သတင်း

အလုပ်သမားပတ်စ်ပို့ ခွဲတမ်းဖြင့် လျှောက်ခွင့်ပြုမည်ဆိုသော်လည်း မရေရာသေး

စစ်ကောင်စီက နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) လျှောက်ထားမှုအားလုံးကို ပိတ်ပင်ထားရာမှ ပြည်ပသွားလိုသည့် အလုပ်သမားများကို လက်မှတ်ထုတ်ပေးရန် စာရင်းတောင်းနေသော်လည်း မည်သို့ လုပ်ဆောင်ပေးမည်ကို ရှင်းလင်းစွာ မသိရသေးကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက ပြောသည်။ 

စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုထားပြီး အလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအတွက်​ ပတ်စ်ပို့ပြုလုပ်ရန် ယခုလ (ဇန်နဝါရီ) ၂၆ မှ ၃၀ အထိ စာရင်းပေးနိုင်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုအသင်း (MOEAF) က ထုတ်ပြန်ထားခြင်းဖြစ်သည်။ 

အလုပ်အကိုင်အေဂျင်စီတစ်ခုလျှင် ၂၅ ဦးနှုန်းဖြင့် အလုပ်သမားဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ စာရင်းပေးနိုင်သော်လည်း မည်သည့်အချိန်တွင် မည်ကဲ့သို့ပြုလုပ်ပေးမည်ကို မသိရသေးကြောင်း စုံစမ်းသိရှိရသည်။

“စာရင်းကို အလုပ်သမားဝန်ကြီးဌာနကနေ ဟိုဘက်ကို တင်ရတယ်။ တင်ထားတာပဲရှိတယ်။ တင်တော့ တင်ထားပေါ့။ သူတို့လည်း ပြည်ထဲရေးကို ပို့ထားမယ်။ ဘယ်တော့ဖွင့်မလဲဆိုတာ မသိဘူး။ ပိတ်တယ်လို့ မပြောဘူး။ တကယ်သွားလုပ်လို့ရလားဆိုတော့ မရဘူး။ အဲဒီလိုသွားနေတာ။ ဖွင့်လာနိုင်ခြေရှိတယ်ပေါ့” ဟု အလုပ်အကိုင်ရှာဖွေအင်ဂျင်စီတစ်ခုမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။ 

သို့သော် စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းထားသည့် အေဂျင်စီ ၁၃၃ ခုအနေဖြင့် စာရင်းပေးခွင့်မရှိကြောင်း MOEAF က ဇန်နဝါရီ ၂၅ တွင် သတင်းထုတ်ပြန်ထားသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စီပွားရေးကျဆင်းလာသလို အလုပ်အကိုင်ရှားပါးနှင့် စားဝတ်နေရေးခက်ခဲမှုကြောင့် ပြည်ပထွက်အလုပ်လုပ်ကိုင်သူများပြားလာရာ နိုင်ငံကူးလက်မှတ်ရုံးများတွင် လူအုံလိုက်ကျင်းလိုက်ဖြစ်ခဲ့သည်။

သို့သော် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် စနစ်အဆင့်မြင့်ရန်ဟုဆိုကာ QR Code ဖြင့် ရက်ချိန်းယူခြင်းကို ပိတ်ပင်လိုက်သလို ယခုလဆန်းတွင် ပတ်စ်ပို့ရုံးများကို အကန့်အသတ်မရှိ ပိတ်ပင်ခဲ့သည်။ ဗုဒ္ဓဂါယာ ဘုရားဖူးသွားလိုသူများ၊ နှစ်နိုင်ငံသဘောတူညီမှု (MoU) အလုပ်သမားများကို နိုင်ငံကူးလက်မှတ်လုပ်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ပိတ်ပင်ခဲ့သည်။

စစ်ကောင်စီက နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုရပ်ဆိုင်းခြင်းကို နှုတ်မိန့်ဖြင့်သာ ညွှန်ကြားခြင်းဖြစ်ကြောင်း အထက်ပါအေဂျင်စီမှ အမည်မဖော်လိုသူက ဆိုသည်။

ပတ်စ်ပို့လျှောက်ထားနိုင်သည့် ရုံးအားလုံးပိတ်ထား၍ ယခင်က QR Code ဖြင့် ကြိုတင်ရက်ချိန်းရရှိထားသူ၊ လျှောက်ထားမှုပြီးစီး၍ ပတ်စ်ပို့စာအုပ်ထုတ်ရန် စလစ်ရရှိထားသူများပင်လျှင် မည်သို့ ဆက်လုပ်ရမည်မသိဖြစ်နေကြောင်း သိရသည်။

“ဘာမှန်းကို မသိတဲ့ စမ်းတဝါးဝါးကြီး။ ဘယ်လိုပြောရမလဲ၊ လုံဝကို မသေချာမရေရာကြီး။ သူတို့ပြောတဲ့ စကားတွေအားလုံးက။ ကျွန်တော်တို့က ဘယ်နေ့ဖွင့်မယ် မသိပါဘူး။ အဲ့လိုမျိုးစကားတွေ ပြောတာဗျာ။ တကယ်တမ်း နိုင်ငံနဲ့ အလုပ်လုပ်နေတဲ့ဟာကြီးဗျာ” ဟု သင်္ဘောသားပတ်စ်ပို့ပြုလုပ်ရန် စီစဉ်နေသည့် ရန်ကုန်မြို့မှ အသက် ၃၃ နှစ်အရွယ် လူငယ်တစ်ဦးက ဆိုသည်။

နိုင်ငံကူးလက်မှတ်ပြန်ထုတ်ပေးမည့် အခြေအနေနှင့် ပတ်သက်၍ ရန်ကုန်နှင့် နေပြည်တော်ပတ်စ်ပို့ရုံးတို့ထံ Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်လက်ခံဖြေဆိုခြင်းမရှိသေးပါ။ 

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ လကုန်တွင် ပြန်ထုတ်ပေးနိုင်မည်ဟု ပြောဆိုကြောင်း VOA မြန်မာပိုင်းသတင်းဌာန၏ ဇန်နဝါရီ ၁၈ ရက်စွဲတပ် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

စစ်ကောင်စီလက်ထက်တွင် နိုင်ငံခြားထွက်သူများလာမှုနှင့်အတူ ကြိုတင်စာရင်းသွင်းစနစ် အပြောင်းအလဲကြောင့် ငွေကျပ် သုံးသိန်းမှ လေးသိန်းအထိ ကုန်ကျသလို လနှင့်ချီ စောင့်ဆိုင်းလျှင်ပင် မသေချာတော့ကြောင်း ပတ်စ်ပို့ပြုလုပ်သူများက ဆိုသည်။ 

ထိုအခြေအနေကြောင့် နိုင်ငံခြားတွင် ဆေးကုလိုသူ၊ ကျောင်းတက်လိုသူများ၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် လိုအပ်သည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ အခက်တွေ့နေသည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီလက်ထက်တွင် နိုင်ငံမှ ထွက်ခွာလိုသူ အဆမတန်များလာပြီး ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယားနှင့် ဂျပန်သို့ တစ်လလျှင် အလုပ်သမား သုံးထောင်မှ ငါးထောင်ကြား သွားနေ​ကြောင်း အလုပ်အကိုင်အေဂျင်စီအချို့ထံမှ စုံစမ်းသိရှိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button