သတင်း

ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ

(ရန်ကုန်) — ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုမှ နိုင်ငံသားမဖြစ်သေးသည့် လုပ်အားပေး ကျောင်းဆရာမတစ်ဦးသည် ခရီးသွားခွင့် လက်မှတ် မပါဘဲ ခရီးသွားလာမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသည်ဆိုသော သတင်းမှာ မှန်ကန်ကြောင်း တောင်ကုတ်မြို့နယ်ရဲစခန်းမှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး ဒုက္ခသည်စခန်းတွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ်ရှိ မလှဖြူ သည် မေလ ၂၃ ရက်နေ့က ရန်ကုန်သို့ ထွက်ခွာလာစဉ် တောင်ကုတ်မြို့အနီး၌ ဖမ်းဆီးခံရပြီး ၎င်းကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၆(၃) အရ တောင်ကုတ် မြို့နယ်တရားရုံးက မေလ ၂၅ ရက်နေ့တွင်အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ကာ သံတွဲအကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်ဟု ကျောက်တစ်လုံးဒုက္ခသည်စခန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြူရှေက ပြောသည်။

၁၉၄၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အဆိုပါ အက်ဥပဒေသည် နိုင်ငံအတွင်းနေထိုင်သူများအား မှတ်ပုံတင်ရန် ပြဋ္ဌာန်းထားသည့် ယေဘုယျဥပဒေ ဖြစ်သည်။ ထိုဥပဒေအရ မှတ်ပုံတင်၌ မမှန်ကန်သောအချက်ကို ဖော်ပြခြင်း၊ ကာယကံရှင်မဟုတ်သူကို ကိုင်ဆောင်စေခြင်း၊ ဆင်တူယိုးမှား ကတ်ပြားကို ကိုင်ဆောင်ခြင်း စသည့်ပြစ်မှုများ အတွက် ပုဒ်မ ၆(၃)တွင် နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ကို အလုပ်ကြမ်းဖြင့် ဖြစ်စေ၊ အလုပ်မဲ့ဖြင့် ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

မလှဖြူကို ထိုဥပဒေပုဒ်မဖြင့် အရေးယူခဲ့သော်လည်း ၎င်းသည် NVC ကတ် ခေါ် နိုင်ငံသားစိစစ်မှုသက်သေခံကတ်ပြားကို ကိုင်ဆောင်ထားသူ ဖြစ်သည်ဟု သိရပြီး ၎င်း၏ ကတ်ကို ရိုက်ယူထားသည့် ဓာတ်ပုံမှာလည်း လူမှုကွန်ရက်စာမျက်နှာများထက်တွင် တွေ့ရသည်။

လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးကမူ မလှဖြူကို အရေးယူခဲ့ခြင်းမှာ ခရီးသွားခွင့်မရဘဲ စခန်းမှ ထွက်ခွာသွား၍ ဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့က ဒီဒေသမှာက ခွင့်ပြုချက်တင်ရတာပေါ့။ ပြည်နယ်အစိုးရကို ခွင့်ပြုချက်တင်ပြီးတော့ သွားရတာမျိုး ရှိပါတယ်။ ပြီးတော့မှ ညှိနှိုင်းပြီးတော့မှ သူတို့လိပ်စာ မှန်ကန်မှုရှိမရှိ၊ စိစစ်ပြီး သေချာတယ် ဆိုရင်တော့ သွားခွင့်ပေးပါတယ်” ဟု ကျောက်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်မှူး ဦးတင်ထူးက ပြောသည်။

NVC ကတ် ခေါ် နိုင်ငံသားစိစစ်မှုသက်သေခံကတ်ပြားကို ကိုင်ဆောင်ထားသူများ အနေဖြင့် လွတ်လပ်စွာ သွားလာခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာသင်ယူခွင့် စသည်တို့ကို ခွင့်ပြုမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုလ အစောပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့ဖူးသည်။

NVC ကတ် ကိုင်ဆိုင်ထားသူများ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ပြုမည်ဟု အစိုးရကပြောသည့်နောက် အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

မလှဖြူမှာ ခရီးသွားခွင့်ကို နှစ်ကြိမ်လျှောက်ထားခဲ့သော်လည်း ခရိုင်လဝကက ထုတ်မပေးခဲ့ကြောင်း ဒုက္ခသည် ဦးဖြူရှေက ပြောသည်။

မလှဖြူမှာ ခရီးသွားလာခွင့်ကို ခရိုင်လဝကမှတစ်ဆင့် ပြည်နယ် လဝကဦးစီးထံသို့ ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ်၊ ယခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ နှစ်ကြိမ်တင်ခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောသည်။

“သူခရီးသွားခွင့်တင်တာ တစ်နှစ်လောက်ကြာပြီလေ။ အဲဒါကို ခွင့်မှမပြုတာ။ အဲဒါကြောင့် သူထွက်သွားတာ”ဟု ၎င်းက ပြောသည်။

မလှဖြူမှာ တရားစွဲဆိုခံရပြီး နောက်တစ်ရက်အကြာမှာပင် တရားရုံးတင် အမိန့်ချခံခဲ့ရခြင်းဖြစ်ပြီး ဥပဒေ၏ အကူအညီကို မရရှိခဲ့ဟု ဦးဖြူရှေက ပြောသည်။

“ရှေ့နေငှားရမ်းခွင့်ရဖို့ နေနေသာသာ တရားရုံးတင်တာနဲ့ တစ်ခါတည်း အမိန့်ချလိုက်တာ” ဟု၎င်းက ပြောသည်။

“NVC ကိုင်ရင် ခရီးသွားလာခွင့်ရမယ်ဆိုပြီး သူတို့က ကျွန်တော်တို့ကို အာမခံချက်ပေးတယ်လေ။ ဒါကြောင့် ကျွန်တော်တို့က NVC ကတ်ကို ကိုင်တာ”ဟု ၎င်းက ဆက်ပြောသည်။ ဦးဖြူရှေသည်လည်း NVC ကတ် ကိုင်ဆောင်ထားသည့် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည်။

မလှဖြူမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခများ မတိုင်မီအထိ ကျောက်ဖြူမြို့ အနောက်ဘက်ရှိ တိုးချဲ့ရပ်ကွက်တွင် မိသားစုနှင့်အတူနေထိုင်ခဲ့ပြီး ပဋိပက္ခများအတွင်း ၎င်းတို့ မိသားစု နေအိမ်မှာ ဖျက်ဆီးခံခဲ့ရသည့်နောက်တွင် ညီမတစ်ဦး၊ ကျောင်းသားအရွယ် မောင်နှစ်ဦး၊ မိဘနှစ်ဦးတို့နှင့် ကျောက်တစ်လုံးဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်ဟု မလှဖြူ၏ ညီမဖြစ်သူ အသက် ၂၂ နှစ်ရှိသည့် မလှလှဖြူက Myanmar Now ကိုပြောသည်။

မလှဖြူသည် ကျောက်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူဖြစ်ပြီး မြန်မာစာအထူးပြုဖြင့် တက္ကသိုလ်ပထမနှစ်တက်ရောက်ခွင့်ရရန် စောင့်ဆိုင်းနေသူဖြစ်သည်ဟု ဦးဖြူရှေက ပြောသည်။ ဒုက္ခသည်စခန်းအတွင်းရှိ အစိုးရကဖွင့်ပေးထားသည့် စာသင်ကျောင်းတွင် လုပ်အားပေး ဆရာမအဖြစ် လက်ရှိလုပ်ကိုင်လျက်ရှိပြီး ထိုကျောင်းတွင် ဆရာဆရာမ ၁၈ ဦးရှိကာ ကျောင်းသား၊ ကျောင်းသူ ၂၃၅ ဦးရှိသည်ဟု ဦးဖြူရှေက ပြောသည်။

မလှဖြူ၏ ညီမ မလှလှဖြူကမူ ၎င်း၏မိဘနှစ်ပါးစလုံး ကျောက်ဖြူမြို့မှာပင် မွေးဖွားခဲ့ကြောင်း၊ ၎င်းတို့ မောင်နှမအားလုံးကိုလည်း ကျောက်ဖြူမှာပင်မွေးဖွားခဲ့ကြောင်း ပြောသည်။

၎င်း၏အစ်မဖြစ်သူသည် မေလ ၂၃ ရက်နေ့ နံနက် ၆ နာရီ အချိန်တွင် စခန်းမှ “ဘာမှမပြောဘဲ” ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီးခံရချိန်ထိ အာဏာပိုင်များက ဆက်သွယ်ပြောဆိုခြင်း မရှိဟု ပြောသည်။

၎င်းတို့မိသားစုသည် အစ်မဖြစ်သူ၏ လစာကျပ်တစ်သိန်းကျော်ဖြင့် မိသားစုတစ်စုလုံး မှီခိုနေရပြီး အစ်မဖြစ်သူနှင့် တွေ့ခွင့်မရသေးကြောင်း ၎င်းက ပြောသည်။

“သွားတွေ့လို့မရသေးတာပါ။ အဖေကတော့ သွားတွေ့ခွင့်ရဖို့အတွက် စခန်းတာဝန်ခံကို ပြောထားပါတယ်။ ဒါပေမယ့် ထွက်လို့မရဘူးလေ ဒီထဲက” ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေဖြင့် ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များနှင့်ပတ်သက်ပြီး တပ်မတော်နှင့် ညှိနှိုင်းအကောင်အထည်ဖော်ရန် လိုအပ်နေပြီး အတိုက်အခံပါတီ ဖြစ်သည့် ကြံ့ခိုင်ရေးပါတီ၏ နိုင်ငံရေးအရ ထိုးနှက်မှုများမှာလည်း တပ်မတော်နှင့်ညှိနှိုင်းနိုင်ပါက ပြေလည်သွားနိုင်သည်ဟု ‘ယနေ့ခေတ်’ မဂ္ဂဇင်း အယ်ဒီတာချုပ် ကိုသက်ဇင်က သုံးသပ်သည်။

“အခုလို ဖြစ်နေတဲ့ကိစ္စက NLD ပါတီလည်း သိက္ခာကျမယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း သိက္ခာကျမယ်။ အစိုးရလည်း သိက္ခာကျပြီးတော့ ဒီကိစ္စကြီးကလည်း ပြေငြိမ်းမသွားဘဲ ပိုပြီးကြီးထွားလာနိုင်တယ်လို့ ထင်ပါတယ်။ နိုင်ငံတကာမှာလည်း ပိုပြီး သိက္ခာကျစရာရှိပါတယ်” ဟု ၎င်းက ပြောသည်။

ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး ဒုက္ခသည်စခန်းတွင်းမှ ခရီးသွားခွင့်မရှိဘဲ ထွက်ခွာသွားခဲ့ခြင်းကြောင့် ၂၀၁၇ ခုနှစ်အတွင်း အမျိုးသမီး နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ဦးဖြူရှေက ပြောသည်။

၂၀၁၂ ခုနှစ်က ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနောက်ပိုင်းတွင် တခြား ရခိုင်တိုင်းရင်းသားများ အပါအဝင် ရခိုင်ပြည်နယ်နေ အစ္စလာမ်ဘာသာဝင် အမြောက်အမြားတို့သည် ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသည်။ ထို့ပြင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း အာရကန် ရိုဟင်ဂျာကယ်တင်ရေး တပ် (ARSA)၏ တိုက်ခိုက်မှုများကြောင့် တပ်မတော်၏ နယ်မြေရှင်းလင်းစစ်ဆင်ရေးများ နောက်ပိုင်းတွင်လည်း ရခိုင်မြောက်ပိုင်းနေ အစ္စလာမ်ဘာသာဝင် သိန်းနှင့်ချီကာ ဘင်္ဂလားဒေ့ရှ်ဘက်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည်။

မြန်မာအစိုးရကမူ အငြင်းပွားဖွယ်ဖြစ်နေသည့် ထိုအစ္စလာမ်ဘာသာဝင်များ၏ နိုင်ငံသားအဆင့်အတန်းနှင့် ပတ်သက်ပြီး စိစစ်ရန် NVC ကတ်ကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်သင့်ဖြစ်ထိုက်သူများကို နိုင်ငံသားအခွင့်အရေး ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

Show More

Related Articles

Back to top button