ဆောင်းပါး

ဖရိုဖရဲတပ်အခြေအနေကို သက်သေခံသည့် ဗိုလ်ချုပ်မှူးကြီး၏ လျှို့ဝှက်ညွှန်ကြားချက် 

နိုင်ငံအနှံ့အပြား အချိန်တိုအတွင်း ပေါ်လာသည့် လက်လုပ်သေနတ်ကိုင် အဖွဲ့များကို  ရင်ဆိုင်တိုက်ခိုက်မှု  တစ်နှစ်ကျော်လာချိန်တွင် နှစ် ၇၀ ကျော် သက်တမ်းရှိသည့် စစ်တပ်၏ အရည်အချင်း အံ့သြဖွယ် ပျက်ယွင်းနေမှုမှာ ဖုံးမနိုင်ဖိမရ ဖြစ်လာသည်။

ဤအခြေအနေတွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ပြောကြားချက်များ ပါဝင်သော တပ်တွင်းလျှို့ဝှက်စာ ပြင်ပသို့ ပေါက်ကြားလာရာ တပ်နေရာချထားမှု မမှန်ကန်ခြင်း၊ ချီတက်ရှင်းလင်းမှု မမှန်ကန်ခြင်း၊  တပ်တည်နေရာများကို လိမ်လည်တင်ထားခြင်း၊ စစ်နည်းဗျူဟာနှင့် ပစ်ခတ်မှုစနစ်များ အားနည်းနေခြင်းတို့နှင့် ပတ်သက်ပြီး စစ်အရာရှိများကို ပြစ်တင်ထားမှုများ ထိုစာတွင် ပါဝင်နေသည်။ 

ဇွန် ၂၀ -၂၄ ပထမလေးလပတ် တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းအစည်းအဝေးမှ စစ်ခေါင်းဆောင်၏ အဖွင့်မိန့်ခွန်းကို တပ်စခန်းအသီးသီးသို့ ပြန်လည် ဖြန့်ဝေရာမှ ပေါက်ကြားလာသော ထိုစာတွင် ဦးဆောင်မှုနှင့် တိုက်ရည်ခိုက်ရည် ညံ့ဖျင်းပြီး စစ်လက်နက်ပစ္စည်းများ ခိုးယူရောင်းချနေပုံတို့ကို စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုထားသည်။  

“ဆုံးရှုံးမှု များပြားလာသည်ကို တွေ့ရကြောင်း၊ လုပ်ရဲကိုင်ရဲသည့်သတ္တိ မရှိဘဲ ကြောက်ရွံ့ကာ အမိန့်နာခံမှုမရှိသည့် ဖြစ်စဉ်များ တွေ့နေရကြောင်း” စစ်ခေါင်းဆောင်က နေပြည်တော်အစည်းအဝေးတွင် ပြောကြားသည်ဟု ထိပ်တန်းလျှို့ဝှက်ဟု အမှတ်အသားပြုထားသည့်၊ ၄ မျက်နှာပါဝင်သည့် ထိုစာတွင် ဖော်ပြထားသည်။

ထိုမိန့်ခွန်းအရဆိုလျှင် တပ်တွင်း ပြိုကွဲ၊ ပျက်စီးနေမှုကို ဝန်ခံလိုက်ခြင်းဖြစ်ကြောင်း၊ အာဏာသိမ်းစစ်တပ်၏နေဝင်ချိန် ပိုမိုနီးကပ်လာပုံကို ပြသနေခြင်း ဖြစ်ကြောင်း အာဏာဖီဆန်လာသူ စစ်တပ်အရာရှိများ၊ ခုခံတော်လှန်သူများနှင့် လေ့လာသူများက သုံးသပ်သည်။ 

စစ်သား ချိုင်းထောက်၊ အရာရှိ တိုက်ဆောက် 

စစ်ခေါင်းဆောင်များ နိုင်ငံရေးတွင် ဝင်ရှုပ်ရုံတင်မက နိုင်ငံ့အာဏာကိုပါ အကြိမ်ကြိမ်သိမ်းပိုက်ခဲ့ရာမှ မြန်မာစစ်တပ်သည် လမ်းမှားပေါ်တွင်သာ ဆက်တိုက်တည်ရှိလာသည်။ 

ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်ကြီးများ အကြီးအကျယ် ချမ်းသာကြွယ်ဝလာစဉ် အောက်ခြေ တပ်မတော်သားမိသားစုများမှာ စစ်တန်းလျားရှိ ၁၀ ပေ ပတ်လည်သာသာ လိုင်းခန်းများတွင် နေထိုင်ကြရခြင်းမှာ စစ်တပ်အတွင်း သိသာထင်ရှားသည့် လူတန်းစားကွာဟချက် သာဓကတစ်ခု ဖြစ်သည်။

စစ်ခေါင်းဆောင် တပ်ချုပ်တာဝန်ယူထားစဉ်ကာလတွင် တအာင်း/ပလောင် နှင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှစ်အနည်းငယ်အတွင်း ကြီးထွားလာရာ စစ်တပ်၏ထောက်လှမ်းရေး စွမ်းရည်သည်လည်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။ 

ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်အပါအဝင် နေရာ ၅ ခု ၂၀၁၉ သြဂုတ်တွင်  တိုက်ခိုက်ခံခဲ့ရသည်အထိ စစ်တပ်၏ လုံခြုံရေးနှင့် ထောက်လှမ်းရေးအခြေအနေ ဆိုးရွားလာသည်။

တိုက်ရည်ခိုက်ရည် ပျက်ယွင်းနေခဲ့သော်လည်း တပ်မိသားစု သက်သာချောင်ချိရေးအတွက်ဟု ကြွေးကြော်ထားသော တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးများက ပိုမိုကြီးထွား များပြားလာသည်။ ၎င်းတို့တစ်ဦးချင်း၏ မိသားစုစီးပွားရေးလုပ်ငန်းများလည်း အများအပြား ရှိလာနေသည်။

ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ဗိုလ်ချုပ်ကြီးများ အာရုံအထူးစိုက်ခဲ့သည့် ကဏ္ဍမှာလည်း စစ်ရေးမဟုတ်ပေ။ စစ်တပ်စိတ်ကြိုက်ဖန်တီးအတည်ပြုထားသော အခြေခံဥပဒေအရ နိုင်ငံရေးတွင် ဝင်ရှုပ်ခြင်း၊ နိုင်ငံအနှံ့ လွှတ်တော်အသီးသီးတွင် ဝင်ရောက်ဆွေးနွေးခြင်းတို့မှာ ထင်သာမြင်သာသော လှုပ်ရှားမှုများ ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်တွင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၎င်းတို့ စိတ်ကြိုက်ရွေးဆွဲထားသည့် အခြေခံဥပဒေကို အသုံးပြုကာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို ဖော်ဆောင်ခဲ့သည်။ 

၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ရွေးကောက်ပွဲနိုင်ပြီး အစိုးရဖွဲ့နိုင်ခဲ့သည်။ 

အရင်ကတည်းက တပ်ထဲမှာ ပြောနေကြစကားတစ်ခုရှိတယ်။ စစ်တပ်က စနစ်တကျပျက်စီးနေတာတဲ့။ အခုက အဲဒီလိုစနစ်တကျပျက်စီးနေတာကနေ အခုလို တစ်နိုင်ငံလုံးနီးပါး ထကြွတော်လှန်ကြတဲ့အချိန် ရောက်တော့ ပရမ်းပတာ ပျက်စီးလာနေပြီလို့ပဲ မြင်ပါတယ်

၂၀၂၀ တွင် NLD ထပ်မံ အနိုင်ရသော်လည်း စစ်ခေါင်းဆောင်က မဲစာရင်းမှားနေသည်ဟု အကြောင်းပြကာ အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံအနှံ့ တိုက်ပွဲများ ပေါ်ပေါက်လာချိန်တွင် စစ်စွမ်းရည်မပြည့်ဝသည့် စစ်တပ်၏ တပ်တွင်းအကွဲအပြဲများမှာ ပိုမိုထင်ရှားလာခဲ့သည်။ 

ယိုယွင်း စစ်တပ်

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လက်နက်မဲ့ ဆန္ဒပြတောင်းဆိုသူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကို စသည့် ယုတ်မာ၊ ရိုင်းစိုင်းစွာ ကျူးလွန်နေသည့် စစ်တပ်ကို စွန့်ခွာထွက်ပြေးသူ စစ်သားအရေအတွက်မှာ တစ်နေ့တခြား ပိုမိုများပြားလာသည်။

ယခုအခါ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် တပ်မတော်သား ၃၀၀၀ နီးပါးနှင့် ရဲ အင်အား ၆၀၀၀ ကျော်ရှိနေကြောင်း သိရသည်။  ထိုစာရင်းမှာ NUG က အသိအမှတ်ပြုထားသည့် အရေအတွက်သာဖြစ်ကြောင်း၊ NUG နှင့် အဆက်အသွယ်မရှိသည့် ရဲနှင့်စစ်သား အများအပြား ရှိနိုင်ကြောင်း  CDM လှုပ်ရှားမှုတွင် ပါဝင်လာသူ တပ်မတော်သားများထံက သိရသည်။ 

သို့သော်လည်း ပေါက်ကြားလာသည့် စစ်ခေါင်းဆောင်၏ ပြောကြားချက်တွင်မူ  တပ်မတော်သားများ၏ ဖြစ်ရပ်မှန်ကို ဖုန်းကွယ်ထားပြီး တပ်အရာရှိများမှာ ခွင့်မဲ့ပျက်ကွက်နေသည်၊ တပ်စခန်းပြင်ပတွင် သောက်စားပျော်ပါးနေသည်၊ အမိန့်မနာခံဘဲ သွေးကြောင်နေသည်ဟု ပြစ်တင်ပြောဆိုထားသည်။ 

စစ်ခေါင်းဆောင်၏ ပြောဆိုချက်များမှာ အဓမ္မစစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများကို ဖုံးကွယ်ထားပြီး အောက်ခြေအရာရှိများ၏ ကွပ်ကဲမှုအားနည်းချက်များကို အပြစ်ဖို့ဝေဖန်ထားခြင်းသာ ဖြစ်ပြီး တပ်တွင်း အက်ကွဲကြောင်းကို ပိုမိုထင်ရှားစေသည်ဟု CDM အရာရှိ တစ်ဦးက ပြောသည်။ 

“အထက်က လိုလားချက်တွေက အရမ်းများတယ်။ ဝန်နဲ့အားနဲ့ မမျှဘူးပေါ့။ ပြည်သူထောက်ခံမှုကလည်း မရှိတဲ့အခါကျတော့ စိတ်ဓာတ်ကလည်း ကျဆင်းလာတယ်။ စိတ်ဓာတ်မရှိရင် စစ်တိုက်လို့မရဘူး။ ကိုယ့်အထက်လူကြီးတွေအပေါ်မှာ ယုံကြည်အားကိုးမှုမရှိတော့ရင် စစ်မတိုက်ချင်ကြတော့ဘူး” ဟု အမည်မဖော်လိုသည့်  ထိုစစ်အရာရှိက ပြောသည်။ 

စစ်သည်အင်အား ၅၀ ရှိရမည့် ရှေ့တန်းစခန်းတစ်ခုကို စစ်သည်အင်အား ၂၀ သာ ချထားနိုင်ရာ စစ်သည်များ ဝန်ထုပ်ထုပ်ဝန်ပိုး ကြီးမားလာသဖြင့် တပ်ပြေး အများအပြား ပေါ်ပေါက်လာနေသည်ဟု ၎င်းက ရှင်းပြသည်။ 

“အရင်ကတည်းက တပ်ထဲမှာ ပြောနေကြစကားတစ်ခုရှိတယ်။ စစ်တပ်က စနစ်တကျပျက်စီးနေတာတဲ့။ အခုက အဲဒီလိုစနစ်တကျပျက်စီးနေတာကနေ အခုလို တစ်နိုင်ငံလုံးနီးပါး ထကြွတော်လှန်ကြတဲ့အချိန် ရောက်တော့ ပရမ်းပတာ ပျက်စီးလာနေပြီလို့ပဲ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။ 

လာမယ့်နှစ်က အင်မတန် အရေးကြီးတယ်။ အစွမ်းကုန် လက်တွဲပြီး အလုပ်လုပ်ခြင်းဖြင့် အဆုံးသတ်ပန်းတိုင်ကို ရယူသွားမယ်။ စစ်ရေးမဟာဗျူဟာကို ပြင်ဆင်ရေးဆွဲနေတယ်လို့ အသိပေးတင်ပြချင်ပါတယ်

ထိုအခြေအနေတွင် တပ်မှုးများက စစ်သည်အင်အားပြုန်းတီးမှုသတင်းကို ထိန်ချန်ထားပြီး  စစ်ထွက်စာရင်း လိမ်လည်တင်ပြထားသည့် ဖြစ်ရပ်မျိုး ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။ 

တော်လှန်စစ် အရှိန်အဟုန် 

စစ်ခေါင်းဆောင် စီမံခန့်ခွဲ့သည့် စစ်တပ် အဘက်ဘက်က ယိုယွင်းပျက်စီးနေချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များမှာ  ဒေသအသီးသီးတွင် အရှိန်အဟုန်ကြီးထွားစွာ ဖွံ့ဖြိုး အားကောင်းလာပြီး PDF တပ်ရင်းပေါင်း ၃၀၀ ကျော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ၂၅၀ ကျော် ဖွဲ့စည်းနိုင်ခဲ့သည်။ 

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တစ်ရပ်အဖြစ် ရည်ရွယ်ထားသည့် PDF တွင် တပ်ဖွဲ့ဝင် ၇၀,၀၀၀ ကျော် ရှိနေပြီဖြစ်ပြီး၊ မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် ပ.က.ဖ နှင့် ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ(LDF) များမှာ ၁၅၀,၀၀၀ နီးပါး ရှိနေပြီဖြစ်သည်။ 

ထိုတပ်ဖွဲ့များကို တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့များနှင့်ပူးပေါင်းကာ လေ့ကျင့်မှု၊  စုဖွဲ့မှု၊  ကွပ်ကဲမှု၊  လက်နက်တပ်ဆင်မှု၊  ဖြန့်ကျက်မှု ဟူသည့် အချက် ၅ ချက်ကို အဆင့်လိုက်ဆောင်ရွက်နေကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က Myanmar Now ကို ပြောသည်။ 

“PDF အင်အားရော မဟာမိတ်အင်အားရောက အင်မတန်ခိုင်မာတဲ့ အင်အားကို ရရှိနေပြီ။ PDF က ဒီနေ့ အချိန်မှာ စစ်ကောင်စီ ဘယ်လိုမှ မချေမှုန်းနိုင်တဲ့ အင်အားဖြစ်နေပြီ။ ဒီတော်လှန်ရေးက သေချာပေါက် အောင်မြင်မှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။ 

“လာမယ့်နှစ်က အင်မတန်အရေးကြီးတယ်။ အစွမ်းကုန် လက်တွဲပြီး အလုပ်လုပ်ခြင်းဖြင့် အဆုံးသတ်ပန်းတိုင်ကို ရယူသွားမယ်။ စစ်ရေး မဟာဗျူဟာကို ပြင်ဆင်ရေး ဆွဲနေတယ်လို့ အသိပေးတင်ပြချင်ပါတယ်”

စစ်ကောင်စီကို ရင်ဆိုင်တိုက်ပွဲဝင်နိုင်သည့် ရေခံမြေခံအားလုံးရှိနေသည်၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ၎င်းက ဆက်ပြောသည်။ 

နိုင်ငံမြောက်ပိုင်းကို အမှတ် ၁ စစ်ဒေသ၊ အလယ်ပိုင်းကို အမှတ် ၃ စစ်ဒေသ၊ တောင်ပိုင်းကို အမှတ် ၂ စစ်ဒေသဟု သတ်မှတ်ကာ ခုခံနေရာမှ ယခုနှစ်အတွင်း တော်လှန်စစ်ဆင်နွဲနိုင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော်က သြဂုတ် ၃၁ တွင် သတင်းထုတ်ပြန်သည်

“PDF ဆိုတာက စစ်ကောင်စီတပ်နဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ကျင့်ဝတ် အကုန်လုံး ခြားနားတဲ့ တပ်မတော်တစ်ခုဖြစ်ပါတယ်။ PDF ဆိုတာက ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်။ PDF များရဲ့ စိတ်ဓာတ်အင်အားကတော့ ပြောစရာမလိုပါဘူး။ အသက်တွေ၊  ဘဝတွေ ပေးဆပ်ပြီးသားဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နေပြည်တော်သို့ “ငြိမ်းချမ်းရေး”ဆွေးနွေးရန် ဖိတ်ခေါ်သည့်နည်းဖြင့် တိုက်ပွဲဖြစ်ပွားမှု လျှော့ချနေသည်။ ထိုဆွေးနွေးပွဲများတွင် ထိုအဖွဲ့များ PDF နှင့် နီးစပ်မှု မရှိစေရန် စည်းရုံးဖွယ်ရှိသည်ဟု လေ့လာသူတို့က ဆိုသည်။

တပ်တွင်း ဖရိုဖရဲဖြစ်နေသည်၊ ပြုန်းတီးမှုများလာသည်ဟူသောသတင်းများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက်တွင် အောက်ခြေစစ်သည် အရာရှိများနှင့်အတူ စစ်တိုင်းမှူး ထမင်းအတူစားပုံများကို စစ်တပ် ရုပ်သံထုတ်လွှင့်ချက်များတွင် ဆက်တိုက် တွေ့လာရသည်။

ကျွန်တော်တို့မှာ သေချာ ကိန်းဂဏန်းနဲ့ မပြောနိုင်ပေမယ့် ရာခိုင်နှုန်းအားဖြင့်တော့ ၅၀ ကျော် ၆၀ ကျော်လောက်တော့ ကျွန်တော်တို့ PDF တွေက စိုးမိုးထားပြီးဖြစ်တယ်လို့ ပြောကြားလိုပါတယ်။ ဒေသန္တရ အုပ်ချုပ်ရေးတွေ ရေးဆွဲပြီးတော့ လူထုကိုယ်တိုင် ဦးဆောင်နေတာတွေလည်းရှိနေပါပြီ

တပ်သားလိုအပ်ချက် ကြီးမားလာချိန်တွင် စစ်သားတို့၏ အိမ်ထောင်ဘက်များကို နောက်တန်းတွင် ကင်းစောင့်တာဝန် ပေးထားသလို အရပ်သားတချို့ကိုလည်း မက်လုံးပေးပြီး ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းစေကာ လက်နက်အသင့်အတင့် ပေးထားသည်။

စစ်မီးလျှံထဲက မြန်မာပြည်

အာဏာသိမ်း စစ်ကောင်စီတပ်သည် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် စစ်ကိုင်း၊ မကွေး၊  ချင်းနှင့် ကရင်နီ ဒေသများတွင် နယ်မြေတော်တော်များများကို စွန့်လွှတ်ထားရပြီး စစ်ဆင်ရေးများတွင် လေကြောင်းဖြင့်သာ အသုံးပြု စစ်ဆင်နိုင်တော့သည်။ 

နိုင်ငံ၏ နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်သည့် NUG ကို တရားဝင်အစိုးအဖြစ် အသိအမှတ်ပြုရန် ကုလ အရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသည့် အထူးအကြံပေးကောင်စီကလည်း ယခုလဆန်းပိုင်းက နိုင်ငံတကာကို တိုက်တွန်းထားသည်။ 

NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ဖော်ပြနိုင်ရန် နယ်မြေစိုးမိုးမှုမှာ အလွန်အရေးကြီးပြီး နယ်မြေပမာဏများစွာ စိုးမိုးထားနိုင်ပြီဖြစ်သည်ဟု Myanmar Now နှင့် တွေ့ဆုံရာတွင် ထုတ်ဖော်ပြောဆိုထားသည်။ 

“ကျွန်တော်တို့မှာ သေချာ ကိန်းဂဏန်းနဲ့ မပြောနိုင်ပေမယ့် ရာခိုင်နှုန်းအားဖြင့်တော့ ၅၀ ကျော် ၆၀ ကျော်လောက်တော့ ကျွန်တော်တို့ PDF တွေက စိုးမိုးထားပြီးဖြစ်တယ်လို့ ပြောကြားလိုပါတယ်။ ဒေသန္တရ အုပ်ချုပ်ရေးတွေ ရေးဆွဲပြီးတော့ လူထုကိုယ်တိုင် ဦးဆောင်နေတာတွေလည်းရှိနေပါပြီ”   ဟု ၎င်းက ပြောသည်။ 

ပြောက်ကျားတိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီဘက်တွင် စခန်းဆုတ်ခွာရမှု၊  ထိခိုက်သေဆုံးမှု တစ်နေ့တခြား မြင့်တက်နေသည်ကို နေ့စဉ်သတင်းများတွင် တွေ့မြင်နိုင်သည်။ 

NUG က ပြည်သူ့ခုခံစစ် D-Day ကြေညာသည့် ၂၀၂၁ စက်တင်ဘာ ၇ မှ စတင်ပြီး တစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ သောင်း ၅ ထောင်ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၈ ထောင်ကျော်ထိ ရှိနေသည်ဟု NUG က ထုတ်ပြန်ထားသည်။ 

PDF တပ်ဖွဲ့များတွင်မူ   တိုက်ပွဲဝင်မောင်းပြန်သေနတ်များ တဖြည်းဖြည်း ပိုင်ဆိုင်လာနေကြပြီး တိုက်ပွဲတွင် သေဆုံး၊ ဒဏ်ရာရမှုများ ရှိလာသည်။ သို့သော်လည်း  လက်နက်ကိုင်ခွင့် ရရှိရေး၊  ရှေ့တန်းသို့ လိုက်ပါခွင့်ရနိုင်ရေးအတွက် စိတ်မရှည်နိုင်ဖြစ်နေသည့် PDF လူငယ်များစွာ ရှိနေသည်။ 

PDF စုဖွဲ့မှုမှာ တစ်နှစ်အတွင်း အရှိန်အဟုန်ဖြင့် ကြီးထွားနေပြီး ဖက်ဒရယ် တပ်မတော် တစ်ခု တည်ထောင်ရန် အခြေခံကောင်းများကို မြင်တွေ့နေရသည်ဟု  စစ်ရေးနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ 

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးလိုက်သည့် နေအိမ်များမှ အကြွင်းအကျန်များကို ကိုင်ဆောင်ကာ ဆန္ဒပြနေသော စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ဒေသခံများ (ဓာတ်ပုံ – ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

“အခုသွားရမယ့် ရည်မှန်းချက်ဟာ အပြန်အလှန်ထိုးစစ်ဆင်ပြီးတော့ ရန်သူ့ ရဲ့ စခန်းကုန်းတွေကို ဖျက်သိမ်းပစ်ဖို့၊ ကိုယ့်တပ်တွေ အင်အားကြီးထွားလာပြီးတော့ ရန်သူ့တပ် အင်အားချိနဲ့အားနည်းသွားဖို့၊  မိမိဘက်ကို ကူးပြောင်းလာဖို့ ဆိုတဲ့ အနေအထား စစ်ရေးအခြေအနေတစ်ခုကို ဦးတည်ရမယ်လို့ ထင်ပါတယ်” ဟု ၎င်းက သုံးသပ်သည်။  

ကြွားလို့ ပြောတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ လွိုင်ကော်ကို အချိန်မရွေးသိမ်းလို့ရတယ်။ မသိမ်းချင်လို့ ကျွန်တော်တို့ လွှတ်ထားတဲ့ အနေအထားမှာပဲ ရှိတယ်

“ဝိုင်းပတ်ထားတဲ့ အနေအထားကို ပထမဆုံးရယူရမယ်။ ဝိုင်းပတ်ထားတဲ့ အနေအထားကနေပြီးတော့ ဝိုင်းပတ်ထားတဲ့ နယ်မြေ အတိုင်းအတာဟာ ကြီးမားကျယ်ပြန့်လာပြီဆိုရင် အဲဒီကနေမှ ပြန်လှန် ထိုးစစ်အဖြစ် စစ်တပ်ရဲ့ စခန်းကုန်းတွေသိမ်းရမယ်။ လက်နက်တွေရယူရမယ်။ အဲဒီဘက်က ကူးပြောင်းမှုတွေကို ရယူရမှာ ဖြစ်ပါတယ်”  

တပ်ပျက်မှု အခြေအနေ

စစ်ကောင်စီတပ်သည် ၎င်းတို့ ရုံးစိုက်ရာ နေပြည်တော်နှင့် အနီးဆုံးတွင်ရှိသည့် ဒေသများကိုပင် ထိန်းချုပ်နိုင်ရန် ခက်ခဲနေသည်။ 

နေပြည်တော်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နေထိုင်ရာ နေအိမ်နှင့် မိုင် ၇၀ သာ ဝေးကွာသည့် ကရင်နီ (ကယား) ဒေသတွင်လည်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေရာ စစ်ကောင်စီဘက်က အထိနာနေပြီး မဟာမိတ် တပ်ဖွဲ့များက မကြာခဏဆိုသလို အောင်ပွဲခံနေသည်။ 

နေပြည်တော် ဝင်ပေါက် ဖယ်ခုံနှင့် မိုးဗြဲဒေသတွင် စက်တင်ဘာ ၈ က အစပြုပြီး  တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားရာ စစ်ကောင်စီဘက်တွင်  လေကြောင်းတိုက်ခိုက်မှု၊  လက်နက်ကြီးပစ်ခတ်မှု စသည့် အားသာချက်များ ရှိလင့်ကစား  တပ်စခန်း ၁၃ ခုထက်မနည်း လက်လွှတ်ထားရပြီး စစ်တပ်ဘက်က ၆၀ နီးပါး သေဆုံးခဲ့သည်ဟု ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ထံက သိရသည်။ 

ကရင်နီ (ကယား) ဒေသတွင် ဖြစ်ပွားနေသည် စစ်ပွားများမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာခြင်းမျိုး မဟုတ်ဘဲ စစ်ကောင်စီတပ်စခန်းများကို မဟာမိတ်တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက် သိမ်းပိုက်နေခြင်း ဖြစ်သည်ဟု KNDF အတွင်းရေးမှူး၊  ပြန်ကြားရေး တာဝန်ခံ ခူးရီဒူးက Myanmar Now ကို ပြောသည်။ 

ခု အနေအထားက တပ်ပျက်တာထက် ပိုဆိုးတဲ့ အနေအထားကို ရောက်နေပါပြီ။ မင်းအောင်လှိုင်အတွက် ခြေမိကိုင်မိ၊  လက်မကိုင်မိ အနေအထားမျိုးပါပဲ။ ဒါက ဒီတော်လှန်ရေးကာလအတွင်းမှာတင် ဖြစ်ပျက်လာတဲ့ ကျွန်တော်တို့ တွန်းအားတွေရဲ့ အရွေ့ပေါ့

“စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ သူတို့ အများစုက စိတ်ဓာတ်တွေကျနေတယ်။ ကျွန်တော်တို့ ကရင်နီပြည်နယ်မှာ က ဘယ်တပ်မပဲလာလာ ကျွန်တော်တို့ဘက်က အနိုင်ရနေတယ်။ သေကြေပျက်စီးတာတွေကတော့ သူတို့ဘက်က ပိုများတာပေါ့။ နောက်တစ်ခုက ရိက္ခာပိုင်းဆိုင်ရမှာလည်း ပြသနာရှိနေတယ်” ဟု ၎င်းက ဆိုသည်။ 

“ကြွားလို့ ပြောတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ လွိုင်ကော်ကို အချိန်မရွေးသိမ်းလို့ရတယ်။ မသိမ်းချင်လို့ ကျွန်တော်တို့ လွှတ်ထားတဲ့ အနေအထားမှာပဲ ရှိတယ်။ ကျွန်တော်တို့ ဒီနေရာကို သိမ်းလိုက်မယ်ဆိုရင် နိုင်ငံရေးအရ ဘာအကျိုးအမြတ်ရှိမလဲ၊  စစ်ရေးအရ ဘာအကျိုးအမြတ်ရှိမလဲ။ သေသေချာချာလေး တွက်ချက်ပြီးမှ လုပ်ကြတာပေါ့” 

တိုက်ရည်၊  ခိုက်ရည် အလွန်ညံ့ဖျင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးနေပြီး စစ်နည်းဗျူဟာမသိ၊ မဲမဲမြင်ရာ ပစ်ခတ်သည့်နည်းဖြင့် ကျည်ဆန်ဖြုန်းတီးနေသည်ဟု ၎င်း၏ ရှေ့တန်း အတွေ့အကြုံကို ရှင်းပြသည်။  

အာဏာသိမ်းမှု ၁၉ လ ပြည့်လာသော်လည်း စစ်သည်များ အနားမရသေးခြင်း၊ ဒေသတချို့တွင် တပ်စခန်းအပြင်ဘက်ထွက်သည်နှင့် တိုက်ပွဲနယ်မြေ ဖြစ်လာခြင်းတို့သည် စစ်ကောင်စီတပ်သားတို့ စိတ်ဓာတ်ကျစရာ အခြေခံအကြောင်းချက်များ ဖြစ်သည်။

ပေါက်ကြားလာသည့် မိန့်ခွန်းအရ အာဏာသိမ်း စစ်ခေါင်းဆောင်သည် ၎င်း၏ အာဏာတည်မြဲရေးအတွက် ဗိုလ်ချုပ်၊  ဗိုလ်မှုးချုပ် အဆင့်ရှိသည့် အဆင့်မြင့်အရာရှိကြီးများ၏ အသက်၊ အိုးအိမ်၊  စည်းစိမ်ကိုပါ စတေးပြစ်ရန် ကြိုပမ်းနေပြီး တပ်တွင်း အကွဲအပြဲဇာတ်လမ်းမှာ ပိုမိုကြီးထွားလာသည်ဟု CDM လှုပ်ရှားမှုတွင် ပါဝင်ပြီးနောက်  တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်း တိုက်ပွဲဝင်နေသူ ဗိုလ်ကြီး ဇင်ယော်က ယူဆသည်။ 

“မလုပ်နိုင်တော့ဘူးဗျာ။ ကြိုက်သလို အရေးယူတော့ ဆိုတဲ့ဟာမျိုးပေါ့။ ဒါမျိုးတွေ အများကြီးဖြစ်လာလိမ့်မယ်။ ကျွန်တော်နဲ့ ဆက်သွယ်တဲ့ သူတချို့ဆိုရင် ဆက်မလုပ်နိုင်တော့ဘူး။ ထောင်ကျခံလိုက်တော့မယ်ဆိုပြီး ပြောလာကြတယ်” ဟု People Solder’s Defense Force (PSDF) ၏ တိုက်ခိုက်ရေးနှင့် စစ်ဗျူဟာဆိုင်ရာ တွဲဖက်အကြံပေး  ဗိုလ်ကြီးဇင်ယော်က ၎င်းဆက်လက် လေ့လာနေသည့် တပ်တွင်း အခြေအနေကို ရှင်းပြသည်။ 

တပ်ပျက်သည့် အနေအထားထက်ပင် ပိုမိုနေပြီး တပ်တွင်း ပုန်ကန်မှုများ၊  ရှေ့တန်း စစ်မျက်နှာတွင် ဆန္ဒပြသည့် သတင်းများလည်း ကြားသိနေရပြီး  အချင်းချင်း အပြန်အလှန် ပစ်ခတ်မှုများပါဖြစ်လာနိုင်သည်ဟု ၎င်းက သုံးသပ်သည်။   

“ခု အနေအထားက တပ်ပျက်တာထက် ပိုဆိုးတဲ့ အနေအထားကို ရောက်နေပါပြီ။ မင်းအောင်လှိုင်အတွက် ခြေမိကိုင်မိ၊  လက်မကိုင်မိ အနေအထားမျိုးပါပဲ။ ဒါက ဒီတော်လှန်ရေးကာလအတွင်းမှာတင် ဖြစ်ပျက်လာတဲ့ ကျွန်တော်တို့ တွန်းအားတွေရဲ့ အရွေ့ပေါ့” ဟု စစ်သက် နှစ် ၂၀ နီးပါးရှိသည့် ဗိုလ်ကြီးဇင်ယော်က ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button