သတင်း

မလေးမူးယစ်မှု သက်သေစာရင်းမှာ အကောက်ခွန်အရာရှိများ မပါ

ရန်ကုန်၊ စက်တင်ဘာ ၇ — မလေးရှားဆိပ်ကမ်းတွင် မေလအတွင်းကဖမ်းမိခဲ့သည့် မူးယစ်ဆေးမှုအတွက် ရဲကတင်သွင်းသည့် သက်သေစာရင်းတွင် ကုန်သေတ္တာများကိုစစ်ဆေးသည့် အဓိကတာဝန်ရှိသူ အကောက်ခွန်ဌာနမှ တစ်ဦးတစ်ယောက်မျှ မပါလာသည်ကို စွပ်စွဲခံထားရသူများ၏ ရှေ့နေက မေးခွန်းထုတ်လိုက်သည်။

အမေရိကန်ဒေါ်လာ ၁၈ သန်းခန့်တန်ကြေးရှိ မက်သမ်ဖက်တမင်း မူးယစ်ဆေးဝါးများ မိသည့်အမှုတွင် အဓိကလက်သည်ဟု ရဲကယူဆနေသည့် မောင်မောင်(ခ) ဟာဂျီယာဆင်၏ ရှေ့နေဦးသန်းအောင်က သက်သေစာရင်းတွင် အကောက်ခွန်အရာရှိများမပါလာသည့်အပေါ် “အမှုမှန်ပေါ်လွင်မှု လျော့နိုင်သလား” ဟု စက်တင်ဘာလ ၆ ရက်နေ့က တရားခွင်တွင် မေးခွန်းထုတ်ခဲ့သည်။

ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးသို့ ရဲကတင်သည့် သက်သေ ၆၉ ဦးတွင် မူးယစ်နှိမ်နင်းရေးနှင့် ဆိပ်ကမ်းအာဏာပိုင် ကဲ့သို့သော အစိုးရအရာရှိများ ပါဝင်သော်လည်း အကောက်ခွန်အရာရှိများ၏အမည်ကို မတွေ့ရ ကြောင်း ဩဂုတ်လအတွင်းဦးသန်းအောင်က ပြောကြားခဲ့ဖူးသည်။

အမှုတွဲအဖြစ် ထိန်းသိမ်းခံထားရသူ ဦးမင်းနိုင်၏ရှေ့နေဦးကျော်ကျော်မျိုးကလည်း အကောက်ခွန်အရာရှိများ ရုံးတော်ရှေ့မရောက်ခဲ့ခြင်းကို မေးခွန်းထုတ်ခဲ့သည်။

“အကောက်ခွန်က တာဝန်ရှိသူပါသင့်တယ်လို့ ကျွန်တော်မြင်တယ်။ ဒီကွန်တိန်နာက ဒီဆိပ်ကမ်းကနေပဲ ထွက်သွားတာလေ။ ဒါကြောင့်သူတို့ကို မေးခွန်းတွေလည်း မေးသင့်ပါတယ်။ ဥပဒေအရတော့ ပါကိုပါသင့်တဲ့ သက်သေဆိုရင် ရုံးခေါ်သက်သေအနေနဲ့ ခေါ်ဖို့ လျှောက်လို့ရတယ်။ အခုမှ တရားလို စစ်တာကြောင့် လျှောက်မလား၊ မလျှောက်ရမလားဆိုတာ မဆုံးဖြတ်ရသေးပါဘူး” ၎င်းက Myanmar Now ကို ပြောသည်။

ကုန်သေတ္တာများကို စစ်ဆေးခွင့်သည် အကောက်ခွန် ဦးစီးဌာနတွင်သာရှိကြောင်း မြန်မာဆိပ်ကမ်းအာဏာပိုင်မှ အကြီးတန်းအရာရှိတစ်ဦးက Myanmar Nowကို ဇူလိုင်လအတွင်းက ပြောသည်။

“ကွန်တိန်နာအထဲမှာရှိတဲ့ ကုန်ပစ္စည်းကို ဆိပ်ကမ်းအာဏာပိုင်သည် ဘာမှ ဖွင့်ခွင့်မရှိဘူး။ စစ်ခွင့်မရှိဘူး။ စစ်လို့မရဘူး။ ကျွန်တော်တို့ ဥပဒေမှာမရှိဘူး။ ကျွန်တော်တို့ လုပ်ငန်းက ပြည်တွင်းကုန်၊ ပြည်ပကုန်ရောက်ဖို့ လိုအပ်တဲ့ (ဥပမာ-အဆောက်အအုံ၊ ဝန်ချီစက်၊ မြေနေရာ) အရာ ပံ့ပိုးဝန်ဆောင်မှုပေးတာ။ ဒီကွန်တိန်နာ အလုံးသည် အကောက်ခွန်ကနေ ဆီးလ် (တံဆိပ်) မခတ်ရင် ကျွန်တော်တို့ တင်ပေးလို့မရဘူး။ အကောက်ခွန်နဲ့ On Board Custom က ဒီအလုံးတင်ဖို့ ခွင့်မပြုရင် ကျွန်တော်တို့ တင်ပေးလို့မရဘူး” ဟု ၎င်းကပြောသည်။

မူးယစ်သံသယတရားခံများ၏ ရှေ့နေများ၏မေးခွန်းကို တရားလို ရဲမှူးခင်မောင်သိန်းက “လိုပြသက်သေစာရင်း ထည့်သွင်းခြင်းက အမှုစစ်အဖွဲ့ရဲ့လုပ်ငန်းဖြစ်ပြီး တရားလိုအဖွဲ့က ဆက်စပ်သက်သေ အထောက်အထားများကို အပြည့်အစုံတင်ပြထားပြီးဖြစ်သည်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပြည်ပသို့တင်ပို့ရသည့် ကုန်သေတ္တာများ များပြား၍ အပြည်ပြည်ဆိုင်ရာ သတ်မှတ်စံနှုန်းအတိုင်း ရာခိုင်နှုန်းသတ်မှတ်စစ်ဆေးနိုင်ပြီး ကုန်ပစ္စည်းအလုံးစုံ ကို ထုတ်ယူစစ်ဆေးနိုင်ခြင်း မရှိဘဲ ကွန်တိန်နာ တံခါးအဝရှိပစ္စည်း ၁ဝ ရာခိုင်နှုန်းလောက် ကိုသာ စစ်ဆေးနိုင်သည်ဟု တရားလိုရဲမှူးက ပြောသည်။

Myanmar Now သတင်းဌာနက ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အကောက်ခွန်ရုံးချုပ်မှ ညွှန်ကြားရေးမှူးချုပ် ထံသို့ တရားဝင်စာပို့ မေးမြန်းခြင်းအပြင် တယ်လီဖုန်းဖြင့် ဆက်သွယ်ခြင်းများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ဌာနအတွင်း လုပ်ငန်းဆောင်တာများကြောင့် ဖြေကြားခြင်း မပြုနိုင်သေး ကြောင်း ဩဂုတ်လအတွင်းက အကြောင်းပြန်သည်။ ဖြေပေးနိုင်သည့် အချိန်ကိုလည်း တိကျစွာ မဖြေကြားပေ။

ထို့ပြင် တာချီလိတ်မှ ရန်ကုန်သို့သယ်ဆောင်သည့် မူးယစ်ဆေးများ အတွက် အဓိကကျနိုင်ကြောင်း ရဲကယူဆထားသည့် ဆီဘောက်ဆာယာဉ်ကို ရဲကလိုက်လံရှာဖွေနေသည်။

တရားရုံးရှေ့ စစ်ဆေးချက်များအရ မြန်မာနိုင်ငံမှ မလေးရှားသို့ မူးယစ်ဆေးဝါးပို့သည့် ဖြစ်စဉ်တွင် မူးယစ်ဆေးဝါး ပါဝင်သည့်ကုန်များကို ကုန်သေတ္တာ၏ အတွင်းဘက်သို့ ထည့်သွင်းကာ အခြားသော စားသောက် ကုန်များဖြင့် ဖုံးကွယ်ပြီးမှ အခြားတရားဝင်ပစ္စည်းများ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

နောက်လာမည့် ရုံးချိန်းကို စက်တင်ဘာလ ၁၃ ရက်တွင် ပြန်လည်ချိန်းဆိုလိုက်ပြီး တရားလိုကို ဆက်လက်စစ်ဆေးမည်ဟု သိရသည်။

မလေးမူးယစ်အမှုနှင့် ပတ်သက်ပြီး မောင်မောင်(ခ) ဟာဂျီယာဆင်အပါအဝင် သုံးဦးကို ဖမ်းမိထားပြီး နောက်ထပ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးကိုလည်း ရဲက အလိုရှိနေသည်။

၎င်းတို့ကို အနည်းဆုံး ၁၅ နှစ်မှ အများဆုံးနှစ်အကန့်အသတ်မရှိ ထောင်ဒဏ် အထိဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်နိုင်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၀(ခ)၊ ပုဒ်မ၂၂(က) တို့နှင့် ယခုနှစ် ဇွန်လအတွင်း ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး၌ တရားစွဲဆို ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်း

မလေးရှားမူးယစ်မှု တရားလိုပြသက်သေစာရင်းတွင် အကောက်ခွန်ဌာနမှတာဝန်ရှိသူများကို မတွေ့ရ

Show More

Related Articles

Back to top button