
တိုက်ပွဲဖြစ်၊ စခန်းမီးရှို့ခံရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသော ရိုဟင်ဂျာ ၂၀၀၀ ခန့် နယ်စပ်အနီးရှိ စာသင်ကျောင်းတစ်ခုတွင် ခိုလှုံနေသည်ဟု သိရသည်။
ဇန်နဝါရီ ၁၇ နှင့် ၁၈ တို့တွင် နယ်စပ်ခြံစည်းရိုးအနီး အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နှင့် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တို့ တိုက်ပွဲဖြစ်ပြီး ထိုနေရာအနီး လူဦးရေ ၂၀၀၀ ကျော် နေထိုင်သော စခန်း မီးရှို့ခံရသည်။
ထို့နောက် ထိုစခန်းမှ ရိုဟင်ဂျာများ ထွက်ပြေးခဲ့ရာ လူ ၅၀၀ ခန့်သည် မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်ခဲ့ကြသည်။
သို့သော်လည်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များက ခေတ္တသာ ခိုလှုံခွင့်ပြုပြီး နှင်ထုတ်ခဲ့၍ တစ်ဖက်နိုင်ငံပိုင်နက် Tumbru နယ်စပ်ရှိ စာသင်ကျောင်း၌ ထွက်ပြေးသူ လူ ၂၀၀၀ ခန့်သည် စုပေါင်းခိုလှုံနေကြရသည်။
၎င်းတို့မှာ မြန်မာနိုင်ငံဘက်သို့ ပြန်လိုကြပြီး ARSA အဖွဲ့၏ ရန်ကိုလည်း စိုးရိမ်ကြောက်လန့်နေရသည်ဟု ထိုဒုက္ခသည်များနှင့် နီးစပ်သူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“တိုက်ပွဲဖြစ်လို့ စခန်းမီးတိုက်ခံရတဲ့နောက်ပိုင်းမှာ အာဆာအဖွဲ့က မြန်မာနိုင်ငံဘက်ခြမ်းကို ဝင်ရောက်သွားတယ်လို့ ပြောကြတယ်။ သူတို့က မြန်မာနိုင်ငံဘက်ခြမ်းမှာ နေရင်လည်း အဲဒီအာဆာအဖွဲ့က လာလို့သတ်မှာကိုလည်း ကြောက်နေကြတယ်လို့ ပြောတယ်” ဟု အထက်ပါ အမျိုးသားက ဆိုသည်။
“အခု အဲဒီဘင်္ဂလားဘက်ခြမ်းကို ရောက်သွားတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားအစိုးရက မီးရှို့ခံရတဲ့နေရာမှာ ပြန်ပြီးတော့ နေရာချထားပေးဖို့ လုပ်နေတယ်လို့ ကြားတယ်။ အဲဒီဘက်မှာ ဘတ်ဟိုးတွေနဲ့ ရှင်းလင်းရေးလုပ်နေတယ်တဲ့ အသံတွေလည်း ကြားနေရတယ်”
ထွက်ပြေးတိမ်းရှောင်သွားကြသူများကို ဆက်သွယ် မေးမြန်းနိုင်ရန် Myanmar Now အနေဖြင့် ကြိုးစားနေဆဲ ဖြစ်သည်။
ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့နှစ်ခု ၂၀၂၂ နိုဝင်ဘာလအတွင်းမှ စတင်၍ စစ်ရေးအခြေအနေ တင်းမာခဲ့ပြီး ယခုနှစ် ဇန်နဝါရီတွင် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။
RSO အဖွဲ့က ထိုစခန်းတွင် ARSA အဖွဲ့ ခြေကုပ်ယူထားသည်ဟု ယူဆကာ “Root Out Operation” စစ်ဆင်ရေးဟု အမည်ပေး၍ ဇန်နဝါရီ ၁၈ တွင် ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားပြီး ဒုက္ခသည်စခန်းပါ မီးရှို့ခံရသည်။
မီးရှို့ခံရပြီးနောက် သေနတ်များ၊ လက်လုပ်မိုင်းများပြုလုပ်သော အလုပ်ရုံတစ်ခုကို RSO အဖွဲ့က ရှာဖွေတွေ့ရှိသည်ဟူသော ရုပ်သံဖိုင်တစ်ခု အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။
ထိုရုပ်သံ မည်မျှ စစ်မှန်မှုရှိသည်ကို Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
တိုက်ပွဲဖြစ်သော ထိုနေရာသည် “No man’s land” Zone ဟု သတ်မှတ်ကာ နှစ်နိုင်ငံ စစ်ရေးလှုပ်ရှားခြင်း၊ သွားလာခြင်း ကန့်သတ်ထားသော နယ်မြေဖြစ်ပြီး အဆိုပါဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၄၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ဝန်းကျင်ခန့် နေထိုင်နေကြသည်မှာ ၄ နှစ်ကျော် ရှိပြီဖြစ်သည်။
ရခိုင်ပြည်မြောက်ပိုင်း၌ ၂၀၁၇ ခုနှစ်အတွင်း ရဲစခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ARSA လက်ချက်ဟု စွပ်စွဲကာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့၍ ရိုဟင်ဂျာသိန်းချီ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးခဲ့ပြီး တချို့မှာ အထက်ပါ နေရာတွင် ခိုလှုံနေထိုင်ခဲ့ကြခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ကာ စခန်းမီးရှို့ခံရပြီးနောက် မြန်မာဘက် နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် ၃၄ နှင့် ၃၅ ကို ဖြတ်ကျော်၍ ထွက်ပြေးလာကြသူ ရိုဟင်ဂျာ ၅၀၀ ခန့်ကို စစ်ကောင်စီက တောင်ပြိုမြို့နယ်ခွဲ၌ ခေတ္တခိုလှုံခွင့်ပေးခဲ့သော်လည်း နောက်တစ်နေ့ (ဇန်နဝါရီ ၁၉) တွင် ဝင်လာသည့်လမ်းအတိုင်း ပြန်ခိုင်းခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)