
ဖေဖော်ဝါရီ ၆ ရက်နေ့က စစ်ကိုင်းမြို့ မူးမြစ်ကမ်းဘေး သရက်ခြံတွင် ပိုးသတ်ဆေးဖျန်းနေသူများကို စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ရာ ၁ ဦး သေဆုံးသွားသည်ဟု ဒေသခံတို့က ပြောသည်။
စံသစ်ရွာနှင့် ကြွယ်ပုံရွာကြား ပစ်ခတ်မှုတွင် သေဆုံးသူမှာ စံသစ်ရွာမှ ၄၄ နှစ်အရွယ် ဦးဝင်းအောင်ဖြစ်ပြီး အခြားနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ပစ်ခတ်သူများမှာ စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ဒေသခံ ကိုဖက်တီးက Myanmar Now ကို ပြောသည်။
“ပျူစောထီးတွေနဲ့ စစ်ကောင်စီဘက်ကလူတွေက ခြံထဲကို ဝင်လာတယ်။ ဝင်လာပြီးတော့ သေနတ်နဲ့ ရမ်းသန်းပစ်တဲ့အချိန်မှာ ကိုဝင်းအောင်က ထွန်စက်နဲ့ဆိုတော့ ထွန်စက်ကို လှည့်တဲ့အချိန်မှာ လှမ်းပစ်လာတယ်။ လှမ်းပစ်လိုက်တော့ လူပြုတ်ကျသွားတယ်။ အနားရောက်တော့ သေနတ်နဲ့ ပစ်တဲ့ အနေအထားပါ” ဟု ၎င်းက ဆိုသည်။
ဦးဝင်းအောင်၏ ခြေထောက်တွင် လက်နက်ငယ်ကျည်ဒဏ်ရာ ၄ ချက်ထက်မနည်း တွေ့ရှိရသလို မျက်စိတစ်ဖက်ထွက်သည်အထိ ဦးခေါင်းကို အနီးကပ် ပစ်ခတ်ခဲ့ပုံရကြောင်း၊ အလောင်းကို နေ့လယ် ၃ နာရီဝန်းကျင်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ရုပ်အလောင်းကို သရက်ခြံအနီး ယာခင်းတစ်ခင်းကျော်တွင် တွေ့ရသလို သရက်ခြံကို ဆေးဖျန်းရာတွင် အသုံးပြုသည့် ထွန်စက်လည်း မီးလောင်ထားကြောင်း ရုပ်အလောင်း သွားကောက်သည့် တိုက်နယ်စွန်အမည်ရ ဒေသခံကာကွယ်ရေးအဖွဲ့ကပြောသည်။
ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
တပ်မ ၃၃ မှ စစ်သားများ အထိုင်ချထားသည့် ကြွယ်ပုံရွာတွင် ပျူစောထီးအဖွဲ့ဝင် အများအပြားလည်း ရှိနေသည်။ ၎င်းတို့ ပူးပေါင်းပြီး ရွာနီးချုပ်စပ်ကျေးရွာများကို ဝင်မွှေလေ့ရှိရာ ဒေသကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားလေ့ရှိသည်။
တော်လှန်ရေးအင်အားစုများအခြေချနိုင်သည့် ရွာများကို စစ်ကောင်စီလက်နက်ကိုင်တို့ မကြာခဏ စီးနင်းမီးရှို့သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကြယ်ပုံရွာနှင့် မိုင်ဝက်ခန့်သာ ဝေးသည့် ဒီပဲယင်းကွဲကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။
ဖေဖော်ဝါရီ ၅ မွန်းလွဲပိုင်းက ယင်းမကျင်းရွာမှ အသက် ၆၀ ကျော် ဦးပေါဌေးဆိုသူကို ကြွယ်ပုံရွာ ပျူစောထီးများက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
ယခုနှစ် ဇန်နဝါရီ ၅ တွင် ကြွယ်ပုံရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အဝေးမှ ချောင်းမြောင်းပစ်ခတ်ခံရသည်။
ဇန်နဝါရီ ၆ တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိုင်ချထားသည့်၊ မိုင်ဝက်ခန့်သာ ဝေးသည့် ဒီပဲရင်းကွဲကျေးရွာကို စစ်ကောင်စီတပ်က စီးနင်းမီးရှို့ကာ ရွှေဂူကျောင်းတွင် ယာယီသီတင်းသုံးသည့် စစ်ကိုင်းမြို့ သီတဂူဗုဒ္ဓတက္ကသိုလ်မှ (B.A Buddha) ဘွဲ့ရ အရှင်ဂန္ဓသာရနှင့် ပြည်သူနှစ်ဦးကို ပစ်သတ်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)