
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပါအဝင် ပါတီ ၄၀ ကို သတ်မှတ်ကာလအတွင်း ပါတီမှတ်ပုံတင်ခြင်းမရှိသည့်အတွက် ဖျက်သိမ်းကြောင်း အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ယနေ့ (မတ် ၂၈) ညပိုင်းက ကြေညာသည်။
ပြန်လည် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၅၀ ပါတီ၊ အသစ်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၃ ပါတီ ရှိသည်၊ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်း မရှိသည့် ပါတီ ၄၀ ကို ပါတီမှတ်ပုံတင် ပယ်ဖျက်ပြီး ပါတီဖျက်သိမ်းလိုက်သည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
ရွေး/ကော်တွင် ပြန်လည်မှတ်ပုံတင်သည့် နိုင်ငံရေးပါတီများတွင် စစ်တပ်က ဦးဆောင် ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီအများစုဖြစ်ပြီး အများအပြားမှာ စစ်တပ်လက်အောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် နီးစပ်ကြသည်။
ထို့ပြင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဟောင် ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ (PP) နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် မှတ်ပုံမတင်ခဲ့သည့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ZCDP) တို့ မှတ်ပုံတင်လျှောက်ထားသည်ကို တွေ့ရသည်။
ထို့ပြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ပြန်လည် ဖွဲ့စည်းထားသည့် ရခိုင်အမျိုးသားပါတီ (ANP) သည်လည်း ပါတီမှတ်ပုံတင် ပြန်လည် လျှောက်ထားသည်ကို တွေ့ရသည်။
ပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂၅ တွင် ပါတီမှတ်ပုံတင်ဥပဒေ ပြဋ္ဌာန်းသည့် ရက်မှစပြီး ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်တွင် ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ဖော်ပြထားသည်။
ပါတီမှတ်ပုံတင်ဥပဒေသစ် ပုဒ်မ ၁၉ (က) အရ နိုင်ငံရေးပါတီတစ်ခုသည် မိမိဆန္ဒအလျောက် ဖျက်သိမ်းခံရလျှင်ဖြစ်စေ၊ ဥပဒေအရ မှတ်ပုံတင် ပယ်ဖျက်ခံရလျှင်ဖြစ်စေ၊ ပါတီပိုင် ပစ္စည်းများကို သတ်မှတ်ထားသည့် ဌာန အဖွဲ့အစည်းများထံတွင် အပ်နှံရမည်ဟု ဆိုသည်။
ထိုပုဒ်မအရ ဆိုပါက ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံမတင်သည့် ပါတီများသည် ပါတီဖျက်သိမ်းခံရခြင်းသာမက ပါတီပိုင် ပစ္စည်းများပါ သိမ်းဆည်းခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

မှတ်ပုံမတင်သည့် နိုင်ငံရေးပါတီများကို အသစ်ပြဋ္ဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု မတ် ၂၇ က နေပြည်တော်တွင် ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားအပြီးတွင် စစ်တပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်များကို ပြောသည်။
“နိုင်ငံရေးပါတီက ဘယ်သူမှ ခွဲခြားထားတာ မဟုတ်ဘူး။ နိုင်ငံရေးပါတီ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ဒီဥပဒေအတိုင်းပဲ လိုက်နာရမှာပဲ ဖြစ်ပါတယ်။ ဒီဥပဒေအတိုင်းပဲ သက်ဆိုင်ရာက ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ မတ် ၂၄ ထုတ်ပြန်ချက်တွင်မူ ရွေးကောက်ပွဲကော်မရှင်သည် အကြမ်းဖက်လက်အောက်ခံအဖွဲ့အစည်းဖြစ်နေသည်ဟု ထောက်ပြထားသည်။
ထိုကော်မရှင်ထံတွင် သွားရောက်၍ မှတ်ပုံတင်ခြင်းသည် “အကြမ်းဖက်စစ်အုပ်စု၏ ဖြစ်တည်မှုကို အတိအလင်း လက်ခံလိုက်ခြင်းဖြစ်သည့်အပြင် အကြမ်းဖက်စစ်အုပ်စု အလိုကျ အတူတကွ လိုက်ပါအသုံးချခံကာ ပြည်သူလူထုအား ဖိနှိပ်သတ်ဖြတ်နေမှုကို အားပေးအားမြှောက်ပြုခြင်းပင် ဖြစ်ပေမည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။
ပြန်လည်မှတ်ပုံမတင်သည့် နိုင်ငံရေးပါတီများတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ ရခိုင်ဒီမိုကရေစီအဖွဲချုပ် (ALD) ပါတီ နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တို့ကဲ့သို့ အထင်ကရ နိုင်ငံရေးပါတီကြီးများလည်း ပါဝင်သည်။
ပါတီ ဖျက်သိမ်းခံရနိုင်သည့် အခြေအနေများ၊ ပါတီပိုင်ပစ္စည်းများ သိမ်းဆည်းခံရနိုင်သည့် အခြေအနေများနှင့် ရင်ဆိုင်နေရသော်လည်း စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်မှသာလျှင် ရွေးကောက်ပွဲကိစ္စကို စဉ်စားနိုင်မည်ဟု Myanmar Now ကို တစ်ညီတစ်ညွတ်တည်း ဖြေဆိုသည်။
ပြည်သူလူထုထောက်ခံမှုနှင့် ရပ်တည်ရသည့်အတွက် ပြည်သူရှိလျှင် ပါတီရှင်သန်ရပ်တည်နိုင်မည်ဖြစ်ပြီး ပါတီပိုင်ပစ္စည်းသိမ်းယူခြင်းများ ပြုခဲ့ပါက အကျိုးဆက်ကို အာဏာသိမ်းစစ်တပ်က တာဝန်ယူရမည်ဟု NLD ဗဟိုအလုပ်ကော်မတီဝင် အဖွဲ့ဝင် ဦးထွန်းမြင့်က Myanmar Now ကို ပြောသည်။
“ပါတီဖျက်တာ၊ ပါတီပိုင် ပစ္စည်းသိမ်းယူတာတွေကို ဥပဒေမဲ့ အာဏာလုထားတဲ့ စ.က.စ နဲ့ သူတို့ လက်အောက်ခံအဖွဲ့အစည်းတွေက လုပ်ပိုင်ခွင့်မရှိပါဘူး။ လုပ်ခဲ့လျှင် နောင်ဖြစ်ပေါ်မယ့် အကျိုးဆက်ကို သူတို့ တာဝန်ယူရလိမ့်မယ်” ဟု ၎င်းက ပြောသည်။
ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေ ထုတ်ပြန်ခဲ့သည့် ဥပဒေဟောင်းတွင် ထိုအချက်ကို ပြဋ္ဌာန်းထားသော်လည်း လက်တွေ့တွင် NLD ပါတီ၏ အဆောက်အအုံများ၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်း မရှိခဲ့ပေ။
သို့သော်လည်း ယခင်စစ်အာဏာရှင်ဟောင်းထက် ပိုမိုရက်စက်ကြမ်းကြုတ်သည့် စစ်ခေါင်းဆောင်လက်ထက်တွင် မည်သို့သောမတရားသည့်လုပ်ရပ်မဆို ဖြစ်လာနိုင်သည်။
SNLD အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ၎င်းတို့ ပါတီ၏ ပိုင်ဆိုင်ခွင့် ငွေကြေးစာရင်းများကို ကော်မရှင်သို့ ပေးအပ်ထားပြီးသားဖြစ်ပြီး ပါတီပိုင်ပစ္စည်း သိမ်းယူခြင်း၊ မသိမ်းယူခြင်းမှာ ကော်မရှင်၏ သဘောထားပေါ်တွင် အဓိက မူတည်နေသည်ဟု ပြောသည်။
“ပါတီ ဖျက်သိမ်းမယ်၊ မသိမ်းဘူးကတော့ ချက်ချင်း လက်ငင်း မသိနိုင်ဘူးပေါ့။ နောက်တစ်ဆင့်က ပါတီပိုင်ပစ္စည်းကို သိမ်းတယ်၊ မသိမ်းဘူး ဆိုတာက UEC (ကော်မရှင်) ရဲ့ သဘောထားအပေါ်မှာ မူတည်ပါတယ်။ UEC ရဲ့ နိုင်ငံရေး ဆင်ခြင်တုံတရားအပေါ်မှာ အများကြီး မူတည်ပါတယ်” ဟု ၎င်းက ပြောသည်။
“ပါတီ မှတ်ပုံမတင်ဘူးဆိုတာက ကျွန်တော်တို့ရဲ့ အမြင်သဘောထားနဲ့ မကိုက်ညီလို့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်နဲ့ မကိုက်ညီလို့ မှတ်ပုံမတင်တာပဲ ဖြစ်တယ်။ ဒါဟာ ပြစ်မှုကျူးလွန်တာ မဟုတ်တဲ့အတွက်ကြောင့်မို့ ထွေထွေထူးထူး အရေးယူစရာ ကိစ္စတွေ မပေါ်ပေါက်လောက်ဘူးလို့ပဲ ထင်ပါတယ်”
ထို့ပြင် ပါတီပြန်လည်မှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲကျင်းပရန်ထက် နိုင်ငံတည်ငြိမ်အေးချမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရန်နှင့် လူထုကိုယ်တိုင် လွတ်လပ်စွာ မဲပေးနိုင်သည့် ရွေးကောက်ပွဲအခင်းအကျင်းတစ်ရပ် ပေါ်ပေါက်ရန်မှာ ပိုအရေးကြီးသည်ဟု ၎င်းက ဆက်ပြောသည်။
“တရားမျှတပြီး လူထုက အသိအမှတ်ပြုတဲ့ ဒီမိုကရေစီ စံချိန်၊ စံနှုန်းနဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲအခင်းအကျင်းမျိုး ပေါ်ပေါက်အောင် ဝိုင်းဝန်းဖန်တီးဖို့ လိုအပ်ပါတယ်။ အဲဒီအခြေအနေမျိုး ရောက်ရင်တော့ ကျွန်တော်တိုရဲ့ စဉ်းစားချက်က နောက်တစ်မျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ALD ပြောခွင့်ရ ဦးမြတ်ထွန်းက မူလအတိုင်း ဆက်လက် ရပ်တည်မည်ဟု ဆိုသည်။
“မှတ်ပုံမတင်ရင်တော့ အလိုလိုပျက်ပြယ်ပြီးသားလို့ မှတ်ယူမယ်ဆိုတဲ့ သဘောကတော့ ကြားသိရတယ်။ ကျွန်တော်တို့ကတော့ ပျက်ပြယ်ပြီးသားပဲဖြစ်ဖြစ်၊ ဖျက်ပစ်လိုက်တာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ဒီတိုင်းပဲ ဆက်ပြီးတော့ ရပ်တည်သွားမယ်” ဟု ဦးမြတ်ထွန်းက ပြောသည်။
ရခိုင်ပြည်နယ်အနှံ့တွင် ပါတီဝင်များရှိနေပြီး ပညာရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် စစ်ဘေးရှောင်ကိစ္စများကို ပါတီက ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောသည်။
“ကျွန်တော်တို့ ပါတီကတော့ ကျွန်တော်တို့မှာ ကိုယ်ပိုင်အဆောက်အအုံဆိုတာ မရှိဘူး။ သိမ်းဆည်းမယ်ဆိုလည်း သူတို့ ဥပဒေအရ လုပ်မယ်ဆိုရင် လုပ်လေ။ ကျွန်တော်တို့ ခံလိုက်ရုံပဲ ရှိတယ်။ ကျွန်တော်တို့ကတော့ ဘာမှ စောဒကတက်စရာ မရှိပါဘူး” ဟု ၎င်းက ပြောသည်။
ထို့ပြင် အရပ်သားအစိုးရထံမှ အာဏာသိမ်းလိုက်သည့် စစ်ကောင်စီ၏ လုပ်ရပ်များကို လက်ခံသွားမည် မဟုတ်ကြောင်း၊ ပါတီမှတ်ပုံမတင်ခြင်းမှာ ရာဇဝတ်မှု မဟုတ်၍ ပါတီဝင်များကို အရေးယူနိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။
“အန္တရာယ်ပြုလာရအောင်က ကျွန်တော်တို့ မှတ်ပုံမတင်တာကို ဘယ်ဥပဒေနဲ့ အရေးယူမလဲ။ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့မှ မဟုတ်တာ။ သူတို့က လုပ်ချင်လို့ရှိရင် အာဏာရှင်သဘောနဲ့ လုပ်ချင်ရင်လဲ လုပ်ပေါ့။ ကျွန်တော်တို့ ခံလိုက်ရုံပဲ ရှိတာပဲ” ဟု ၎င်းက ပြောသည်။

၁၉၈၈ အရေးတော်ပုံကာလက ပေါ်ပေါက်ခဲ့သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကလည်း စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး စစ်တပ်လက်ချက်ဖြင့် ပါတီဝင် ၂ ဦး သေဆုံးခဲ့ပြီး ပါတီဝင် ၄၀ နီးပါး ဖမ်းဆီးခံရထားသည်၊ ယခုအခါ ပါတီမိတ်ဖက်နှင့် ပါတီဝင်များ တိုးလာခဲ့သည်ဟု ဆိုသည်။
“မြေအောက်လှုပ်ရှားမှုတွေ လုပ်တယ်၊ လူထုလှုပ်ရှားမှုတွေထဲမှာ ပါနေတယ်၊ ပြည်သူလူထုရဲ့ တော်လှန်တဲ့ လုပ်ငန်းတွေထဲမှာ ပါဝင်နေခြင်းအားဖြင့် ကျွန်တော်တို့ တော်လှန်တဲ့ မိတ်ဆွေသစ်တွေ ပိုရတယ်။ အဲဒီထဲကမှ တော်လှန်တဲ့ ရဲဘော်တွေကလည်း ပါတီအတွက် အခိုင်အမာ ရဲဘော်တွေ ဖြစ်လာကြတာ များပါတယ်” ဟု ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။
“လူထုအတွင်းမှာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အခုလို သူတို့နဲ့အတူ ရပ်တည်ဖို့ ကိစ္စက ကျွန်တော်တို့အတွက် ပိုပြီးတော့ ကောင်းတယ်လို့ ယူဆပါတယ်”
လူထုလှုပ်ရှားမှုများထဲမှ ပါဝင်လာသည့် ပါတီဝင်ရဲဘော်အသစ်များဖြင့် ပါတီကို ခိုင်မာအောင် တည်ဆောက်နေသည်ဟု ၎င်းက ပြောသည်။
“ကနေ့ကာလ လူထုရဲ့ တောင်းဆိုမှုက ဒီစစ်အုပ်စုကို ဘင်္ဂလားပင်လယ်အော်ထဲ ကန်ချဖို့ ဖြစ်တယ်။ ကနေ့ကာလ ပြည်သူလူထုရဲ့ တောင်းဆိုမှုက ဒီစစ်အုပ်စုကို နိုင်ငံရေးစည်းဝိုင်းပြင်ပ မောင်းထုတ်ပစ်ဖို့ ဖြစ်တယ်” ဟု ၎င်းက ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)