စစ်ခင်း၊ ယနေ့ဖမ်း မနက်ဖြန် အလောင်းပြန်ပို့၊ စစ်ကြောရေးမှာ လက်လွန်သွားသည် ဆိုပြီး ထမင်းစားရေသောက် ဥပဒေချိုးဖောက်နေသော စစ်တပ်၏ လုပ်ရပ်များကြောင့်ဖြစ်သည်။ 

ထိုအချက်ကို လူထုကိုယ်စားပြုမည်ဟု ကြွေးကြော်နေသော နိုင်ငံရေးပါတီများက လျစ်လျူရှု၍မရ၊ နားလည်ရန် လိုအပ်သည်၊ လူထုရှေ့က မားမားမတ်မတ် ရပ်တည်ရဲရမည်။ 

ပြည်သူလူထုက နိုင်ငံရေးနည်းလမ်းကို မယုံကြည်တော့၍ မဟုတ်ပါ။ စစ်ကောင်စီအောက်တွင် နိုင်ငံရေးနည်းလမ်းအရ မည်သည့်အရာကိုမျှ ဆောင်ရွက်နိုင်မည် မဟုတ်ဟု ယုံကြည်နေကြခြင်းသာ ဖြစ်သည်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထပ်ဆင့်ထောက်ခံထားသော အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ဘေးချိတ်ပြီး ပြည်သူလူထုကို စိတ်ထင်သလို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်နေသော စစ်ကောင်စီကလည်း နိုင်ငံရေးနည်းလမ်းကို ယုံကြည်လက်ခံခြင်း မရှိကြောင်း ၎င်းတို့၏ လုပ်ရပ်များဖြင့် ပြသလျက်ရှိသည်။

အကြမ်းဖက်မှုများ ရပ်တန့်ရန် နိုင်ငံတကာက တိုက်တွန်းတောင်းဆိုနေသော်လည်း လက်မခံ ပယ်ချထားသော စစ်ကောင်စီကို နိုင်ငံရေးနည်းလမ်း လက်ခံလာရန် ဆွဲဆောင်နိုင်မည်ဟု ယုံကြည်သော နိုင်ငံရေးခေါင်းဆောင်၊ နိုင်ငံရေးပါတီများ ရှိနေသေးလျှင် လက်တွေ့ ပြည်သူ့ရှေ့ မှတ်ကျောက်တင်ခံနိုင်သော လုပ်ဆောင်ချက်မျိုး ပြသရန် လိုပါသည်။

လူထုက NLD ပါတီ မပါသည့် ရွေးကောက်ပွဲကို ဆန့်ကျင်နေခြင်း မဟုတ်ပါ။ ၂၀၂၀ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည့် NLD ပါတီ မပါဝင်နိုင်စေရန် အကွက်ချ ဖန်တီးထားသော ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ဦးတည်နေသော နိုင်ငံရေးပါတီများ၏ “ဒီမိုကရေစီစိတ်ဓာတ်၊ ဒီမိုကရေစီကျင့်ဝတ်၊ လူထုအပေါ်တန်ဖိုးထားမှု” တို့ကို မေးခွန်းထုတ် ကန့်ကွက်ဆန့်ကျင်နေကြခြင်းသာ ဖြစ်သည်။

ဤနေရာတွင် ရှစ်လေးလုံးလူထုအရေးတော်ပုံနှင့် နွေဦးတော်လှန်ရေးကို ထပ်တူထား စဉ်းစား၍မရကြောင်း သတိပြုရန် လိုအပ်ပါသည်။ ရှစ်လေးလုံးလူထုအရေးတော်ပုံက တစ်ပါတီစနစ်ကို ရိုက်ချိုးပြီး အမည်ခံ ပါတီစုံဒီမိုကရေစီစနစ်နှင့် အမည်ခံ ဈေးကွက်စီးပွားရေးစနစ်ကို လမ်းဖွင့်ပေးနိုင်ခဲ့သည်။

ထို့ကြောင့် ပြည်သူလူထုက နိုင်ငံရေးပါတီများ ထူထောင်ပြီး လှုပ်ရှားခဲ့ကြသည်ကို ထောက်ခံအားပေးခဲ့သည်။ နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေး မျက်နှာစာအားလုံးတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း ရခဲ့သမျှ တိုးတက်မှုအားလုံးကို ခြေနင်းဖျက်ဆီးခဲ့သလို၊ အနာဂတ်တွင် ဖြစ်နိုင်ခြေရှိသမျှ အခွင့်အလမ်းအားလုံးကိုလည်း လမ်းစဖျောက် ပိတ်ဆို့ထားသည်။

အဆိုပါ စစ်ကောင်စီလက်အောက်တွင် မှတ်ပုံတင်သော နိုင်ငံရေးပါတီများအပေါ် ပြည်သူလူထုက မည်သို့ နားလည်နိုင်မည်နည်း။ မည်ကဲ့သို့ အားပေးထောက်ခံနိုင်မည်နည်း။

ကိုယ့်ပြည်သူကို စစ်ခင်းနေသော စစ်ကောင်စီနှင့် နိုင်ငံရေးနည်းလမ်းအရ မည်သို့မျှ ဖြေရှင်း၍မရနိုင်‌ကြောင်း ပြည်သူလူထုက သဘောပေါက်ပြီးဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်မည်ဟု သဘောပေါက်ပြီး ဖြစ်သည်။

နိုင်ငံရေးပါတီ ဆိုသည်မှာ ပြည်သူလူထု ယုံကြည်ထောက်ခံမှသာ ရှင်သန်နိုင်ပါသည်။ ပြည်သူလူထု၏ ခံစားချက်ကို လျစ်လျူရှု ကျောခိုင်းလျှင် ထိုနိုင်ငံရေးပါတီ၊ နိုင်ငံရေးခေါင်းဆောင်သည် သမိုင်းအမှိုက်ခြင်းထဲ ရောက်သွားရန်သာ ရှိသည်။

(ဝီရသည် ပြည်တွင်းအခြေစိုက် နိုင်ငံရေးဆန်းစစ်လေ့လာသူတစ်ဦး ဖြစ်သည်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button