သေနတ် ၄ လက်ဝယ်ယူပေးမည်ဟု ဆိုကာ ကျပ်သိန်း ၄၀၀ လိမ်လည်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနသို့ တိုင်ကြားထားကြောင်း စစ်ကိုင်းတိုင်းအထက်ပိုင်း ခင်ဦးမြို့နယ်အခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုက ပြောသည်။
သိန်း ၄၀၀ မှာ ခင်ဦးမြို့နယ်အခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုနှင့် ရန်ကုန်အခြေစိုက် ပြောက်ကျားအဖွဲ့ ၄ ဖွဲ့တို့၏ ငွေကြေးဖြစ်သည်ဟု ဆိုသည်။
လိမ်လည်သူဟု ၎င်းတို့စွပ်စွဲထားသူမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တောင်ပိုင်းတိုင်းစစ်ဒေသမှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ခင်ဦးအခြေစိုက် Khin U-Dynamite Squad အဖွဲ့က ပြောသည်။
ဇူလိုင်လအတွင်း M4 တစ်လက်၊ AK 47 ၂ လက်၊ ကာဘိုင်တစ်လက် ဝယ်ယူရန် ကျပ်သိန်း ၄၀၀ နီးပါး ငွေလွှဲပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“ခင်ဦးက ရန်ကုန် UG ၄ ဖွဲ့ ပါမယ်။ လွန်ခဲ့တဲ့ ၃ လလောက်က လွှဲထားတာပါ။ M4 တစ်လက်၊ AK 47 ၂ လက်၊ ကာဘိုင်တစ်လက်ရယ်ဆိုပြီးတော့ အခ ပေးချေတာပေါ့။ M4 နဲ့ AK က တစ်ခါရယ်၊ AK နဲ့ ကာဘိုင်ရယ်တစ်ခါပေါ့။ ကျပ်သိန်း ၄၀၀ နီးပါးပေါ့” ဟု ထိုအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုဂျပန်ကြီးက ဆိုသည်။
“ကျွန်တော်တို့ဆီမှာ တပ်မဟာ ၆ က ဆင်းလာတဲ့တစ်ယောက်ရှိတယ်။ သူနဲ့ ဆရာတပည့်လို နေလာတဲ့ တစ်ယောက်တဲ့၊ ယုံကြည်ရတယ်ပေါ့။ မှာပေးလို့ရတယ်ပေါ့။ ကျွန်တော်တို့ ပုံမှန် မှာနေကျလမ်းကြောင်းက မမှာဘဲ ကျွန်တော်တို့ဆီက တစ်ယောက်ကို ယုံကြည်ပြီး လုပ်ခိုင်းလိုက်တယ်” ဟု သူက ပြောသည်။
ငွေလွှဲပြီး ၂ လခန့်အကြာတွင် ကြန့်ကြာနေ၍ မေးမြန်းကြည့်ရာ သေနတ်ပို့ဆောင်ရာ၌ ဖားအံမြို့အနီး ဖမ်းဆီးခံရသည်ဟု ထိုသူက အကြောင်းပြခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“မှာပြီး တစ်လခွဲကျော် နှစ်လနီးပါးလောက်မှာ သူက လမ်းကြောင်းမကောင်းဘူးတွေ စပြောတာပေါ့။ အဖမ်းခံရတယ်ပေါ့။ သေနတ် ၂ လက် ပါသွားတယ်ပေါ့။ သူနဲ့ချိတ်ဆက်မိသူလည်း ထောင်ကျသွားတယ်ပေါ့”
“သွားစုံစမ်းတော့လည်း အဲဒီလို ထောင်ကျနေတာ မရှိဘူး။ သူ့ဘက်က အဲလိုအခြေအနေ မထူးတာနဲ့ ကျွန်တော်တို့ဘက်က ကြေညာချက် ထုတ်လိုက်တာပဲ” ဟု ကိုဂျပန်ကြီးက ပြောသည်။
ခင်ဦးအခြေစိုက် Khin U-Dynamite Squad သည် NUG နှင့် ပူးပေါင်းဆောင်ရွက်နေသော အဖွဲ့ဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်တွင် ထိုသူ၏ Facebook အကောင့်အမည်၊ ဓာတ်ပုံနှင့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
မင်းထက်အောင်ဆိုသူက လိမ်လည်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
ထိုသူမှာ PDF ဟုတ်မဟုတ် Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ထံ ဆက်သွယ်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်နယ်မြေနှင့် အလှမ်းဝေးသော စစ်ကိုင်းတိုင်းတွင် အဆိုပါကိစ္စများ ဖြစ်ပွားလေ့ရှိပြီး ဒေသခံကာကွယ်ရေးအဖွဲ့များ မကြာခဏဆိုသလို ဖမ်းဆီးခံရမှုများ၊ လိမ်လည်ခံရမှုများ ရင်ဆိုင်နေရသည်။
လိမ်လည်သွားသည့်ငွေများမှာ ကာကွယ်ရေးအဖွဲ့ဝင်များ စုဆောင်းထားသောငွေများ၊ ပြည်သူ့ထည့်ဝင်ငွေများ ဖြစ်၍ ထိုသူများကို ပြည်သူ့သစ္စာဖောက်များအဖြစ် သတ်မှတ်ထားကြောင်း အထက်ပါ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောသည်။
“ခင်ဦးဘက်မှာတော့ ကျွန်တော်တို့က ပထမဦးဆုံးပေါ့။ ကျွန်တော်တို့က ဒီမှာရှိတဲ့ လယ်ကလေး၊ မြေကလေးတွေ၊ အိမ်ကလေးတွေ ရောင်းပြီးမှ ဝယ်တာပေါ့။ ကျွန်တော်တို့အဖွဲ့ကတော့ ၂၀၀ ပေါ့။ ကျန်တဲ့အဖွဲ့ကတော့ ၁၉၀ ကျော်ကျော်လောက် ပါတာပေါ့” ဟု ကိုဂျပန်ကြီးက ဆိုသည်။
NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထိုတိုင်ကြားမှုနှင့် ပတ်သက်ပြီး စုံစမ်းနေဆဲဟု ဆိုသည်။
“သူတို့ဘက်ကတော့ သတင်းစိစစ်နေတာပေါ့။ ဖြစ်သွားတဲ့ကိစ္စအပေါ်ကို စုံစမ်းနေတယ်ပေါ့။ ပြီးရင် ကျွန်တော်တို့ကို အကြောင်းပြန်မယ်လို့ ပြောထားတယ်”
စစ်ကိုင်းတိုင်းအခြေစိုက်ကာကွယ်ရေးအဖွဲ့များအနေဖြင့် လက်နက်ဝယ်ယူရာတွင် သတိပြုရန် Khin U-Dynamite Squad အဖွဲ့က တိုက်တွန်းထားသည်။
“ခင်ဦးဘက်ခြမ်းမှာ ကျွန်တော်တို့အဖွဲ့ ဒီလိုမျိုး စပါသွားတဲ့အတွက် တခြားအဖွဲ့တွေလည်း ဒီလိုမျိုး မဖြစ်စေချင်ဘူးပေါ့။ တကယ်ယုံကြည်ရပြီး အချိတ်အဆက်ကောင်းမှပဲ ဝယ်စေချင်တာပေါ့။ NUG,MOD ချိတ်ဆက်မှု မပါဘဲနဲ့ အရောင်းအဝယ် မလုပ်ဖို့ သတိပြုစေချင်တယ်” ဟု သူက ဆိုသည်။
တိုက်ပွဲများဆက်တိုက်ဖြစ်နေ၍ လက်နက်၊ ခဲယမ်း လိုအပ်ချက်မြင့်မားသည့် ဒေသများကို မသမာသည့် လက်နက်ပွဲစားတို့က ပစ်မှတ်ထား၍ လိမ်လည်နေသည်ဟုလည်း တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူနှင့် အလှူရှင်အချို့က ဇူလိုင်လအတွင်း Myanmar Now ကို ပြောထားသည်။
အထူးသဖြင့် စစ်ကိုင်းတိုင်းသည် ယခုလပိုင်းအတွင်း လေကြောင်းမှ အပြင်းအထန် ထိုးစစ်ဆင်ခံနေရပြီး ယင်းမာပင်၊ ဝက်လက်၊ မြောင်မြို့နယ်များအတွင်း ဆက်တိုက်စစ်ကြောင်းထိုးနေကာ ခင်ဦးမြို့နယ်တွင်မူ စစ်ကြောင်းလှုပ်ရှားမှု ငြိမ်နေသည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)