
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်သို့ စစ်ကူနှင့် ရိက္ခာပို့ရန် သွားရောက်နေသည့် စစ်တပ်ကို ယခုလ ၂၄ ရက်တွင် ချင်းဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိသည်ဟု သိရသည်။
ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ သွားမည့် တပ်မ (၈၈) လက်အောက်ခံ ခြေလျင်တပ်ရင်း (၃၀၄) အပါအဝင် အင်အားရာဂဏန်းရှိ စစ်ကောင်စီစစ်ကြောင်းကို မောချောင်းရွာနှင့် လှိုင်ဒုတ်ရွာအကြား၌ ချင်းအမျိုးသားတပ်မတော် (CAN)၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) နှင့် မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ တပ်ရင်း (၆) တို့က ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်က ကားတန်းဖြင့် ချီတက်လာခြင်းဖြစ်ကာ မောချောင်းရွာနှင့် လှိုင်ဒုတ်ရွာအကြား၌ တစ်ကြိမ်၊ လှိုင်ဒုတ်ရွာအကျော်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်သည်ဟု CDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သူတို့ဘက်က ထိခိုက်မှု တော်တော်များတယ်၊ ပြီးတော့ သူတို့ကလည်း တော်တော်လေးကို တိတိကျကျနဲ့ ရှေ့တန်းမှာ သုံးလို့ရတဲ့ လက်နက်ကြီးလက်နက်ငယ်အစုံနဲ့ကို ပြန်တိုက်ခိုက်ကြတယ်”
မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၁၀ ဦး သေဆုံးပြီး ချင်းဒေသတော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ၄ ဦး ထိခိုက်သည်ဟု သိရသည်။
ထိုနေ့ ညနေပိုင်း ၅ နာရီခန့်တွင် နောက်တစ်ကြိမ် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ခြေလျင်တပ်ရင်း ၃၀၁ နှင့် ၃၁၇ တို့ ပါဝင်ပြီး တော်လှန်ရေးအင်အားစုများဘက်မှ CNA၊ CDF-ကန်ပက်လက်နှင့် မင်းဘူးခရိုင် PDF တပ်ရင်း (၃) တို့ ပါဝင်သည်ဟု ဆိုသည်။
ထိုနေ့ကတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်း သေဆုံးပြီး ၎င်းတို့မဟာမိတ်တပ်များဘက်မှ စစ်သည်တချို့ မစိုးရိမ်ရဒဏ်ရာရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (ဇူလိုင် ၂၆) တွင် သတင်းထုတ်ပြန်သည်။
လမ်းခရီး၌ ကြားဖြတ်တိုက်ခိုက်ခံရသော်လည်း စစ်တပ်ယာဉ်တန်း ကျင်ဒွေးမြို့သို့ ရောက်ရှိရန် ၁၀ မိုင်ခန့်သာ လိုတော့သည်ဟုလည်း CDF-ကန်ပက်လက်ထံမှ သိရသည်။
စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်စဉ် ဒါဇင်နှင့်ချီသော စစ်သားများ သေဆုံးနိုင်သော်လည်း စစ်ကားများကို မဖျက်ဆီးနိုင်ခဲ့ဟု CDF-ကန်ပက်လက်မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
“အဓိကက ရင်ဆိုင်ထိတွေ့တိုက်ပွဲက များတယ်။ ပြီးတော့ ထောင်မိုင်းတွေက တော်တော်လေး ထိရောက်တယ်လို့ ပြောလို့ရတယ်။ မျက်မြင်မတွေ့ရတဲ့အတွက်ကြောင့်သာ ဘယ်လောက်ထိခိုက်ကျဆုံးမယ်ဆိုတာကို အတိအကျမပြောနိုင်တာ” ဟု ၎င်းက ဆိုသည်။
ချင်းပြည်နယ်တောင်ပိုင်း၌ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သည့်နည်းတူ စစ်ကောင်စီကလည်း သတင်းအမှောင်ချထားသည်။
ချင်းပြည်နယ်တောင်ပိုင်းနှင့် နယ်မြေချင်း ထိစပ်နေသော မကွေးတိုင်း လောင်းရှည်မြို့မှ ယခုလ ၁၄ ရက်တွင် စတင်ထွက်ခွာလာသည့် စစ်တပ်ယာဉ်တန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်။ လမ်းတစ်လျှောက်ရှိ မဆာတွီ၊ ဆွဲလွဲကျင်း၊ မောချောင်း၊ လှိုင်ဒုတ်ရွာဟောင်း၊ လှိုင်ဒုတ်ရွာသစ်၊ ရင်းကဲ စသည့် ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။
ယခုလ ၁၆ ရက်က ရင်းကဲရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးခဲ့သည်။ စစ်ကောင်စီတပ်က ရင်းကဲရွာရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။
နောက်နှစ်ရက်အကြာ ဇူလိုင် ၁၈ တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မဆာတွီးကျေးရွာမှ ဘုရားကျောင်းတစ်ကျောင်းနှင့် လူနေအိမ် ၇ လုံး ပျက်စီးခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ခုခံတော်လှန်မှု အားကောင်းသည့် ဒေသများတွင် ချင်းပြည်နယ်လည်း ပါဝင်ပြီး ထိုဒေသ အပါအဝင် စစ်ကိုင်းနှင့် ကရင်နီဒေသတို့ကို ထိုးစစ်အရှိန်မြှင့်ရန် အာဏာသိမ်းခေါင်းဆောင်က ယခုလဆန်းပိုင်းတွင် အမိန့်ပေးထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)