ချင်း-မကွေးနယ်စပ် ယောဒေသတွင် နယ်မြေစိုးမိုးရေး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ ယနေ့ (စက်တင်ဘာ ၉) နံနက်တွင် ကြားဖြတ်တိုက်ခိုက်ခံရကြောင်း သိရသည်။
ချင်းပြည်နယ် မင်းတပ်နှင့် မကွေးတိုင်း၊ ကျောက်ထုမြို့ နယ်စပ်အနီး လှော်ဝရွာမှ ထွက်လာသည့် အင်အား ၈၀ ပါ စစ်ကောင်စီစစ်ကြောင်းကို မယ်လယ်ကုန်းရွာအနီး ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF (မင်းတပ်) နှင့် ကျောက်ထု PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေချိန် ကျောက်ထုမြို့အမြောက်တပ်မှ လက်နက်ကြီးများ ပစ်ကူခဲ့သည်ဟု CDF (မင်းတပ်) ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွန်က ပြောသည်။
“ ပြင်းပြင်းထန်ထန်စစ်ဆင်ရေးပုံစံဆွဲထားပေမဲ့ ကျောက်ထုအမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ကူပေးတော့ ထင်သလောက်တိုက်ပွဲကို အကြာကြီးမတိုက်နိုင်ခဲ့ဘူး။ ရုတ်တရက်တိုက်တယ်။ လက်နက်ကြီးတွေနဲ့ကျလာတော့ ပြန်ဆုတ်လိုက်ရတယ်” ဟု သူက ပြောသည်။
ထိတွေ့မှုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိ ကြောင်း ရှေ့တန်းမှ လာသည့် သတင်းကို ကိုးကား၍ ၎င်းက ဆိုသည်။
စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းသည် မယ်လယ်ကုန်းရွာတွင် နေရာယူထားဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။
“မယ်လယ်ကုန်းဆိုတာက လမ်းဆုံပုံစံ ဖြစ်တယ်။ ချင်းပြည်နယ်ဘက်ကို တက်လာနိုင်သလို ယောဘက်ကိုလည်း ဆင်းသွားနိုင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က စောင့်ကြည့်နေတဲ့ အနေအထားပေါ့။ ချင်းပြည်နယ်ဘက်ကို တက်လာရင်တော့ နောက်ထပ်တိုက်ပွဲတွေ ရှိလာနိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်မှု အစောဆုံးစတင်ခဲ့သည့် မင်းတပ်မြို့နယ်တွင် ပြီးခဲ့သည့် နှစ် မတ်လကုန်ပိုင်းက တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာခဲ့သည်။
ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ မင်းတပ်မြို့နယ် အနီးအနားကျေးရွာများကို စစ်တပ် စစ်ကြောင်းထိုးမှုများ သိသိသာသာ လျော့ကျသွားသော်လည်း မြို့နှင့် အနီးအနားကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ ရှိနေသည်။
ခြေလျင်တပ်ရင်း ခလရ (၂၇၄) အခြေစိုက်ရာ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြန့်ကျက်နေရာယူထားသည်ဟု ဒေသခံများက ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးတစ်နှစ်ကျော်ကြာသည်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နယ်မြေစိုးမိုးနိုင်ခြင်း မရှိသေးဘဲ လူများစု ဗမာတိုင်းရင်းသားများနေထိုင်ရာ မကွေး၊ စစ်ကိုင်းတိုင်းတို့အပြင် ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်နှင့် ရှမ်းပြည်နယ်တို့တွင် လက်နက်ကိုင်ခုခံမှုများ ရင်ဆိုင်နေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)