သတင်း

ဒေါက်တာအေးမောင်အမှု ပယ်ဖျက်ပေးရေး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ တင်ပြမည်

(ရန်ကုန်) – နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ဒေါက်တာအေးမောင် ရင်ဆိုင်နေရသည့်အမှုများကို ပယ်ဖျက်ပေးရန် လျှောက်ထားချက်ကို ပြည်နယ်တရားလွှတ်တော်က ပယ်ချလိုက်သောကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ လျှောက်ထားရန် စဉ်းစားနေကြောင်း ၎င်း၏ရှေ့နေက ပြောသည်။

ရခိုင်လူမျိုးများအကြား လူကြိုက်များသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သည် နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ၁၂၁ (ခ) (ဂ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) (ဂ)၊ မတရားအသင်းနှင့်ဆက်သွယ်မှု မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁) (၂) တို့ဖြင့် ဇန်နဝါရီလကတည်းက ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည်။

စွပ်စွဲချက်များကို ပယ်ဖျက်ပေးရန် ရှေ့နေများကတင်ပြသည့် လျှောက်လဲချက်ကို တရားလို တစ်ယောက်တည်းကိုသာ စစ်ဆေးရသေးသောကြောင့် စောလွန်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ်တရားလွှတ်တော်က မေလ ၃၁ ရက်တွင် ပယ်ချလိုက်ကြောင်း ၎င်း၏ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ရန် တောင်းဆိုထားသော်လည်း ပါတီက ခွင့်မပြုသေးကြောင်း၊ အမှုကို စောင့်ကြည့်နေကြောင်း ပါတီအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

“လူအများက ပြောနေသလို အင်အားပြပြီး တောင်းဆိုလို့ မရဘူး။ အဲဒီလို ဖိအားပေးလို့ ရမယ်မထင်ဘူး ။ ကျွန်တော်တို့ကတော့ အခြေအနေစောင့်ကြည့်နေတယ်။ အခြေအနေကို ခန့်မှန်းလို့တော့ မရဘူး။ ပေါ်ပေါက်လာပြီးမှ ကျွန်တော်တို့ ဆုံးဖြတ်ရလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ကျင်းပသော “ရခိုင်ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် အထိမ်းအမှတ်” တွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေသည့်စကားများ ဟောပြောခဲ့သည်ဟုဆိုကာ ဒေါက်တာအေးမောင် နှင့် ရခိုင်လူငယ် စာရေးဆရာတစ်ဦးတို့ကို အမှုဖွင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုအခမ်းအနားတွင် ဒေါက်တာအေးမောင် ပြောခဲ့သည်ဟုဆိုသော စကားများအနက် “ဗမာများအနေနဲ့ ရခိုင်လူမျိုးများအပေါ် ဗမာကျွန်အဖြစ် သဘောထားတယ်”ဟု စကားများသည် အစိုးရနှင့် ဒေါက်တာအေးမောင်ကြား အငြင်းပွားဖွယ်ရာများဖြစ်နေပြီး ဒေါက်တာအေးမောင်က သူ မပြောခဲ့ဟု ငြင်းဆိုထားသည်။

ဒေါက်တာအေးမောင်ကို ပြန်လွှတ်ပေးရန် ရခိုင်ပြည်နယ်မှ မာန်အောင်၊ မောင်တောနှင့်် ကျောက်တော်မြို့များ တွင် ဒေသခံများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Show More

Related Articles

Back to top button