မကွေးတိုင်း၊ ဆောမြို့နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တို့၌ တပ်နေရာအပြောင်းအလဲလုပ်သည့် စစ်ကောင်စီစစ်ကြောင်းကို ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က ဇူလိုင် ၁၉ မှ စတင်ပြီး အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဆောမြို့နယ်၊ ကျောက်ထုမြို့မှ တက်လာသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို သွားကြိုရန်အတွက် ကန်ပက်လက်မှ ထွက်ခွာလာသော အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင် ၁၉ ရက် ညနေ ၆ နာရီခန့်က အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း CDF (ကန်ပက်လက်) အဖွဲ့က ဆိုသည်။
ကန်ပက်လက်မြို့အထွက်တွင် ဖြစ်ပွားသည့် ပြင်းထန်သည့်တိုက်ပွဲကြောင့် စစ်ကောင်စီတပ်သည် ၎င်းတို့ဦးတည်ရာနေရာဆီ ရှေ့မဆက်နိုင်ဘဲ မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်ဟု CDF (ကန်ပက်လက်) အဖွဲ့မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၅ ဦး သေဆုံးပြီး CDF အဖွဲ့ဝင် ၄ ဦး ဒဏ်ရာရခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“သေတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့ဟာတွေကို ထမ်းပြီးမှ သူတို့ မြို့ထဲကို ပြန်ဝင်သွားတယ်၊ အဲဒီနေ့ ပြန်ဝင်သွားပြီးနောက် ၂၁ ရက်နေ့ကျတော့ ထပ်ပြီးတော့မှ (မြိုခံတပ်) အင်အား ၁၅၀ ဝန်းကျင်လောက်နဲ့ အကြိုထွက်လာပြန်တယ်၊ အဲဒီမှာလည်း ထပ်ဖြစ်တယ်” ဟု သူက ဆိုသည်။
ကျောက်ထုနှင့် ကန်ပက်လက်မှ စစ်ကောင်စီစစ်ကြောင်းနှစ်ခု ကန်ပက်လက်မြို့ပြင်တွင် ပေါင်းမိသည့် ဇူလိုင် ၂၁ ရက်တွင်လည်း ပြင်းထန်သည့်တိုက်ပွဲနှစ်ကြိမ် ဆက်လက်ဖြစ်ပွားခဲ့ကြောင်း CDF (ကန်ပက်လက်) တာဝန်ရှိသူက ပြောသည်။ ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးသည်ဟုလည်း ၎င်းက ဆိုသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်ပစ်ဗုံးနှင့် မိုင်းတချို့ကို သိမ်းဆည်းရမိခဲ့ပြီး ကျည်ဆန်မလုံလောက်မှုကြောင့် တိုက်ပွဲအရှိန်သတ်ခဲ့ရသည်ဟု CDF ဘက်က ဆိုသည်။
တပ်နေရာ အစားထိုးလဲလှယ်ရန် ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းတွင် ရဲတပ်ရင်းမှ အင်အားအများစုဖြစ်ပြီး စစ်သားအနည်းစုသာ မြင်တွေ့ခဲ့ရသည်ဟုလည်း CDF-ကန်ပက်လက်အဖွဲ့က ပြောသည်။
အင်အား ၃၀၀ ခန့်ရှိသွားသည့် တပ်ချိန်းရန် ရောက်လာသော စစ်ကြောင်းနှင့် မြို့ခံစစ်တပ်တို့သည် ကန်ပက်လက်မြို့တွင်းမှ ထွေအုပ်၊ ရဲစခန်း၊ စာသင်ကျောင်း၊ ပညာရေးမှူးရုံးတို့တွင် စခန်းချနေကြသည်ဟု CDF-ကန်ပက်လက်အဖွဲ့က ပြောသည်။
ကန်ပက်လက်မြို့ထဲရောက် စစ်ကောင်စီတပ်များကိုလည်း ဇူလိုင် ၂၂ တွင် ချင်းကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၂ ဦး သေပြီး ၂ ဦး ဒဏ်ရာရခဲ့သည်ဟု CDF ဘက်မှ သိရသည်။ ယင်းစစ်ဆင်ရေးကို ကန်ပက်လက်၊ မင်းတပ် အခြေစိုက် CDF အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ဇူလိုင် ၂၃ တွင်လည်း ကန်ပက်လက်မြို့မှ တပ်ချိန်းကာ ဆောမြို့ဘက်သို့ ပြန်ထွက်ခွာလာသည့် အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ကန်ပက်လက်မြို့နယ်၊ ပါကွန်းကျေးရွာအောက်ဘက် ကတင်းချောင်းအနီး ထမင်းစားနားနေစဉ် CDF အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်ဟု သိရသည်။
တိုက်ပွဲအတွင်း အထိနာသွားသည့် စစ်ကောင်စီတပ်မှာ မိုင်အနည်းငယ်သာ ဝေးသည့် ဆောမြို့သို့ မသွားရောက်နိုင်ဘဲ သေဆုံး၊ ဒဏ်ရာရစစ်သားများကို ရဟတ်ယာဉ်ဖြင့် သယ်ယူနိုင်ရန် ကြိုးစားနေသည်ဟု CDF (ကန်ပက်လက်) တာဝန်ခံက ပြောသည်။
“အဲဒီစစ်ကြောင်းက ဒဏ်ရာရတဲ့ စစ်သားတွေများလို့ အရင်က တိုက်ပွဲဖြစ်ခဲ့ဖူးတဲ့ ကမ်းလောင်းအောက်က လေယာဉ်ကွင်းနားဝန်းကျင်မှာ စခန်းချပြီးတော့ နေနေတယ်လို့ သိရတယ်၊ ဒဏ်ရာရစစ်သားတွေကို ဟတ်စကီးနဲ့ ပြန်လာသယ်ဖို့ အဲဒီနေရာမှာ ပြင်ဆင်နေတယ်လို့ သိရတယ်၊ အခုထိတော့ ရဟတ်ယာဉ်က မလာသေးဘူး” ဟု ၎င်းက ပြောသည်။
ထိုနေ့တွင် ပါကွန်းကျေးရွာအနီးရှိ ယာတောထဲတွင် စစ်ကောင်စီတပ်မှ ထောင်ထားသည့် မိုင်း နင်းမိသောကြောင့် ကန်ပက်လက်မြို့ပေါ်မှ စစ်ရှောင်နေရသည့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
တိုက်ပွဲဖြစ်ပွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မိုးတွင်းကာလဖြစ်သည့်အတွက် စစ်ရှောင်များအတွက် အကူအညီများလိုအပ်နေသည်ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။
“တော်တော်များများက မိုးကာစတွေနဲ့ပဲ နေနေရတာ၊ အစားအသောက်ဆိုလည်း ဖြစ်သလိုပဲ။ မိုးတွင်းဆိုတော့ ဖျားတာနာတာတွေလည်း ရှိနေကြတယ်။ အကူအညီကတော့ အမြဲလိုနေတာပဲ” ဟု ၎င်းက ဆိုသည်။
ကန်ပက်လက်တိုက်ပွဲများကြောင့် မြို့ပေါ်နှင့် ရွာများမှ စစ်ရှောင်များမှာ နီးစပ်ရာရွာများနှင့် တောင်ယာတဲများတွင် ကြုံသလိုနေထိုင်နေရပြီး စစ်ကောင်စီစစ်ကြောင်းများကြောင့် မကြာခဏ တိမ်းရှောင်နေရသည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၄ က ဆောမြို့နယ်၊ လောင်းရှည်မြို့မှ အင်အား ၃၀၀ ဝန်းကျင်ပါသော ယာဉ်အစီး ၂၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ တက်လာရာ လမ်းတစ်လျှောက် ချင်း-မကွေး အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်။
အလားတူ ဇူလိုင် ၁၈ က ကန်ပက်လက်မြို့နယ်၊ မဆာတွီရွာအနီး တိုက်ပွဲဖြစ်ပြီး နာရီပိုင်းအတွင်း လေယာဉ် ၄ စီးဖြင့် လေကြောင်းက ဗုံးကြဲခဲ့ပြီး ဘုရားကျောင်းအပါအဝင် အဆောက်အအုံတချို့ ပျက်စီးခဲ့သည်။
အဆိုပါ စစ်ကြောင်းမှာ မောချောင်းနှင့် လှိုင်ဒုတ်ကျေးရွာအနီးသို့ ရောက်ရှိနေပြီး ယနေ့ နံနက်ကလည်း တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်သည်ဟု သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာသည့် ဒေသများတွင် ချင်းပြည်နယ်သည် ထိပ်တန်းမှ ပါဝင်နေပြီး စစ်ခေါင်းဆောင်ကလည်း ချင်း၊ စစ်ကိုင်းနှင့် ကရင်နီပြည်နယ်တို့ကို ထိုးစစ်အရှိန်မြှင့်ရန် အမိန့်ပေးထားသည်။
စစ်ကောင်စီတပ်သည် ချင်းပြည်နယ်ကို ထိုးစစ်ဆင်ရာတွင် မကွေးတိုင်း ယောဒေသမြို့နယ်များကို ဖြတ်သန်းသွားရသည်ဖြစ်ရာ ဆောမြို့နယ်၊ လောင်းရှည်မြို့၊ ကျောက်ထုမြို့၊ ထီးလင်း၊ ဂန့်ဂေါစသည့် မြို့နယ်များမှ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် CDF တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



