ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်၊ မဆာတွီရွာကို ယနေ့ (ဇူလိုင် ၁၈) နံနက်က လေယာဉ် ၄ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းအပါအဝင် အဆောက်အအုံတချို့ ပျက်စီးခဲ့ကြောင်း ချင်းဒေသကာကွယ်ရေး အဖွဲ့ (CDF) ထံမှ သိရသည်။
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ စစ်အင်အားဖြည့်ရန် မကွေးတိုင်း၊ ဆောမြို့နယ်မှ တက်လာသည့် အင်အား ၃၀၀ ဝန်းကျင် စစ်ကောင်စီတပ်နှင့် CDF (ကန်ပက်လက်) အဖွဲ့တို့ ယနေ့ နံနက် ၇ နာရီခန့်က တိုက်ပွဲဖြစ်ပြီးနောက် နံနက် ၁၁ နာရီခန့်တွင် ထိုနေရာအနီးဝန်းကျင်ကို လေကြောင်းမှ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။
“ကုန်းကြောင်းကတော့ မနက်ပိုင်းမှာ ထိတွေ့မှု ၂ ခါရှိတယ်။ နောက်ပိုင်းမှာတော့ လေကြောင်းနဲ့ တောက်လျှောက် ၄ စီးနဲ့ ဝိုင်းပြီး အလုံး ၂၀ ထက်မနည်းတာနဲ့ တိုက်ခိုက်ခဲ့တယ်။…ပထမတစ်ခေါက်က သုံးစီးနဲ့ ဝိုင်းပြီး ပစ်တယ်။ ဒုတိယတစ်ခေါက်က တစ်စီးနဲ့ ပစ်တယ်။ ဂျက်ဖိုက်တာပါ” ဟု CDF (ကန်ပက်လက်) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုအခြေအနေကို ယနေ့ မွန်းလွဲအထိ အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၄ က ဆောမြို့နယ်၊ လောင်းရှည်မြို့မှ အင်အား ၃၀၀ ဝန်းကျင်ပါသော ယာဉ်အစီး ၂၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် ကန်ပက်လက်သို့ ဦးတည်တက်လာရာ လမ်းတစ်လျှောက် ချင်း-မကွေးအခြေစိုက် ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်။
နောက်တစ်နေ့တွင် ရင်းကဲရွာအနီး တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ကလေး ၁ ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးပြီး ရွာလုံးကျွတ် မီးလောင်ခဲ့သည်။
ထိုစစ်ကြောင်း တက်လာသောကြောင့် လောင်းရှည်-ကျင်ဒွေးလမ်းမကို ဇူလိုင် ၉ မှ စတင်၍ အများပြည်သူ ဖြတ်သန်းသွားလာခြင်းမပြုရန် CDF (ကန်ပက်လက်) က စာထုတ်ထားသည်။
ထိုလမ်းတစ်လျှောက်ကျေးရွာများဖြစ်သည့် မဆာတွီ၊ မောချောင်း၊ လှိုင်ဒုတ်ရွာဟောင်း၊ လှိုင်ဒုတ်ရွာသစ်တို့မှ ဒေသခံ ရာချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။
ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်စပ်နေသည့် ကျင်ဒွေးမြို့တွင် အာဏာမသိမ်းမီက စစ်ကောင်စီတပ် အင်အား ဆယ်ဂဏန်းသာ ရှိသော်လည်း စစ်အာဏာသိမ်းပြီးနောက် စစ်သား၊ ရဲနှင့် ပြည်သူ့စစ် (ပျူစောထီး) အပါအဝင် အင်အား ၁၂၀ နီးပါး ရှိလာသည်။
အလားတူ ဇူလိုင် ၁၅ က ဆောမြို့နယ်၊ ကျောက်ထုမြို့မှ ထွက်လာသည့် အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီ အခြားစစ်ကြောင်းတစ်ခုကလည်း အနီးဆုံး ကန်ပက်လက်မြို့သို့ ဦးတည်လာနိုင်ကြောင်း CDF ဘက်က ယူဆသည်။
မကွေးတိုင်း ယောဒေသသည် ချင်းပြည်နယ်နှင့် နယ်မြေထိစပ်နေသောကြောင့် စစ်ကောင်စီတပ်များ အခြေစိုက်ရာ မကွေး၊ ပခုက္ကူတို့မှ စစ်ကြောင်းများသည် ထိုလမ်းကို အသုံးပြုကာ လက်နက်ကိုင်ခုခံမှု အားကောင်းသော ချင်းပြည်နယ်ကို စစ်ကြောင်းထိုးလေ့ရှိသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးကလည်း ဆောမြို့ပေါ်ရှိ စစ်ကောင်စီတပ်အခြေအနေကို ယခုလို ပြောသည်။
“ကျောက်ထုက ထွက်လာတဲ့ စစ်ကြောင်းက မနေ့ညက ဆောမြို့ကို ရောက်တယ်။ ရှေ့ပွိုင့်တစ်ဖွဲ့က ညတွင်းချင်းပဲ ၁၀ နာရီကျော်လောက်မှာ ကန်ပက်လက်ဘက် တက်တယ်။ အင်အားတော့ မသိရသေးဘူး။ ကျန်တဲ့ အဖွဲ့တွေက ဒီနေ့မနက် ဆောမြို့ပေါ်မှာ သစ်ပင်လှဲတာတွေ လုပ်နေတယ် ပစ်ကွင်းရှင်းအောင်လို့။ မြို့ထဲမှာပဲ လှုပ်ရှားနေတယ်။ လောလောဆယ်တော့ ဘယ်မှ မရွေ့သေးဘူး”
ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်ကလည်း အင်အား ၁၀၀ ဝန်းကျင် လိုက်ပါလာသော ၉ စီးပါ စစ်ယာဉ်တန်းကို ယောအခြေစိုက် ကာကွယ်ရေးအဖွဲ့များနှင့် CDF (မင်းတပ်) တို့က ဆောမြို့နယ်၊ ကျောက်ထုမြို့အနီး နှောရွာနှင့် ကြီးရွာအကြား တိုက်ခိုက်ခဲ့ရာ လေယာဉ် ၂ စီးက ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ခုခံမှုအားကောင်းရာ ဒေသများဖြစ်သည့် စစ်ကိုင်း၊ ချင်း၊ ကရင်နီ (ကယား) တို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်အရှိန်မြှင့်ရန် ဇူလိုင် ၁၃ တွင် အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်ဘက်နှင့် အရပ်ဘက်ခေါင်းဆောင်များကို အမိန့်ပေးခဲ့သည်။
လက်ရှိတွင် ချင်းပြည်နယ်တောင်ပိုင်း၊ ကရင်နီ၊ ကရင်၊ စစ်ကိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)