သတင်း

မလေးမူးယစ်မှု နောက်တိုးတရားခံ ၃ ဦး ဖမ်းမိ၊ ၃ ဦး တိမ်းရှောင်နေ ၊ ကျပ်ငွေ သိန်းပေါင်းသောင်းနှင့်ချီ သိမ်းဆည်း

ပြည်ထဲရေးဝန်ကြီးဌာနသည် မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက် ဆက်စပ်သော ထပ်မံဖမ်းဆီးရမိသည့် ကွင်းဆက်တရားခံသုံးဦးနှင့်တကွ ထွက်ပြေးတိမ်းရှောင်နေသူများကို ဓာတ်ပုံနှင့်တကွ ယနေ့ ဇွန် ၁၉ရက်တွင် ထုတ်ပြန်သည်။

မလေးရှားတွင် စံချိန်တင်ဖမ်းဆီးရမိသော ဒေါ်လာ(၁၈သန်း)တန်ကြေးရှိ မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ အဓိကတရားခံဟု ယူဆရသော မောင်မောင်(ခ)Hj Yassin ကို ဖမ်းမိကြောင်း ဇွန်လ ၆ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ဖမ်းဆီးရမိသည့် ကွင်းဆက်တရားခံများအကြောင်းကို ပထမဆုံးအကြိမ် ထုတ်ပြန်ခြင်းဖြစ်သည်။

နောက်ဆုံးထုတ်ပြန်ချက်တွင် ဇွန်လ ၂ရက်နေ့တွင် Nice Guy Clarence Service Agency ပိုင်ရှင် ဦးမင်းနိုင်ကို ပထမဆုံး ဖမ်းဆီးခဲ့ကြောင်း၊ ဒုတိယအနေဖြင့် အဓိကတရားခံ မောင်မောင်(ခ) Hj Yassin ကို ဖမ်းမိကြောင်း၊ ထို့နောက် မလေးရှားနိုင်ငံတွင်နေထိုင်ပြီး စတိုးဆိုင် ဖွင့်လှစ်ထားသူ ဇေယျာဟိန်း (မောင်မောင်(ခ) HJ Yassin ၏ ယောက်ဖ)ကို ဖမ်းမိပြီး ၊ဆက်စပ်ဖော်ထုတ်မှုများအရ ထားဝယ်မြို့တွင် နေထိုင်သူ ထားဝယ်ကြီး (ခ) အောင်လွင်ကို ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။

ထွက်ပြေးလွတ်မြောက်နေသူများမှာ လှည်းကူးမြို.နယ်ရှိ Nice Guy ရေသန့်စက်ရုံမှ အောက်ပုဇွန်တောင်လမ်းရှိ ဂိုဒေါင်သို ပို့ဆောင်ပေးသူ ဟူစိန်(ခ) မိုဟာမက်ဟူစိန၊ ချင်ကျားမူ (ခ)မကျားဝေ (ခ) နှင်းဦးလွင် ၏ခင်ပွန်း အကိုကြီး(ခ) ကတုံး (စိစစ်ဆဲ၊ မလေးရှားနိုင်ငံတွင်နေထိုင်သူ)၊ ချင်ကျားမူ (ခ) မကျားဝေ (ခ)နှင်းဦးလွင်တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဖမ်းဆီးခံထားရသူများ၏ ဘဏ်စာရင်းငွေများ စိစစ်ရာတွင် ကျပ်ငွေ သန်းပေါင်း ထောင်ပေါင်းများစွာ သိမ်းဆည်းရရှိသည်ဟု ပြည်ထဲရေးထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး၊ မောင်မောင်ထံမှပင် ကျပ်ငွေ သိန်းပေါင်း ခုနှစ်သောင်းကျော်ဖမ်းဆီးရရှိမိကြောင်း ထုတ်ပြန်ထားသည်။

ပြည်ထဲရေးထုတ်ပြန်ချက်မူရင်းကို အောက်တွင်ဖတ်ရှုနိုင်သည်။

မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်စပ်သော ကွင်းဆက်တရားခံများ ဆက်လက်ဖမ်းဆီးရမိ
***************************************************************************************
နေပြည်တော် ဇွန် ၁၉

မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်သော ကွင်းဆက် တရားခံများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့တွင် မင်းနိုင်အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အမှုဖွင့်ကာ ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ ပို့ဆောင်ခိုင်းသူ မောင်မောင်(ခ) HJ Yassin မှာ LEXUS မော်တော်ယာဉ် အမှတ် YGN 5L 8088 နှင့်အတူ ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေလျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

မူးယစ်ဆေးဝါးများ ပို့ဆောင်ခဲ့သူ မောင်မောင်(ခ) HJ Yassin အား ဇွန်လ(၅)ရက်နေ့တွင် မန္တလေးမြို့ (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏အစစ်ခံချက်အရ မလေးရှားတွင် တွေ့ဆုံသိကျွမ်းခဲ့သည့် ချင်ကျားမူ(ခ) မကျားဝေ(ခ) နှင်းဦးလွင်(ဖမ်းမမိသေး) တာချီလိတ်မြို့နေသူထံမှ မူးယစ်ဆေးဝါးများအား မြန်မာပြည်တွင်း အဆင့်ဆင့်သော သယ်ဆောင်သူများဖြင့် ကားလမ်းကြောင်းနှင့် မော်တော်ယာဉ်အမျိုးမျိုးတို့ကိုအသုံးပြုကာ တာချီလိတ်မှတစ်ဆင့် ရန်ကုန်မြို့၊ လှည်းကူး မြို့နယ်ရှိ မင်းနိုင် ပိုင် Nice Guy သောက်ရေသန့် စက်ရုံသို့ပို့ခဲ့ကြောင်း၊ ၎င်းစက်ရုံမှတစ်ဆင့် ဟူစိန်(ခ) မိုဟာမက်ဟူစိန် (ဖမ်းမမိသေး)မှ ၎င်း၏ Bongo Box ယာဉ်ဖြင့် အောက်ပုဇွန်တောင်လမ်းရှိ မောင်မောင်၏ ဂိုဒေါင်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းမှတဆင့် မင်းနိုင်၏ Nice Guy Clerance Service Agency မှ စီစဉ်ပေးမှုဖြင့် ကွန်တိန်နာအတွင်း မြန်မာ့ရိုးရာအစားအသောက်များနှင့် ရောနှောကာ မလေးရှားနိုင်ငံသို့ ပို့ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ရေလမ်းကြောင်းဖြင့် မလေးရှားနိုင်ငံသို့ ရောက်ရှိကာ မလေးရှားနိုင်ငံတွင်နေထိုင်ပြီး စတိုးဆိုင် ဖွင့်လှစ်ထားသူ ဇေယျာဟိန်း (မောင်မောင်(ခ) HJ Yassin ၏ ယောက်ဖ)မှ အဆင့်ဆင့်သော အဆက်အသွယ်များဖြင့် လက်ခံရယူထိန်းသိမ်းပြီး ၎င်းမှတဆင့် ချင်ကျားမူ (ခ)မကျားဝေ (ခ) နှင်းဦးလွင် ၏ခင်ပွန်း အကိုကြီး(ခ) ကတုံး (စိစစ်ဆဲ၊ မလေးရှားနိုင်ငံတွင်နေထိုင်သူ)ထံသို့ ဆက်လက် ပေးပို့ရကြောင်း၊ အကိုကြီး (ခ) ကတုံးသည် မလေးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးနေသူ တစ်ဦးဖြစ်ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။ ၎င်းနောက် ဇေယျာဟိန်းအား နိုင်ငံကူးလက်မှတ် သက်တမ်း တိုးရန် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာစဉ် ဇွန်လ(၉)ရက်နေ့တွင် အမှုစစ်အဖွဲ့က ဆက်လက် ဖမ်းဆီးရမိခဲ့သည်။

မောင်မောင်နှင့် ဇေယျာဟိန်း တို့နှစ်ဦးကို တိုက်ဆိုင်စစ်ဆေး ထွက်ဆိုချက်များအရ ထားဝယ်မြို့တွင် နေထိုင်သူ ထားဝယ်ကြီး (ခ) အောင်လွင် အား မလေးရှား၌ တွေ့ဆုံသိကျွမ်းခဲ့ပြီး ၎င်းတို့သည် ချင်ကျားမူ(ခ) မကျားဝေ(ခ) နှင်းဦးလွင်နှင့်ဆက်သွယ်ကာ မူးယစ်ဆေးဝါးများကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။ ၎င်းနောက် ဇွန်လ (၁၂)ရက် နေ့တွင် ထားဝယ်ကြီး (ခ) အောင်လွင်ကို မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထားဝယ်မြို့ နေအိမ်မှ ICE (၁၀) ဂရမ် သိမ်းဆည်းရမိခဲ့သည်။

ထားဝယ်ကြီး(ခ)အောင်လွင် ၏ထွက်ဆိုချက်အရ မောင်မောင် (ခ) HJ Yassin ၊ ဇေယျာဟိန်း၊ ချင်းကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင်နှင့် ၎င်း၏ခင်ပွန်း အကိုကြီး (ခ) ကတုံးတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးများကို မင်းနိုင်၏အကူအညီဖြင့် မလေးရှားနိုင်ငံသို့ ပေးပို့ခဲ့ကြောင်းနှင့် ၎င်းသည် ယခင်က မလေးရှားနိုင်ငံ၌ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ဖူးကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

တရားခံများ၏ အစစ်ခံဖော်ထုတ်ချက်များအရ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသော အကျိုးအမြတ်များဖြင့် ရယူပိုင်ဆိုင်ထားသည်ဟု ယူဆရသည့် မြေ၊ အဆောက်အအုံ၊ မော်တော်ယာဉ်၊ ရွှေ၊ ငွေ၊ ဘဏ်စာရင်းများကို စိစစ်ခဲ့ရာ မောင်မောင်(ခ) HJ Yassin (ဖမ်းမိ)ထံမှ ခန့်မှန်းကျပ်သိန်းပေါင်း ခုနှစ်သောင်းကျော်၊ ထားဝယ်ကြီး (ခ) အောင်လွင် (ဖမ်းမိ)ထံမှ ခန့်မှန်း ကျပ်သိန်းပေါင်း နှစ်သောင်းခုနှစ်ထောင်ကျော်၊ ဇေယျာဟိန်း (ဖမ်းမိ)ထံမှ ခန့်မှန်း ကျပ်သိန်း ပေါင်း လေးထောင်ကျော်၊ မင်းနိုင်(ဖမ်းမိ)ထံမှ ခန့်မှန်းကျပ်သိန်းပေါင်း ငါးရာခန့်၊ ချင်ကျားမူ (ခ) မကျားဝေ (ခ)နှင်းဦးလွင်(တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းကျပ်သိန်းပေါင်း ရှစ်သောင်းကျော်၊ ဟူစိန်(ခ) မိုဟာမက်ဟူစိန် (တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းကျပ် သိန်းပေါင်း ငါးထောင်ကျော် တို့အား ကနဦးစိစစ်တွေ့ရှိရ၍ ထိန်းသိမ်းကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိသည်။

တရားခံပြေး ချင်ကျားမူ (ခ)မကျားဝေ(ခ) နှင်းဦးလွင်၊ (၄၅)နှစ်ခန့်၊ (ဖ) ဦးစိုင်းမောင်၊ မှတ်ပုံတင်အမှတ် ၁၃/တကန(နိုင်)၁၂၈၈၆၆၊ အမှတ် ၁/၆(၅၆)၊ ဘုရားဖြူလမ်း၊ နယ်မြေ(၁)၊ ပန်းတင်လမ်းခွဲ၊ တောင်ကြီးမြို့နှင့် အမှတ် (၂/၂၉)၊ ဗိုလ်ချုပ်လမ်း၊ မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့နေသူနှင့် ဟူစိန်(ခ)မိုဟာမက်ဟူစိန်၊ (၄၄)နှစ်ခန့်၊ (ဖ)ဦးဂိုလာမာမက်၊ မှတ်ပုံတင်အမှတ် ၁၀/မလန(နိုင်) ၁၅၀၈၁၂၊ အမှတ် ၈၁/F ၊ ပထမထပ်၊ ၅၅ လမ်း၊ (၂)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့နေသူတို့အား တွေ့ရှိပါက နီးစပ်ရာရဲစခန်းအသီးသီးသို့ သတင်းပေးပို့နိုင်ပါကြောင်း သတင်းရရှိသည်။

Show More

Related Articles

Back to top button