
ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့လယ်တွင် နေရာယူထားသည့် စစ်သားနှင့် ရဲများကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) တို့က ဝင်ရောက်တိုက်ခိုက်စဉ် အရာရှိအပါအဝင် ၆ ဦးကို ဖမ်းမိကာ သေနတ် ၈ လက် သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ထန်တလန်မြို့လယ်ရှိ CB ဘဏ်အဆောက်အအုံ၌ ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ (ဖေဖော်ဝါရီ ၁) နံနက်ပိုင်းတွင် ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်သား ၂ ဦးနှင့် ရဲ ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။
“ဝေလီဝေလင်းအချိန်မှာ ဝင်ရောက်စီးနင်းတယ်။ စီးနင်းတဲ့အချိန်မှာ အပြန်အလှန်ပစ်ခတ်မှုတော့ မရှိဘူး။ အလစ်အငိုက်ဝင်စီးတာ ဖြစ်ပါတယ်။ သူတို့ရဲ့ တပ်စိတ်မှူးပဲ ခေါ်မလား နှစ်ပွင့်ဗိုလ်တစ်ဦး ပါတယ်။ စစ်တပ်ဘက်က ၂ ဦးပေါ့။ ကျန်တဲ့ ၄ ယောက်ကတော့ ရဲတွေပေါ့” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးရမိသည့် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း ဆလိုင်းထက်နီက ဖြည့်စွက်ပြောကြားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ခြောက်လုံးပြူးတစ်လက်နှင့် အခြားသေနတ် ၇ လက် ရရှိခဲ့ကြောင်းလည်း CNF က ထုတ်ပြန်သည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စီးဖြင့် ထန်တလန်မြို့အတွင်း လိုက်လံပစ်ခတ်သည်ဟုလည်း ဆလိုင်းထက်နီထံမှ သိရသည်။
“တရစပ်ကို ပစ်တာပဲ။ ဘယ်နေရာဘယ်နေရာ ဆိုတာမျိုး မဟုတ်ဘဲ ကျွန်တော်တို့ရှိနိုင်တဲ့ နေရာကို ဦးတည်တာပေါ့။ ထန်တလန်မြို့ထဲမှာ သူတို့ရယ်၊ ကျွန်တော်တို့ရယ်ပဲ ရှိတာကိုး။ ဦးတည်ချက်တွေ မထားဘဲနဲ့ ကျွန်တော်တို့ရှိနိုင်မယ်ထင်တဲ့နေရာကို ရမ်းသန်းပစ်တာပေါ့”
ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခံရသော်လည်း ချင်းဒေသကာကွယ်ရေးအဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှု မရှိဟုလည်း ၎င်းက ပြောသည်။
ချင်းပြည်နယ်မြောက်ပိုင်းရှိ ထန်တလန်မြို့ပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို လျှပ်တစ်ပြက် ဝင်ရောက်စီးနင်းခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း ဆလိုင်းထက်နီက ဆက်ပြောသည်။
တိုက်ပွဲများ အပြင်းအထန်ဖြစ်ပြီးနောက် ၂၀၂၁ ခုနှစ် အကုန်ပိုင်းမှစ၍ ထန်တလန်မြို့နေလူထု စွန့်ခွာသွားခဲ့ကာ စစ်တပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသာ နေရာယူထားသည်။

“ထန်တလန်မြို့ ဧရိယာရဲ့ သုံးပုံနှစ်ပုံက ကျွန်တော်တို့က နေရာယူထားတယ်။ သူတို့ကတော့ အရင်ကတည်းက အခိုင်အမာတည်ဆောက်ထားတဲ့ တပ်စခန်းနဲ့ ရဲစခန်းမှာတော့ အဓိက သူတို့က နေရာယူထားတာဖြစ်တယ်” ဟု ဆလိုင်းထက်နီက ဆိုသည်။
အိမ်ခြေ ၂၃၀၀ ကျော်ရှိ ထန်တလန်မြို့တွင် အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခံရမှုကြောင့် ခရစ်ယာန်ဘာသာရေးအဆောက်အအုံ ၃၂ ခု အပါအဝင် အိမ်ခြေ ၁၆၀၀ ကျော် ပျက်စီးခဲ့ပြီး မြို့နေ လူဦးရေ တစ်သောင်းဝန်းကျင်လည်း စွန့်ခွာခဲ့ရသည်။
မြို့တော် ဟားခါးနှင့် မိုင် ၂၀ ခန့် ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၉၆၂ တွင် တည်ရှိသည့် ထန်တလန်မြို့တွင် နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို လေကြောင်းမှတစ်ဆင့် ရိက္ခာနှင့် လူအင်အား ဖြည့်တင်းမှုများလုပ်နေပြီး ပြီးခဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို ချင်းကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့သည်ဟုလည်း CNF ထံမှ သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခုခံတော်လှန်သူများကို ရင်ဆိုင်နေရသည့် စစ်ကောင်စီအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများကို မဖြစ်မနေ အားကိုးနေရပြီး ယခုလဆန်းပိုင်းတွင် အိန္ဒိယ-မြန်မာနယ်စပ်ရှိ ချင်းအမျိုးသားတပ်ဦးဌာနချုပ်တည်ရှိရာကို နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း CNA အဖွဲ့ဝင် ၅ ဦးသေဆုံးကာ ဆေးပေးခန်းနှင့် အဆောက်အအုံအချို့ ပျက်စီးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)