သတင်း

AA နှင့် ဆက်နွှယ်သည်ဟူသော တောင်ကုတ်မှ ဦးအောင်ဝင်းနိုင်အမှု အယူခံဝင်မည်

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ထောင်ဒဏ်ချမှတ်ခံရသူ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ မိုးပညာဒါနပရဟိတကျောင်းဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်အမှုအတွက် အယူခံဝင်မည်ဟု မိသားစုနှင့် အမှုကို လိုက်ပါကူညီပေးနေသည့် ရှေ့နေတို့က ပြောသည်။

တောင်ကုတ်မြို့နယ်တရားရုံးက ဦးအောင်ဝင်းနိုင်ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)အတွက် ထောင်ဒဏ် ၂ နှစ်၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အတွက် ထောင်ဒဏ် ၁၅ ရက်နှင့် ငွေဒဏ် ၁သိန်း မတ်လ ၁၄ ရက်တွင် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေက ပြောသည်။

“ကျွန်တော်တို့က ဒီတစ်ပတ်နှစ်ပတ်အတွင်းမှာ အမြန်ဆုံးလုပ်ပြီးတော့ အယူခံတင်မှာပါ” ဟု ရှေ့နေ ဦးအောင်ကြည်နိုင်က ပြောသည်။

ဦးအောင်ဝင်းနိုင်ကို တောင်ကုတ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး လာမည့်ရက်ပိုင်းအတွင်း သံတွဲအကျဉ်းထောင်သို့ ပို့‌ဆောင်သွားမည်ဟု သိရကြောင်း ဇနီးဖြစ်သူ ဒေါ်တွယ်တာစိုးက ဆိုသည်။ 

“စိတ်တော့မကောင်းဘူးပေါ့။ မတရားအဖမ်းခံရပြီးတော့ ထောင်ချခံရတာ” ဟု ဇနီးသည်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဦးအောင်ဝင်းနိုင်ကို ၂၀၂၁ ဇွန်လအတွင်း တောင်ကုတ်တက္ကသိုလ်ရှေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အမှုကို ၁၀ လ နီးပါးခန့် ရင်ဆိုင်ခဲ့ရသည်။

AA တပ်ဖွဲ့ဝင်များအပါအဝင် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသည့် အပြစ်မဲ့ပြည်သူများကို ပြန်လည်လွတ်မြောက်နိုင်ရေး ဆက်လက် ဆောင်ရွက်နေသည်ဟု AA  ၏ ပြောခွင့်ရ ဦးခိုင်သုခက ယခုလ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

စစ်ကောင်စီနှင့် AA တို့ကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။

သို့သော် AA က ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများနှင့် စစ်ကောင်စီက ဖမ်းဆီးထားသည့် AA တပ်ဖွဲ့ဝင်များအပါအဝင် အပြစ်မဲ့ပြည်သူတချို့ကို နားလည်မှုဖြင့် အပြန်အလှန်လွှတ်ပေးခဲ့သည်ဟုလည်း ဦးခိုင်သုခက ဆိုသည်။ 

၂၀၁၉ နှင့် ၂၀၂၀ အတွင်း ဖမ်းဆီးခံရပြီး ရခိုင်ပြည်နယ် အကျဉ်းထောင်အသီးသီး၌ အကြမ်းဖက်ပုဒ်မဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ စုစုပေါင်း ၁၆၆ ဦး ရှိကြောင်း အကျဉ်းသားများကို ကူညီပေးနေသည့် ဝေဟင်အောင်ပရဟိတအဖွဲ့၏ ၂၀၂၁ စက်တင်ဘာ ၁၅ အထိ စာရင်းများအရ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်မှုများကြောင့် စစ်ဘေးဒုက္ခသည်အများအပြား ထွက်ပေါ်လာပြီး အများအပြားမှာ ယနေ့တိုင် နေရပ်ပြန်နိုင်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button