နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရာတွင် ကြုံတွေ့ရသည့် ခွဲခြားဆက်ဆံခံရသည့်ဖြစ်ရပ်များအရေး အမြန်ဆုံးကိုင်တွယ်ဖြေရှင်းမည်ဟူသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးမြို့လူထုတွေ့ဆုံပွဲပြောကြားချက်ကို ဟိန္ဒူနှင့် မွတ်စလင်အရပ်ဘက်အဖွဲ့အစည်းများက မတ်လ ၁၈ ရက်နေ့တွင် ထောက်ခံကြိုဆိုလိုက်ကြသည်။
မတ်လ ၁၅ ရက်နေ့က ပဲခူးမြို့တော်ခန်းမတွင် ဒေသခံတစ်ဦး၏ တင်ပြချက်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လူဝင်မှုကြီးကြပ်ရေးဌာနဝန်ကြီးနှင့် တွေ့ဆုံ၍ ဆောင်ရွက်ပေးမည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။
နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးအတွက် ဌာနဆိုင်ရာများကို လာဘ်ငွေမပေးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
“တရားဝင်ပေးတဲ့ ပိုက်ဆံကလွဲလို့ တစ်ပြားမှ မပေးရဘူး။ ပေးတဲ့သူတွေကို ဖျက်ဆီးရာလည်း ကျသလို ကိုယ့်သိက္ခာလည်း ကျတယ်။ ပိုက်ဆံမပေးဘဲနဲ့ ရအောင် လုပ်ပေးမယ်” ဟု ၎င်းက ဆိုသည်။
အစိုးရ ထိပ်တန်းခေါင်းဆောင်များအနက် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံအနှံ့ ခရီးထွက်စဉ် ဒေသခံတို့ကို အချိန်ပေးတွေ့ဆုံသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။
အခြားမြို့များတွင် လူထုတွေ့ဆုံပွဲပြုလုပ်တတ်သည့် ဒေါ်အောင်ဆန်းစုကြည် ပဲခူးသို့ ရောက်သွားသည့်အခါ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုအပေါ် စွပ်စွဲချက်ကို ပဲခူးဒေသခံတစ်ဦးက အထက်ပါအတိုင်း တင်ပြလိုက်ခြင်း ဖြစ်သည်။
ဌာနဆိုင်ရာပြည်သူ့ဝန်ထမ်းများနှင့် ဆက်သွယ်လုပ်ကိုင်ရာတွင် အခက်အခဲ တွေ့နေသည့် ပြည်သူတို့ကို ပဲခူးတွင်သာမက အခြားသော မြို့များတွင်လည်းတွေ့နိုင်သည်။
ယင်းနှင့် ပတ်သက်၍ ဟိန္ဒူသွေးရောနှောသူအဖြစ် သတ်မှတ်ခံထားရသည့် အမျိုးသားတစ်ယောက်က ၎င်းတို့ မောင်နှမသုံးဦး နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးအတွက် တစ်ဦးလျှင် ၁ သိန်း ခွဲခန့် ကုန်ကျခဲ့ကြောင်း ပြောသည်။
“မြို့နယ်ကို သူတို့ကို တစ်ခုခုဆို လုပ်ပေးဖို့ ပေးရတာ ရှိတယ်။ တစ်သိန်းခွဲ ကုန်တယ် ဆိုတာ လုံးခနဲ ပေးရတာ မဟုတ်ဘူး။ စာရင်းဖြည့်လိုက် စာရွက်စာတမ်းတင်လိုက်နဲ့။ နှစ်နှစ်လောက် ကြာတော့ မှတ်ပုံတင် ရပြီ၊ ယူဖို့ ကန်တော့ကြေး ခုနစ်သောင်းခွဲ ပေးရမယ် ပြောတယ်။ ကျွန်တော်တို့က ငါးသောင်းပဲ ပေးလိုက်တယ်” ဟု မြောက်ဥက္ကလာတွင် နေထိုင်သည့် အမည်မဖော်လိုသူ အမျိုးသားက ဆိုသည်။
မြောက်ဥက္ကလာမြို့နယ်မှ တမီးလ် – ဗမာကပြား တစ်ဦးက နိုင်ငံသားကတ် ရရှိရန် ကြိုးပမ်းနေသည်။ သူနှင့် ဘဝတူမိတ်ဆွေတချို့က အကျိုးဆောင်ပွဲစားတစ်ဦးဦးနှင့် ဆက်သွယ်ရန် အကြံပေးကြသည်ဟု ဆိုသည်။
မောင်နှမ ရှစ်ဦးတွင် သူအပါအဝင် လေးဦးမှာ နိုင်ငံသားစိစစ်ရေးကတ် မရသေးဟု အသက် ၂ဝ ဝန်းကျင် ထိုအမျိုးသားက ပြောသည်။
“လုပ်ရိုးလုပ်စဉ်အတိုင်းပဲ ကျွန်တော် သွားနေတယ်။ ၇ လ ကြာပြီ၊ မရသေးဘူး။ ကျွန်တော့်ဖုန်းနံပါတ် ပေးထားခဲ့တယ်။ ခုချိန်ထိ မဆက်သွယ်သေးဘူး။ ခု အဲဒီအစ်မ ခရီးသွားနေတယ်၊ သူ ပြန်လာရင် ကျွန်တော့် ဖုန်းနံပါတ် ထပ်သွားပေးမယ်။ မရရင် ပွဲစားဆီ သွားတော့မယ်” ဟု အမည်မဖော်လိုသူ အဆိုပါ အမျိုးသားက ပြောသည်။
နိုင်ငံသားစိစစ်ရေးကတ်တွင် ဗမာလူမျိုးဟု ဖော်ပြခံထားရသည့် ရန်ကုန်၊ ဒလမြို့နယ်မှ မသန္တာက ၎င်း၏ ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် စိစစ်ရေးကတ်တို့ကို ကျောင်းနှင့် ရပ်ကွက် အတွင်း စီမံချက်ကာလတို့တွင် အခမဲ့ ရရှိခဲ့သည်ဟု ဆိုသည်။
ဤအခြေအနေများနှင့် ပတ်သက်ပြီး လူထုထောက်ခံမှု အားကောင်းသော ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက် ရှားရှားပါးပါး ထွက်ပေါ်လာရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများက “လှိုက်လှိုက် လှဲလှဲ ထောက်ခံကြိုဆိုပါသည်” ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်၌ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များ မှတ်ပုံတင်ပြုလုပ်ရာတွင် သာမန်ထက် ပို၍ အချိန်ကြန့်ကြာခြင်း၊ လူမျိုးအမည်တွင် တောင်အာရှဒေသ နိုင်ငံတစ်ခုခု၏ အမည် ထည့်သွင်းခြင်း ရှိနေကြောင်း ဖော်ပြထားသည်။
အခြေခံပညာကျောင်းများတွင် စီမံချက်ဖြင့် မှတ်ပုံတင် ပြုလုပ်ပေးရာ၌ပင် သွေးနှောများမပါဟု ခွဲခြားဖယ်ကြဉ်ခြင်းမှာလည်း ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခြင်း၊ ခွဲခြားဆက်ဆံခြင်းဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။
ယဉ်ကျေးမှုနှင့် အယူဝါဒ အမျိုးမျိုးကို ယုံကြည်လက်ခံ ကျင့်သုံးနေကြသည့် မြန်မာနိုင်ငံတွင် ဘာသာရေးယုံကြည်မှုနှင့် လူမျိုးရေးပေါ် အခြေခံသည့် ခွဲခြားမှုများ ကင်းစင်စေရေး၊ နိုင်ငံသားအခွင့်အရေး အလေးထားသည့် နိုင်ငံတော်ကြီး ဖြစ်ပေါ်စေရေးတို့အတွက် သက်ဆိုင်ရာ ဦးစီးဌာန တာဝန်ရှိသူများက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ပြသမှုကို ကျင့်သုံးခြင်းဖြင့် အခက်အခဲများ ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံသားစိစစ်ရေးကတ်တချို့တွင် လူမျိုးအမည်ကို ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်ဟု ဖြည့်စွက်ခံထားရသည်ဟု ရန်ကုန်မြို့မှ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ ဒေါက်တာချစ်ဆွေက ပြောသည်။
“မှတ်ပုံတင်ကို စိတ်ချမ်းချမ်းသာသာနဲ့ ရတဲ့ အစ္စလာမ်ဘာသာဝင် မရှိသလောက်ပဲ။ ပိုက်ဆံပေးရတာက တစ်မျိုး၊ အချိန်ဆွဲလို့ ကြန့်ကြာတာက တစ်ဖုံ၊ ပုံစံအမျိုးမျိုးနဲ့ စိတ်ဒဏ်ရာရကြတယ်။ အဆိုးဆုံးက ကိုယ်မဟုတ်တဲ့ လူမျိုး နာမည် အထည့်ခံရတာ။ လူမျိုးဆိုရင်လည်း ဟုတ်သေးတယ် နိုင်ငံ နာမည်ကြီးတွေ ထည့်တာ။ ဘင်္ဂလားဒေ့ရှ်တို့၊ ပါကစ္စတန်တို့ အဲဒီနိုင်ငံတွေက ရောက်ဖူးချင်မှတောင် ရောက်ဖူးကြမှာ” ဟု ဆိုသည်။