သတင်း

ချင်းနှင့် ယောနယ်စပ်တွင် လေတပ်က ဆယ်ကြိမ်ထက်မနည်း ဗုံးကြဲ

ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တွင် ယနေ့ (ဇွန် ၂၆) နံနက်ပိုင်းမှ စတင်ကာ တိုက်ပွဲ အပြင်းအထန်ဖြစ်နေပြီး စစ်ကောင်စီက လေတပ်စေလွှတ်ပြီး တိုက်ခိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ် (CDF) ထံမှ သိရသည်။

တိုက်ပွဲနေရာမှာ ဆောမြို့နယ်၊ ကျောက်ထုမြို့အနီး နှောရွာနှင့် ကြီးရွာအကြား ဖြစ်ကြောင်း CDF မင်းတပ်၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဟာအွမ်က ပြောသည်။ 

“ယောနယ်နဲ့ ချင်းပြည်နယ်အစပ်နားမှာ တိုက်ပွဲဖြစ်တယ်။ ပြင်းထန်မှု ရှိနေတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေတယ်” ဟု သူက Myanmar Now ကို ပြောသည်။

ရိက္ခာနှင့် စစ်သည်ပို့ စစ်ကောင်စီယာဉ်တန်း မကွေးတိုင်း ပခုက္ကူမြို့နယ်မှ တက်လာစဉ် ချင်းနှင့် မကွေး (ယော) တော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲ စတင်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယာဉ်တန်းတွင် ယာဉ် ၉ စီးနှင့် အင်အား ၁၀၀ ဝန်းကျင်ခန့် လိုက်ပါလာကြောင်း ၎င်းတို့ထံမှ သိရသည်။

စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် နံနက် ၉ နာရီခွဲခန့်တွင် စစ်လေယာဉ် ၂ စီးက ၁၂ ကြိမ်ခန့် ဗုံးကြဲခဲ့ကြောင်း တိုက်ခိုက်ရာမှာ ပါဝင်နေသည့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ထိုစစ်ယာဉ်တန်းသည် ယောဒေသ ထီးလင်းမြို့နယ်နှင့် ကျောက်ထုမြို့အကြား ရောက်ရှိနေသည်မှာ ၃ ရက်ခန့် ရှိပြီး ယနေ့နံနက်မှစ၍ တိုက်ပွဲဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“(ယာဉ်တန်းရပ်ရာနေရာ) အဲ့ဒီနား ပတ်ဝန်းကျင်တွေကို စကစဘက်က အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်နေတာရှိတယ်။ စစ်တပ်နယ်မြေရှင်းလင်းရေးလုပ်တဲ့ ပွိုင့်တွေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒီနေ့မှာ ထိတွေ့မှုဖြစ်တာ” ဟု အထက်ပါ ဒေသခံက ပြောသည်။

မင်းတပ်မြို့နယ်၊ ထင်ချောင်းရွာအနီး သွားလာနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယခုနှစ် မတ်လအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ – Hkl Mindat)

အချိန်မရွေး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု ယနေ့ မွန်းလွဲပိုင်းတွင် သတင်းရင်းမြစ်များက ပြောသည်။

ထိခိုက် သေဆုံးမှုနှင့် တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို မသိရသေးပေ။

မကွေးတိုင်းမှ ချင်းပြည်နယ်သို့ စစ်ယာဉ်တန်းတက်သည့် လမ်းတစ်လျှောက် ဒေသခံကာကွယ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဂန့်ဂေါခရိုင်တပ်ဖွဲ့များ လှုပ်ရှားနေသည်။

စစ်ကောင်စီကို ရရာလက်နက်ဖြင့် စတင်တော်လှန်ခဲ့သည့် ဒေသများတွင် ချင်းပြည်နယ်တောင်ပိုင်းမှ မင်းတပ်မြို့နယ်နှင့် မကွေးတိုင်း ယောဒေသလည်း ပါဝင်သည်။

စစ်ကောင်စီက ထိုလမ်းကြောင်းကို အသုံးပြုကာ ချင်းပြည်နယ်သို့ စစ်ယာဉ်တန်း တက်တိုင်း ဒေသတွင်း ကာကွယ်ရေးတပ်များက ကြားဖြတ် တိုက်ခိုက်တတ်သည်။

မြေပြင်တပ်များ အထိနာလျှင် စစ်တပ်က လေကြောင်းပစ်ကူပေးနိုင်သည့် အားသာချက်ရှိသည်။

လေကြောင်းတိုက်ခိုက်မှုပြမြေပုံ။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button