သတင်း

စစ်ကောင်စီလက်နက်ပွဲစားကို မူးယစ်မှု၊ ငွေခဝါချမှုတို့ဖြင့် ထိုင်းရှေ့နေများ စွဲချက်တင်

မူးယစ်ဆေးဝါး လုပ်ငန်းမှရရှိသည့်ငွေကို ငွေဖြူဖြစ်ရန် ကြိုးပမ်းမှုတွင် ပါဝင်ကြသည်ဟု ယူဆရသည့် လက်နက်ပွဲစားတစ်ဦးနှင့် အမေရိကန်နိုင်ငံသားတစ်ဦးတို့ကို ငွေကြေးခဝါချမှုဖြင့် အရေးယူနိုင်ရန် ထိုင်းအစိုးရရှေ့နေများက ဒီဇင်ဘာ ၁၃ ရက်တွင် စွဲချက်တင်ထားသည်။

စစ်ကောင်စီ၏ လက်နက်ပွဲစား ဦးထွန်းမင်းလတ်နှင့် ထိုင်း−အမေရိကန်နိုင်ငံသား Dean Gultula တို့ကို စွဲချက်တင်ထားကြောင်း ဖော်ပြထားသည့် အစီရင်ခံစာကို ထိုင်းနိုင်ငံအခြေစိုက် Prachatai အွန်လိုင်းသတင်းဌာန၊ ရာဇဝတ်ဂိုဏ်းနှင့် ခြစားမှုများစုံစမ်းဖော်ထုတ်ရေးစီမံချက် (OCCRP) အမည်ရှိ အဖွဲ့တို့က ကြည့်ရှုခွင့်ရခဲ့သည်။

ဦးထွန်းမင်းလတ်သည် မူးယစ်လုပ်ငန်းမှ ရရှိသည့် ဝင်ငွေများကို လျှပ်စစ်ကုမ္ပဏီကို လွှဲပြောင်းမှုဖြင့် စွဲချက်အတင်ခံရသည်။ အမေရိကန်နိုင်ငံသားသည် Myanmar Allure Group ကုမ္ပဏီမှ ထိုင်းကုမ္ပဏီ Allure Group(P&E) သို့ ငွေကြေးလွှဲပြောင်းမှုကိုကြီးကြပ်ခဲ့သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။ 

၎င်းတို့သည် ထောင် ၁၅ နှစ်စီ ချမှတ်ခံရနိုင်သော ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော်မှုခင်းတို့နှင့် ရင်ဆိုင်နေရသည်။ ထို့ပြင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်သည့် မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်လည်း စွဲချက်အတင်ခံထားရသည်။ ထို့အပြင် ၎င်းတို့နှစ်ဦးနှင့် အဆက်သွယ်ရှိသည့် ထိုင်းတွင် မှတ်ပုံတင်ထားသော Allure Group(P&E) Co Ltd နှင့် တာဝန်ရှိသူနှစ်ဦးကိုလည်း စွဲချက်တင်ထားသည်။

၎င်းတို့အတွက် မည်သူတို့က ရှေ့နေလိုက်ပေးမည်ကို မသိရသေးသလို စွဲဆိုချက်တွင်လည်း ရှေ့နေအမည်များ ဖော်ပြထားခြင်း မရှိသေးပါ။ စွဲဆိုချက်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ မယ်ဆိုင်ဒေသရှိ ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့ထံ ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုရန် ငြင်းဆန်ထားထာသည်။

သို့သော် လျှပ်စစ်ဌာနအနေဖြင့် မှတ်တမ်းအချက်အလက်များကို ထိုင်းတရားရေးဝန်ကြီးဌာန မူယစ်ဆေးဝါး တားဆီးထိန်းချုပ်ရုံးသို့ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းနိုင်ငံပိုင်လျှပ်စစ်ကုမ္ပဏီမှ အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။ 

ထွန်းမင်းလတ်နှင့် အပေါင်းအပါများကို တရားစွဲဆိုမှုသည် ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးမှုနှင့် ဆက်စပ်သည့်အမှုနှင့် ပတ်သက်၍ တာဝန်ခံမှုအချို့ကို တွေ့မြင်ရခြင်းဖြစ်သည်ဟု မြန်မာစစ်တပ်နှင့် ဆက်စပ်သည့်လုပ်ငန်းကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က ပြောသည်။

“ဦးထွန်းမင်းလတ်က လက်နက်နဲ့ ဝင်ငွေအရင်းမြစ် ထောက်ပံ့ခြင်းဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကိုထောက်ပံ့ပေးနေတဲ့ မြန်မာစစ်တပ်ရဲ အဓိကထောက်တိုင်တစ်ခုဖြစ်ပါတယ်” ဟု Justice For Myanmar အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

စစ်တပ်အတွက် လက်နက်နှင့် ပစ္စည်းဝယ်ယူပေးရာတွင် တာဝန်ရှိသည်ဟု ဆိုကာ ဦးထွန်းမင်းလတ်၏ Star Sapphire Group of Companies ကို ဗြိတိန်က ဩဂုတ်လတွင် ပိတ်ဆို့အရေးယူခဲ့သည်။

စက်တင်ဘာ ၁၇ တွင် ထိုင်းရဲတပ်ဖွဲ့နှင့် အခြားအဖွဲ့များက ဘန်ကောက်မြို့ရှိ နေရာအများအပြားကို ဝင်ရောက်စီးနင်းစဉ် Giltula နှင့် ဦးထွန်းမင်းလတ်နှင့် သံသယရှိသူများ ဖမ်းဆီးခံခဲ့ရသည်။ 

နှစ်ပတ်ကြာပြီးနောက် Giltula ၏ ယောက္ခမ ထိုင်းလွှတ်တော်အမတ် Upakit Pachariyangkun ကို ထိုင်းအစိုးရက မူးယစ်ဆေးဝါးမှုနှင့် ငွေကြေးခဝါချမှုတို့ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဝရမ်းပြန်လည်ရုပ်သိမ်းခဲ့သည်။ 

Upakit သည် ယခင်က Myanmar Allure Group ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်သည်။ လွန်ခဲ့သည့် ၅ နှစ်က အရပ်သားအစိုးရကို ဖယ်ရှားခဲ့သည့် ထိုင်းစစ်တပ်က ၎င်းကို အမတ်အဖြစ် ခန့်အပ်ပြီး၂၀၁၉ တွင် ထိုကုမ္ပဏီက ထွက်ခဲ့ကြောင်း ကုမ္ပဏီမှတ်တမ်းများတွင် တွေ့ရသည်။  

ထိုင်းရှေ့နေများသည် ၂၀၁၉ ဖေဖော်ဝါရီ ၂၂ နှင့် မေ ၉ အတွင်း ဖြစ်ပွားခဲ့သည့် အမှုအခင်းများကို လေ့လာ စစ်ဆေးနေကြောင်း စွဲဆိုချက်က သက်သေပြနေသည်။ ထိုနှစ် မေ ၁၄ တွင် Upakit က အမတ်နေရာရရှိခဲ့သည်။ ထို့နောက် သုံးလအကြာတွင် သမက်ဖြစ်သူ Gultula မှာ Myanmar Allure Group တွင် ဒါရိုက်တာတစ်ဦး ဖြစ်လာသည်။   

“ထွန်းမင်းလတ်ရဲ့ စီးပွားရေးမိတ်ဖက် Upakit Pachariyangkun က တရားစီရင်မှုကနေ ခုချိန်အထိ လွတ်မြောက်နေတာ စိုးရိမ်စရာပါ” ဟု မရတနာမောင်က ဆိုသည်။ 

ယခုသတင်းရေးသားအချိန်ထိ Upakit ၏ လက်ထောက်ဖြစ်သူကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို မှတ်ချက်ပေး တုံ့ပြန်ခြင်းလည်း မရှိသေးပါ။

ဘန်ကောက်ရှိ အမေရိကန်သံရုံးကလည်း Gultula ကို စွဲချက်တင်မှုနှင့် ပတ်သက်၍ မှတ်ချက်ပြုစရာ မရှိဟု ဆိုသည်။

KNDF ဥက္ကဋ္ဌ၏ ၁၂/၂၀၂၂ အမိန့်ညွှန်ကြားစာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button