သတင်း

နိုင်ငံတစ်ဝန်းရှိ ထောင်များ ရက်အကန့်အသတ်မရှိ ထောင်ဝင်စာပိတ်ခံရ

အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုနှင့် နောက်ဆက်တွဲပစ်ခတ်မှုများကြောင့် လူ ၈ ဦးသေဆုံးပြီးနောက် စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် ထောင်ဝင်စာပို့ခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များထံမှ သိရသည်။

ရန်ကုန်ရှိ အင်းစိန်ထောင်အပါအဝင် မန္တလေးအိုးဘိုထောင်၊ ပုသိမ်ထောင်၊ ပခုက္ကူထောင်၊ မြင်းခြံထောင်၊ မုံရွာထောင်၊ မကွေးထောင်၊ သာယာဝတီထောင်နှင့် ကျိုက်မရောထောင်စသည့် အကျဉ်းထောင်များတွင် ထောင်ဝင်စာပို့နေသူများကို Myanmar Now က ဆက်သွယ်မေးမြန်းရာ ယမန်နေ့ (အောက်တိုဘာ ၁၉) ညနေပိုင်းမှစ၍ ထောင်ဝင်စာ ပါဆယ်ပို့ခွင့်မရတော့ဟု အတည်ပြုကြသည်။

“ရက်အကန့်အသတ်မရှိ ပိတ်တယ်လို့ပဲပြောတယ်။ ဘာလို့လဲမေးတော့ သူတို့လည်း မသိရဘူး ပိတ်တယ်ဆိုတာပဲ ထောင်ပိုင်က ပြောတယ်တဲ့” ဟု ယမန်နေ့တွင် မြင်းခြံထောင်သို့ ထောင်ဝင်စာသွားပို့ခဲ့သည့် အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းမှာ ပုဒ်မ ၅၀၅ ဖြင့် ထောင်ကျနေသည့် မိတ်ဆွေ ၂ ဦးအတွက် ပုံမှန် ထောင်ဝင်စာသွားပို့ပေးနေသူဖြစ်ပြီး အကျဉ်းထောင်ဝန်ထမ်းက အထက်ပါအတိုင်း အသိပေးသည်ဟု ဆိုသည်။

ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်တွင် ယမန်နေ့ နံနက် ၁၀ နာရီမှစ၍ စစ်ကားနှစ်စီးရောက်လာပြီး ထောင်ဝင်စာ ရက်အကန့်အသတ်မရှိ ပိတ်ကြောင်း စာလာကပ်သည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက ပြောသည်။

“စစ်ကား ၂ စီးရောက်လာပြီး ထောင်ဝင်စာပို့ခွင့် ပိတ်တယ်။ စာလာကပ်သွားတယ်ပေါ့။ ထောင်ဝင်စာ ရက်အကန့်အသတ်မရှိ ပိတ်တယ်ဆိုပြီးတော့ ပါတယ်” ဟု ထောင်တွင်းသတင်းရင်းမြစ်များကို ကိုးကား၍ သူက ပြောသည်။

သူ၏မိသားစုဝင်သည် အကြမ်းဖက်ပုဒ်မများဖြင့် အမှုရင်ဆိုင်နေရပြီး ယခင်က ပုသိမ်ထောင်တွင် တစ်ပတ်လျှင် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးတို့တွင် ထောင်ဝင်စာ ခေါ် ပစ္စည်းပေးပို့ခွင့် ပြုထားသည်။

ရွှေဘိုထောင် အဓိကဝင်ပေါက်တွင် အခြေအနေစောင့်ကြည့်နေသော အကျဉ်းထောင်ဝန်ထမ်းတစ်ဦးအား ၂၀၁၉ မေလဆန်းက တွေ့ရစဉ်။ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကျဉ်းသားအခွင့်အရေးမရသည့် အကျဉ်းထောင်များသို့ ICRC က ဝင်ရောက် ထိန်းသိမ်းခွင့်ကိုလည်း စစ်ကောင်စီက ကန့်သတ်ထားသည်။

အင်းစိန်ထောင်ပေါက်ကွဲမှုဖြစ်စဉ်အပြီးတွင် ထောင်ဝင်စာပို့ခွင့် ပိတ်ခံရမှုတစ်ခုတည်းမဟုတ်ဘဲ အကျဉ်းထောင်အတွင်း ဖိနှိပ်ခံရနိုင်ခြေကိုလည်း နိုင်ကျဉ်းမိသားစုဝင်များက စိတ်ပူပန်နေကြသည်။

“ဖိနှိပ်ခံရရင် အပြင်ကလူတွေနဲ့ ဆက်သွယ်လို့မရတဲ့ အခြေအနေဖြစ်နေတယ် ဘာမှမသိလိုက်ရဘဲ တစ်ခုခုဖြစ်သွားမှာ စိတ်ပူနေရတယ်” ဟု နိုင်ငံရေးအမှု ၅ မှုဖြင့် ပြစ်ဒဏ်ချခံထားရသည့် ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦး၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

ပုံမှန်အခြေအနေမှာပင် ထောင်ဝင်စာပါဆယ်ထုပ်များကို အကျဉ်းထောင်ဝန်ထမ်းများက တင်းကျပ်စွာ စစ်ဆေးလွန်းသည်ဖြစ်ရာ ထောင်ဝင်စာပို့ရ ခက်ခဲသည်။ အစားအသောက်ပို့ဆောင်သည့်နေရာတွင် ဟင်းသီးဟင်းရွက်နှင့် ချက်ထားသည့်ဟင်းများကို လက်မခံဘဲ ကြော်ထားသည့်ဟင်းများကိုသာ ပို့ခွင့်ရပြီး ဆေးဝါးပို့ဆောင်ရာတွင် ဆရာဝန်ထောက်ခံစာအပါအဝင် တင်းကျပ်သော စည်းကမ်းချက်များဖြင့် ပို့ဆောင်ပေးနေရသည်။

ထောင်ဝင်စာပို့ခွင့်ပိတ်လိုက်သော်လည်း ငွေသား ဆက်လက် လက်ခံမည်ဟု သိရသည်။ 

အကျဉ်းထောင်များအတွင်း ကျွေးသောအစားအစာများမှာ ညံ့ဖျင်းဆိုးရွားလွန်းသောကြောင့် အကျဉ်းသားများသည် ပြင်ပမှပေးပို့သည့်အစားအစာကိုသာ အားထားနေရပြီး ထောင်ဝင်စာ မရပါက အကျဉ်းထောင်အတွင်း ဖွင့်ထားသော ဈေးဘားခေါ် ဈေးဆိုင်များမှ ဈေးကြီးပေး၍ ဝယ်ယူစားသောက်ကြရသည်။

“ဝန်ထမ်းတွေဆီကပဲ ဝယ်စားရတော့မဲ့ပုံပဲ အရင်ထက် ပိုကုန်တော့မှာပေါ့ အပြင်မှာ တစ်ထောင်တန်က ထောင်ထဲမှာ နှစ်ထောင်လေ” ဟု မြင်းခြံထောင်တွင် ထောင်ဝင်စာပုံမှန်ပို့နေသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထောင်ဝင်စာပို့ခွင့် ပိတ်လိုက်၍ အကျဉ်းကျသူများနှင့် ၎င်းတို့၏မိသားစုဝင်တို့ ဆက်သွယ်နိုင်မည့်အခွင့်အရေးလည်း ဆုံးရှုံးမည်ဖြစ်သည်။ အကျဉ်းထောင်များတွင် ထောင်အာဏာပိုင်တို့၏ ဖိနှိပ်အကြမ်းဖက်မှုများကို ပုံမှန်ရုံးထုတ်စစ်ဆေးရက်နှင့် ထောင်ဝင်စာပေးပို့သည့်ရက်ရောက်မှသာ မိသားစုများက သိရှိနိုင်သည်။

အကျဉ်းထောင်များအတွင်း လူတွေ့ထောင်ဝင်စာ တွေ့ခွင့်ကိုလည်း ကိုဗစ်အကြောင်းပြ၍ စစ်ကောင်စီက ဆက်လက်ပိတ်ပင်ထားသည်။ အဆိုပါ အခြေအနေတွင် ပစ္စည်းပေးပို့သည့် ထောင်ဝင်စာကို လက်မခံတော့ခြင်းကြောင့် အကျဉ်းသားများ ပိုမိုခက်ခဲလာနိုင်သည်။

အင်းစိန်ထောင်တွင်းမြင်ကွင်းတစ်ခုကို တွေ့ရစဉ်။ ထောင်ဝင်စာပို့ခွင့် ပိတ်လိုက်၍ အကျဉ်းကျသူများနှင့် ၎င်းတို့၏မိသားစုဝင်တို့ ဆက်သွယ်နိုင်မည့်အခွင့်အရေးလည်း ဆုံးရှုံးမည်ဖြစ်သည်။

အစားအစာကျွေးမွေးမှု ဆိုးရွားလွန်းခြင်း၊ သောက်ရေ မသန့်ရှင်းခြင်း၊ သုံးရေမလုံလောက်ခြင်း၊ ထောင်အကျယ်အဝန်းနှင့် အကျဉ်းသားအရေအတွက် မမျှတခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်း၊ မပေးခြင်း၊ ထောင်အာဏာပိုင်တို့ လူ့အခွင့်အရေးချိုးဖောက်ခြင်း စသည့်အချက်များဖြင့် အကျဉ်းထောင်များသည် စစ်အာဏာရှင်အဆက်ဆက် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

ထိုအခြေအနေများထိန်းသိမ်းနိုင်ရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က အကျဉ်းထောင်များသို့ ဝင်ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီက ခွင့်မပြုကြောင်း အဆိုပါကော်မတီက ယခုနှစ် ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည်။

အင်းစိန်ထောင်တွင်း ဗုံးပေါက်ကွဲမှုနှင့် နောက်ဆက်တွဲပစ်ခတ်မှုများကြောင့် အကျဉ်းဦးစီးဝန်ထမ်း ၃ ဦး၊ အရပ်သား ၅ ဦး သေဆုံးကာ ၁၃ ဦးထက်မနည်း ဒဏ်ရာရသွားသည်။ အရပ်သား ၅ ဦးတွင် ထောင်ဝင်စာပို့နေသော နိုင်ငံရေးအကျဉ်းသားများ၏ မိခင်များနှင့် မိသားစုဝင်များလည်း ပါဝင်ခဲ့သည်။ 

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် စစ်ကောင်စီကို ဆန့်ကျင်သူ နိုင်ငံရေးအကျဉ်းသားများ ဆိုးရွားစွာ ရိုက်နှိက်နှိပ်စက်ခံရမှုများ၊ ဖိနှိပ်ခံနေရမှုများရှိနေပြီး မည်သည့်နိုင်ငံတကာအဖွဲ့အစည်းမျှ အကူညီတောင်းမရသည့် အခြေအနေပေါ်ပေါက်နေသည်။ 

ထို့အပြင် စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လဆန်းမှစ၍ အင်းစိန်အကျဉ်းထောင် အပါအဝင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းရွှေ့ခဲ့သည်။

နိုင်ငံအဝန်း အကျဉ်းထောင်နှင့် အကျဉ်းစခန်း ၉၀ ကျော်ရှိရာ ထိုအကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၁၂,၇၀၀ ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့တွင် ထုတ်ပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button