(ရန်ကုန်) – မလေးရှားနိုင်ငံတွင် စံချိန်တင်ဖမ်းဆီးမိခဲ့သည့် မူးယစ်ဆေးအမှုနှင့် ပတ်သက်ဖွယ်ရှိသူ ငါးဦးကို မူးယစ်ဆေး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု၊ ပြည်တွင်း ပြည်ပ မူးယစ်ဂိုဏ်းများနှင့် ပတ်သက်မှု စွပ်စွဲချက်များဖြင့် သေဒဏ်အထိ ပြစ်ဒဏ် ချမှတ်နိုင်သော ပုဒ်မဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုထားပြီး ဇူလိုင် ၁၃ တွင် ရုံးထုတ် စစ်ဆေးသည်။
ဖမ်းဆီးရမိသူ သုံးဦး၊ တိမ်းရှောင်နေသူ နှစ်ဦးတို့ကို ဒုရဲမှူး ခင်မောင်သိန်းက တရားလို ပြုလုပ်ကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂ဝ(ခ)၊ ပုဒ်မ၂၂(က)တို့ဖြင့် စွဲဆိုထားခြင်းဖြစ်သည်။
ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အနည်းဆုံး ၁၅ နှစ်မှ အများဆုံး နှစ်အကန့် အသတ်မရှိ ထောင်ဒဏ် အထိ ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်နိုင်သော ပုဒ်မများဖြစ်သည်ဟု မောင်မောင်(ခ) ဟာဂျီယာစင်၏ အကျိုးဆောင်ရှေ့နေအဖြစ် ဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင်က ပြောသည်။
“လတ်တလော ဒီအမှုမှာ ထွက်ပြေးနေတဲ့တရားခံတွေ ပါတဲ့အတွက် သူတို့ကိုစွဲဆိုဖို့ မင်နီသက်သေကို စောင့်ရပါတယ်။ တရားခံပြေးအမှု ပါတဲ့အတွက် ဒီအမှုကို ပိတ်သိမ်းပြီးမှသာလျှင် ရာဇဝတ်ကြီး အမှုကို စစ်ဆေးရမှာပါ။ ဒါကြောင့် မင်နီသက်သေ မပြီးမချင်း ဒီအမှုကြီးကို စစ်ဆေးလို့ မရသေးပါဘူး” ဟု ဦးသန်းအောင်က ပြောသည်။
တရားလိုပြသက်သေ ၆၉ ဦး ရှိသည်ဟု ဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ ဇွန်လ ၁၉ရက်နေ့ မလေးရှားမူးယစ်မှုနှင့် ကွင်းဆက်တရားခံများ ထုတ်ပြန်ချက်တွင် ဖမ်းဆီးရမိသည့် တရားခံလေးဦး၊ ထွက်ပြေးတိမ်းရှောင်သူ သုံးဦး ရှိသည်ဟု ဆိုထားသော်လည်း ငါးဦးကို တရားစွဲဆိုထားကြောင်း တွေ့ရှိရသည်။
တရားစွဲခံနေရသူတို့မှာ မင်းနိုင်၊ မောင်မောင်(ခ) ဟာဂျီယာစင်၊ ဇေယျာဟိန်း (ခ) ဇေယျာ (ခ) မိုဟာမက်တာရစ်ပဲ (ခ) ဟိန်းလေး၊ ချင်းကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင်၊ ဟူစိန်(ခ) မာမက်ဟူစိန် တို့ ဖြစ်သည်။ နောက်ဆုံး နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေသူများဖြစ်သည်ဟု သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ မလေးရှားမူးယစ်မှုနှင့် ပတ်သက်သည့် ဇွန်လ ၁၉ရက် ထုတ်ပြန်ချက်တွင် Nice Guy Clarence Service Agency ပိုင်ရှင် မင်းနိုင်ကို ဇွန်လ ၂ရက်နေ့က ပထမဆုံး ဖမ်းဆီးခဲ့ကြောင်း၊ ဒုတိယ အနေဖြင့် အဓိက တရားခံ မောင်မောင် (ခ) Hj Yassin ကို ဇွန်လ ၅ရက်တွင် ဖမ်းမိကြောင်း၊ ထို့နောက် မလေးရှားနိုင်ငံတွင် နေထိုင်ပြီး စတိုးဆိုင် ဖွင့်လှစ်ထားသူ ဇေယျာဟိန်း (မောင်မောင်၏ ယောက်ဖ) ကို၎င်း၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် ရန်ကုန်သို့ ရောက်ရှိနေစဉ် ဖမ်းမိပြီး၊ ဆက်စပ် ဖော်ထုတ်မှုများအရ ထားဝယ်ကြီး (ခ) အောင်လွင်ကို မလွှဲတောင်စစ်ဆေးရေးဂိတ် (တနင်္သာရီတိုင်း) တွင် ဖမ်းဆီးရမိပြီး ၎င်း၏ ထားဝယ်မြို့ နေအိမ်တွင် ICE (၁ဝ) ဂရမ် ဖမ်းမိကြောင်း ဖော်ပြထားသည်။
မလေးရှားမူးယစ်မှုနှင့် ဆက်စပ်ကွင်းဆက်အဖြစ် ထွက်ပြေး လွတ်မြောက်နေသူများထဲတွင် မလေးရှားတွင် ရောက်ရှိနေသော အကိုကြီး (ခ) ကတုံး ဆိုသူ ပါဝင်သည်ဟု သိရသည်။
သို့ရာတွင် အနောက်ပိုင်းခရိုင်တရားရုံး၌ တရားစွဲဆိုထားသော ထွက်ပြေးတိမ်းရှောင်တရားခံများစာရင်းတွင်မူ ထိုအမည်ကို မတွေ့ရပေ။
Myanmar Now ၏ သီးခြားစုံစမ်းမှုများအရ ထားဝယ်ကြီး(ခ) အောင်လွင်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)ဖြင့် ဇူလိုင်လ ၁၂ရက်နေ့က ထားဝယ်ခရိုင် တရားရုံးတွင် တရားစွဲဆိုလိုက်ကြောင်း သိရသည်။
ယင်းသို့စွဲဆိုခြင်းမှာ ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရမိသော ICE (၁ဝ) ဂရမ်နှင့်သာ ပတ်သက်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး၊ တိုင်းရဲတပ်ဖွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
“အခုလောလောဆယ်တော့ ဒီမှာမိတဲ့ မူးယစ်မှုနဲ့ပဲ သူ့ကို တရားစွဲထားတာ။ မလေးမူးယစ်မှုနဲ့ စွဲမစွဲတော့ အပေါ်က ဘာမှ မညွှန်ကြားထားသေးဘူး” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ဇူလိုင် ၂၆ တွင် အမှုကို ပြန်လည် စစ်ဆေးမည်ဟု သိရသည်။



