
ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရပြီး ၃ ဦး အဖမ်းခံရသည်ဟု ဒေသအခြေစိုက်အဖွဲ့များထံမှ သိရသည်။
ယမန်နေ့ (ဩဂုတ် ၁၅) ည ၇ နာရီခန့်တွင် ရဲများက ညောင်ရွှေမြို့၊ မြို့မရန်ကုန်ဘုန်းကြီးကျောင်းကို ရှောင်တခင် ဧည့်စာရင်းဝင်စစ်ရာ တည်းခိုနေသည့် ရွာငံမြို့ပြပြောက်ကျားခေါင်းဆောင် ကိုကျော်ခန့်၊ တောင်ကြီး PDF ခေါင်းဆောင် ကိုမြတ်မင်းတို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“ကျန်းမာရေးအတွက် ဆေးကုသဖို့ ရောက်လာတာပါ။ တစ်ယောက်(ကိုကျော်ခန့်) က ဆေးကုသဖို့ ရောက်နေလို့ နောက်တစ်ယောက်က လာတွေ့တာပါ။ (ဖုန်းတွေ) စစ်တော့ ထွက်ပြေးရာက မိတာပါ” ဟု ၎င်းက ဆက်ပြောသည်။
၂၄ နှစ်အရွယ် ကိုကျော်ခန့်နှင့် ၂၆ နှစ်အရွယ် ကိုမြတ်မင်းတို့ကို စစ်တပ်က ညတွင်းချင်းပင် တောင်ကြီးစစ်ကြောရေးသို့ ပို့ဆောင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ရွာငံပြည်သူ့ကာကွယ်ရေးတပ် (YPDF) တာဝန်ရှိသူကလည်း ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး အတည်ပြုသည်။
ရွာငံမြို့ပြပြောက်ကျား (YUG) ခေါင်းဆောင်နှင့် တောင်ကြီးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ခေါင်းဆောင်တို့ကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် သတင်းချန်နယ်များတွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်း၌ လူငယ်များ မကြာခဏ ဖမ်းဆီးခံနေရကြောင်း၊ စစ်တပ်၏ ခြိမ်းခြောက်မှုကြောင့် မိသားစုဝင်များက ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး လျှို့ဝှက်ထားလေ့ရှိကြောင်း ရှမ်းပြည်နယ်သတင်းများ ဖော်ပြနေသည့် Taunggyi Nway Oo Channel တာဝန်ရှိသူက ပြောသည်။
“ဘယ်သူမှန်း အပေါ်မခံတာ။ သတင်းလေးတင်လိုက်ရင် နာမည်မပါတာတောင် ပြန်ဖျက်ခိုင်းတယ်၊ ညှိနှိုင်းမရမှာ စိုးလို့တဲ့” ဟု ၎င်းက ဆက်ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ကျောထောက်နောက်ခံ နည်းသည့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် တော်လှန်ရေးတပ်များနှင့် ပြောက်ကျားအဖွဲ့များမှာ အင်အား အဆမတန် သာလွန်သည့် စစ်ကောင်စီတပ်ကို ရင်ဆိုင်နေရသည်။
ဩဂုတ် ၁၀ တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ခေါ် ပျူစောထီးများက ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်နှင့် မန္တလေးတိုင်း သာစည်မြို့နယ်ကြားရှိ PDF စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခဲ့ကာ အနီးရှိ ကျောက်ပချုပ်ကျေးရွာမှ နေအိမ် ၆ လုံးကို မီးရှို့ခဲ့၍ ဒေသခံများ ထွက်ပြေးနေရသည်။
ရွာငံရောက် ကျောက်ဆည်ခရိုင် PDF အဖွဲ့ စစ်ကြောင်းနှင့်တိုး
ဩဂုတ် ၁၃ ရက်က တော်လှန်ရေးသမားတချို့ ခရီးသွားစဉ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ တဲလုကျေးရွာအနီး စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်ဟု ၎င်းတို့၏ မိတ်ဆွေဖြစ်သူ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TGR) တပ်ဖွဲ့ဝင် ဗိုလ် PK က Myanmar Now ကို ပြောသည်။
ကျောက်ဆည်ခရိုင် PDF ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုလင်း၊ ၃၃ နှစ်အရွယ် ကိုချစ်ညီအောင်နှင့် နောက်တစ်ဦးတို့ လမ်းခရီးတွင် ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း၊ အခြား PDF အဖွဲ့ဝင်တစ်ဦးလည်း အဖမ်းခံရကြောင်း သိရသည်။
“သူတို့ လက်နက်ရဖို့အတွက် လမ်းကြောင်းသွားတာပေါ့နော်။ အဲဒီမှာ သူတို့သွားမဲ့ဆီက စစ်ကြောင်း ထိုးမဲ့ဆီ ဖြစ်ပြီး ထိပ်တိုက်တိုးသွားတာပေါ့။ အင်အားမမျှပေမဲ့ သူတို့မှာပါတဲ့ လက်နက်အတိုနဲ့ပဲ သူတို့ ခုခံခဲ့တယ်” ဟု ဗိုလ် PK က ပြောသည်။
ကိုလင်း၏မိသားစုနီးစပ်သူတစ်ဦးကလည်း မိသားစုက ယမန်နေ့ညနေမှသာ သိရှိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
“၁၃ ရက်နေ့ကစ သူ့မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားတာ။ အရေးကြီးကိစ္စရှိလို့ သွားမယ်လို့ပဲ ပြောသွားတယ် ပြောတယ်။ အဲဒီနောက် သူ့ရဲ့ဖုန်းက စက်ပိတ်သွားတယ်။ သူ ကျဆုံးသတင်းကိုလည်း မိသားစုက မနေ့ညနေပိုင်းမှ သိရတာ၊ ဓာတ်ပုံတွေ လူမှုကွန်ရက်တက်လာမှ သိရတာ။ အစက မယုံနိုင်ဘူး။ ပုံကို မြင်မှယုံတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်သားများက သတ်ဖြတ်ပြီးနောက် ရုပ်အလောင်းများကို နေရာတွင်ပင် ပစ်ထားခဲ့ရာ အနီးရှိ ရွာသားများက ရွာသုသာန်တွင် သင်္ဂြိုဟ်ပေးခဲ့ရကြောင်း မိသားစုနီးစပ်သူက ဆက်ပြောသည်။
“မိသားစုက အလောင်းပြန်မရပါဘူး။ အလောင်းတွေက ရွာကပဲ သင်္ဂြိုဟ်ပေးလိုက်ကြတယ်” ဟု ဆိုသည်။
ကျောက်ဆည်ခရိုင် PDF ခေါင်းဆောင် ကိုလင်းနှင့် ရဲဘော်များအတွက် ကိုလင်း၏မိသားစုက ယနေ့ သက်ပျောက်ဆွမ်း ကပ်ခဲ့ကြောင်း၊ လာမည့် ဩဂုတ် ၁၉ တွင် ရက်လည်ဆွမ်းသွတ်မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“သေတာတောင် မိသားစုမှာ သက်ပျောက်ဆွမ်းကိုတောင် တိတ်တိတ်ပုန်း သွားကပ်ရတယ်။ အခုလို အဖြစ်ဆိုးတွေ ကြားရကြုံရတာ ဒုက္ခကြီးလိုက်တာ” ဟု မိသားစုနီးစပ်သူက ဆိုသည်။
ကုန်စိမ်းရောင်းသူမှ PDF ခေါင်းဆောင်ဖြစ်လာ
လူမှုကွန်ရက်တွင် တက်လာသည့် ပစ်ခတ်ခံရသည့်ဓာတ်ပုံကို တွေ့ပြီး ကိုလင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TGR) မှ ဗိုလ် PR က ပြောသည်။
“ကျွန်တော် အဲဒီတပ်ဖွဲ့မှာ နေခဲ့တုန်းက သူက ကျွန်တော့်ရဲ့ဆရာပေါ့။ သူ တော်လှန်ရေးမှာ အများကြီး လုပ်နိုင်ခဲ့တယ်။ ကျောက်ဆည်၊ မြစ်ငယ်၊ မန္တလေးစတဲ့မြို့တွေမှာ သူတို့အဖွဲ့လုပ်ခဲ့တာတွေ အများကြီး” ဟု ဆိုသည်။
အသက် ၄၀ အရွယ် စဉ့်ကိုင်ဒေသခံ ကိုလင်းသည် အာဏာမသိမ်းမီက ကုန်စိမ်းရောင်းသည့်အလုပ် လုပ်ကိုင်ပြီး သားသမီး ၆ ဦးရှိကြောင်း၊ အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများတွင် အမြဲပါဝင်ခဲ့ပြီး တက်ကြွသူဖြစ်ကြောင်း သိရသည်။
၎င်း၏ အသက် ၂၂ နှစ်အရွယ် သားဖြစ်သူမှာလည်း စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ရင်း ယမန်နှစ် ဇူလိုင် ၈ တွင် ဖမ်းဆီးခံရပြီး မန္တလေးအိုးဘိုထောင်၌ ချုပ်နှောင်ခံထားရသည်ဟု ဆိုသည်။
“သူ့သားကို အမှု ၆ မှု စွဲထားတယ်။ ၃ မှုအတွက် ထောင် ၉ နှစ် ချထားတယ်။ လက်နက်အမှုတို့ ဒလန်ရှင်းတဲ့အမှုတို့နဲ့”
“ကျွန်တော့်ကို ဆက်သွယ်ရင် အမြဲပြောတယ်။ တော်လှန်ရေးက မကြာတော့ဘူး မသေစေနဲ့တဲ့။ ခုတော့ သူက သေသွားပြီ” ဟု ဗိုလ် PK က ဆိုသည်။
“သူ့ရဲ့ပုံစံက အမြဲခပ်ပြုံးပြုံး။ မစ်ရှင်သွားတာကလွဲရင် အမြဲပုဆိုးကြီးနဲ့ပဲ နေတယ်။ အရမ်းရိုးသားတာ၊ အသောက်အစားလည်း ကင်းတယ်။ တပည့်တပန်းတွေကို လေ့ကျင့်ပေးရတဲ့အခါတွေဆို သူ့မျက်နှာက ခက်ထန်တယ်။ ကျန်တဲ့အချိန်ဆို သူ အမြဲပြုံးပြုံးပဲ နေတယ်။ တော်လှန်ရေးပြီးရင် သူ လုပ်နေတဲ့ အရင် ဈေးရောင်းတဲ့အလုပ်လေး ပြန်လုပ်မယ်ပဲ သူ ပြောတယ်”
ယခုလပိုင်းများအတွင်း မန္တလေးတွင် လက်နက်ကိုင်တော်လှန်ရေးသမား အများအပြား ဖမ်းဆီးခံထားရပြီး တချို့မှာ ဖမ်းဆီးခံရပြီး နာရီပိုင်း၊ ရက်ပိုင်းအတွင်း သေဆုံးသွားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)