သတင်း

မလေးရှားမူးယစ်မှု တရားလိုပြသက်သေစာရင်းတွင် အကောက်ခွန်ဌာနမှ တာဝန်ရှိသူများကို မတွေ့ရ

ပြီးခဲ့သည့် မေလအတွင်းက မလေးရှားနိုင်ငံတွင် စံချိန်တင်ဖမ်းမိခဲ့သည့် မူးယစ်ဆေးဝါးအမှုတွင် အတွက်ရဲတပ်ဖွဲ့မှ တင်သွင်းသည့် တရားလိုပြသက်သေစာရင်းတွင် အကောက်ခွန်ဌာနမှ တစ်စုံတစ်ဦးမျှ မတွေ့ရှိရသေးပါ။

ကန်ဒေါ်လာ ၁၈သန်းတန်ကြေးရှိ မလေးမူးယစ်မှုတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရသူများအား ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ယနေ့(သြဂုတ် ၈)တွင် လေးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တွေ့ခဲ့တဲ့ သက်သေ စာရင်းမှာတော့ အကောက်ခွန်ကသက်သေ တစ်ယောက်မှ မပါပါဘူး”ဟု မလေးမူးယစ်မှုသံသယဖြင့် ထိန်းသိမ်းခံနေရသည့် မောင်မောင်(ခ) ဟာဂျီယာဆင်း၏ ရှေ့နေ ဦးသန်းအောင်က Myanmar Nowကို ပြောသည်။

ရဲကတင်သည့် သက်သေ ၆၉ဦးတွင် မူးယစ်နှိမ်နင်းရေးနှင့် ဆိပ်ကမ်းအာဏာပိုင် ကဲ့သို့သော အစိုးရအရာရှိများ ပါဝင်သော်လည်း အကောက်ခွန်အရာရှိများ၏အမည်ကို မတွေ့ရ ကြောင်းလည်း ဦးသန်းအောင်ကဆိုသည်။

ပြည်ထဲရေး၏ ဇွန်လ ၆ရက်ထုတ်ပြန်ချက်တွင် ၁ ဒသမ ၂ တန်နီးပါးရှိ မက်သမ်ဖက်တမင်း (တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၈ သန်း) တန် မူးယစ်ဆေးဝါးများ ကို စားသောက်ကုန်များဖြင့် ရောနှောကာ ကုန်သေတ္တာအမှတ် (FSCU 9911521)အတွင်း ထည့်သွင်းပြီး မြန်မာနိုင်ငံမှ ရေလမ်းဖြင့် မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းကုန်သေတ္တာအား မလေးရှားအာဏာပိုင်များက မေလ ၂၂ ရက်နေ့ တွင် မလေးရှားနိုင်ငံ၌ သိမ်းဆည်း ရမိခဲ့ကာ မလေးရှားနိုင်ငံသားသုံးဦးနှင့် မြန်မာနိုင်ငံသား သုံးဦးတို့ကိုပါ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် မလေးရှားမူးယစ်မှုနှင့် ကွင်းဆက်တရားခံများအဖြစ် လေးဦး ကိုဖမ်းဆီးရမိထားပြီး၊ သုံးဦးသည် ထွက်ပြေးတိမ်းရှောင်နေကြောင်း ဓာတ်ပုံများနှင့်တကွ ပြည်ထဲရေးဝန်ကြီးဌာနမှ ဇွန်လ ၁၉ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်ထဲရေး၏ထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးပါရှိသည့်ယင်းကွန်တိန်နာကို မည်သည့်တာဝန်ရှိအဖွဲ့အစည်းက စစ်ဆေးခဲ့ပြီး၊ မည်သည့်ဆိပ်ကမ်းမှ တင်ပို့ခဲ့ကြောင်း မပါရှိပေ။

Myanmar Now ၏သီးခြားစုံစမ်းမှုများအရ ယင်းကွန်တိန်နာသည် ယခုနှစ်၊ဧပြီလအတွင်း ရန်ကုန်၊ သခင်မြပန်းခြံရှေ့ရှိ မြန်မာ့စက်မှုဆိပ်ကမ်း (Myanmar Industrial Port –MIP) ကနေတစ်ဆင့် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MIP ဆိပ်ကမ်းသည် မြန်မာ့အဏာဝါစွမ်းအားရှင်များ ဂရု(တ်)ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားသော ပုဂ္ဂလိကလုပ်ပိုင်ခွင့်ရ ဆိပ်ကမ်းတစ်ခုဖြစ်သည်။

ထို့ကြောင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် မရှိကြောင်း၊ ထို့ပြင် ကုန်ပစ္စည်းများကို အဓိကဖွင့်ဖောက်စစ်ဆေးခွင့်ရှိသည့် အဖွဲ့အစည်းသည် အကောက်ခွန် ဦးစီးဌာနသာ ဖြစ်သည်ဟု မြန်မာဆိပ်ကမ်းအာဏာပိုင်မှ အမည်မဖော်လိုသည့် တာဝန်ရှိသူ အကြီးတန်းအရာရှိတစ်ဦးက Myanmar Nowနှင့် ဇူလိုင်လအတွင်း တွေ့ဆုံစဉ်က ပြောခဲ့သည်။

“ကွန်တိန်နာအထဲမှာရှိတဲ့ ကုန်ပစ္စည်းကို ဆိပ်ကမ်းအာဏာပိုင်သည် ဘာမှ ဖွင့်ခွင့်မရှိဘူး။ စစ်ခွင့်မရှိဘူး။ စစ်လို့မရဘူး။ ကျွန်တော်တို့ ဥပဒေမှာမရှိဘူး။ ကျွန်တော်တို့ လုပ်ငန်းက ပြည်တွင်းကုန်၊ ပြည်ပကုန်ရောက်ဖို့ လိုအပ်တဲ့(ဥပမာ-အဆောက်အအုံ၊ဝန်ချီစက်၊မြေနေရာ)အရာ ပံ့ပိုးဝန်ဆောင်မှု ပေးတာ။ ဒီကွန်တိန်နာအလုံးသည် အကောက်အခွန်ကနေ စည်းမခတ်ရင် ကျွန်တော်တို့ တင်ပေးလို့မရဘူး။ အကောက်အခွန်နဲ့ On Board Custom က ဒီအလုံးတင်ဖို့ ခွင့်မပြုရင် ကျွန်တော်တို့ တင်ပေးလို့မရဘူး”ဟု အဆိုပါ တာဝန်ရှိသူ ကပြောသည်။

ထို့ပြင် မလေးမူးယစ်မှုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် မေလအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ သက်ဆိုင်ရာဌာနများသို့ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

အလားတူ မလေးရှားမူးယစ်မှုနှင့် ပတ်သက်ပြီး အကောက်ခွန်ဦးစီးဌာနအတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း Myanmar Now က စုံစမ်းသိရှိထားသည်။

အကောက်ခွန်ဦးစီးဌာနအဆင့်မြင့်အရာရှိများထံ Myanmar Nowက တယ်လီဖုန်းဖြင့်မေးမြန်းခြင်း၊ စာပို့မေးမြန်းခြင်းတို့ကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ဌာနအတွင်း လုပ်ငန်းဆောင်တာများကြောင့် ဖြေကြားခြင်း မပြုနိုင်သေးကြောင်း အကြောင်းပြန်သည်။

ဖြေပေးနိုင်သည့် အချိန်အားလည်း တိကျစွာ မဖြေကြားပေ။

မလေးရှား မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူသုံးဦးနှင့် ထွက်ပြေးတိမ်းရှောင်နေသူ နှစ်ဦးတို့အား ရဲမှူးခင်မောင်သိန်းမှ တရားလိုပြုလုပ်ကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၀(ခ)၊ ပုဒ်မ၂၂(က)တို့နှင့် ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

ထိုဥပဒေပုဒ်မများသည် ပြစ်မှုထင်ရှားပေါ်ပေါက်ပါက ထောင်ဒဏ် အနည်းဆုံး၁၅နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်အထိဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်နိုင်သည့် ဥပဒေပုဒ်မများဖြစ်သည်။

အနောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ထားသူများမှာ မင်းနိုင်၊ မောင်မောင်(ခ) ဟာဂျီယာဆင်း၊ ဇေယျာဟိန်း(ခ)ဇေယျာ(ခ)မိုဟာမက်တာရစ်ပဲ(ခ)ဟိန်းလေးနှင့် ထွက်ပြေးတိမ်းရှောင်နေသူ နှစ်ဦးမှာ ချင်းကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင် နှင့် ဟူစိန်(ခ)မာမက်ဟူစိန် တို့ဖြစ်သည်။

ထို့အပြင် ထားဝယ်မြို့တွင် ဖမ်းဆီးရမိထားသူ ထားဝယ်ကြီး (ခ) အောင်လွင် နှင့် ရဲက လိုက်လံရှာဖွေနေသည့် ချင်းကျားမူ ၏ခင်ပွန်း ဖြစ်သူ အကိုကြီး (ခ) ကတုံး တို့လည်း အနောက်ပိုင်းခရိုင်တရားရုံး၏ အမှုရင်ဆိုင်ရမည့် စာရင်းတွင် မတွေ့ခဲ့ရပါ။

နောက်လာမည့်ရုံးချိန်းကို သြဂုတ်လ ၂၆ရက်တွင် ပြန်လည်ချိန်းဆိုလိုက်ပြီး တရားလိုအား စတင်စစ်ဆေးရန် ချိန်းဆိုထားသည်။

Show More

Related Articles

Back to top button