သတင်း

မလေးပို့မည့် မူးယစ်ဆေးများကို ရန်ကုန်သို့ ဆီဘောက်ဆာဖြင့် သယ်ဆောင်ခဲ့

ရန်ကုန် — မလေးရှားနိုင်ငံသို့တင်ပို့မည့် မူးယစ်ဆေးဝါးများကို တာချီလိတ်မှရန်ကုန်သို့ သယ်ဆောင်ရန် ဆီဘောက်ဆာယာဉ် အသုံးပြုခဲ့ကြောင်း ရဲအရာရှိက တရားရုံးတွင် ယနေ့ (ဩဂုတ်၁၄)တွင်ထုတ်ဖော်ပြောဆိုခဲ့သည်။

ကန်ဒေါ်လာ ၁၈သန်းတန်ကြေးရှိ မလေးရှားသို့တင်ပို့မည့် မူးယစ်ဆေးဝါးများကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီမှ ဧပြီလအတွင်း နယ်မှ ဆီဂါလံ၁၈၀ဝဆီဘောက်ဆာယာဉ် အသုံးပြုပြီး မူးယစ်ဆေးဝါးများကို ရန်ကုန် လှည်းကူးရှိ ရေသန့်စက်ရုံဆီသို့ သယ်ဆောင်ခဲ့ဖွယ်ရှိကြောင်း ဖမ်းဆီးခံထားရသည့် ရေသန့်စက်ရုံပိုင်ရှင် ဦးမင်းနိုင်အား စစ်ဆေးချက်များကို ကိုးကားပြီး မလေးမူးယစ်မှု ၏ တရားလိုဖြစ်သူ ရဲမှူးခင်မောင်သိန်းက အနောက်ပိုင်းခရိုင်တရားရုံးရှိ တွဲဖက်ခရိုင်တရားသူကြီး(၁) ရှေ့တွင် ထွက်ဆိုသည်။

ရေသန့်စက်ရုံပိုင်ရှင် ဦးမင်းနိုင်ကို စစ်ဆေးချက်အရ စက်ရုံအတွင်းယူဆောင်လာသည်မှာ Eဆေးများ (English ဆေးများ)ဟု သိရှိရကြောင်း ရဲအရာရှိကပြောကြားခဲ့ပြီး ယင်းပစ္စည်းများ ထားရှိရန်အတွက် ရေသန့်စက်ရုံပိုင်ရှင်သည် ဝန်ဆောင်ခ ရခဲ့သည်ဟုလည်းဆိုသည်။

ရဲက မလေးမူးယစ်မှုတွင် အဓိကလက်သည်ဟုယူဆနေသည့် မောင်မောင်(ခ) HJ Yassin အား ဇွန်၅ရက် တွင် မန္တလေးမြို့ (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့သည်။

၎င်းအားစစ်ဆေးချက်များအရ တာချီလိတ်မြို့နေသူထံမှ မူးယစ်ဆေးဝါးများအား မြန်မာပြည်တွင်း အဆင့်ဆင့်သော သယ်ဆောင်သူများဖြင့် ကားလမ်းကြောင်းနှင့် မော်တော်ယာဉ် အမျိုးမျိုးတို့ကို အသုံးပြုကာ တာချီလိတ်မှ တစ်ဆင့် ရန်ကုန်မြို့၊ လှည်းကူး မြို့နယ်ရှိ ဦးမင်းနိုင်ပိုင် Nice Guy သောက်ရေသန့်စက်ရုံသို့ ပို့ခဲ့ကြောင်း ရဲက ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ဦးမင်းနိုင်ကို ရဲက ဇူလိုင်၂ရက်တွင် ထိန်းသိမ်းခဲ့သည်။

တာချီလိတ်ဘက်အခြမ်းမှ မူးယစ်ဆေးဝါးတင်ပို့သူမှာ ချင်ကျားမူ(ခ) မကျားဝေ(ခ) နှင်းဦးလွင် ဖြစ်ပြီး ရန်ကုန်တွင် တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်ပေးသူမှာ ဟူစိန်(ခ) မိုဟာမက်ဟူစိန် ဟု ရဲက ယူဆနေပြီး ၎င်းတို့နှစ်ဦးစလုံးကို ရှာဖွေနေသည်။

၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၀(ခ)၊ ပုဒ်မ၂၂(က)တို့နှင့် ယခုနှစ် ဇွန်လအတွင်း ရန်ကုန်၊ အနောက်ပိုင်းခရိုင် တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

ထိုဥပဒေပုဒ်မများသည် ပြစ်မှုထင်ရှားပေါ်ပေါက်ပါက ထောင်ဒဏ် အနည်းဆုံး ၁၅နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် အထိဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်နိုင်သည့် ဥပဒေပုဒ်မများဖြစ်သည်။

ယင်းအမှုတွင် တရားခံပြေးများပါဝင်နေသောကြောင့် တရားခံပြေးနှင့် ပတ်သက်သည့် စစ်ဆေးလုပ်ဆောင်မှုများကို ဆောင်ရွက်ပြီးမှသာ တရားလိုရဲအရာရှိအား အမှုစတင်စစ်ဆေး နိုင်ခြင်းဖြစ်သည်။

ယင်းအမှုနှင့် စပ်လျှဉ်းပြီး တရားလိုဘက်မှ သက်သေ ၆၉ဦးကို စစ်ဆေးနိုင်ရန် စာရင်တင်သွင်းထားကြောင်း သိရသည်။

နောက်လာမည့်ရုံးချိန်းကို ဩဂုတ်လ ၂၈ရက်တွင် ပြန်လည်ချိန်းဆိုလိုက်ပြီး တရားလိုအား တရားခံရှေ့နေများမှ ပြန်လှန်စစ်ဆေးခြင်း ပြုမည်ဟု သိရသည်။

Show More

Related Articles

Back to top button